Sunday, February 21, 2010

အဝေးရောက်ဝေဒနာ

တစ်ညနေ ရုံးကအပြန် စာတိုက်ပုံးကို သွားစစ်လိုက်တော့ ကျမနာမည်နဲ့ စာတစ်စောင် မြန်မာပြည်က ရောက်နေလေရဲ့။ မေမေ့လက်ရေးနဲ့ စာလေးကို ကြည့်ပြီး အံ့သြ၀မ်းသာ စိတ်နဲ့အတူ ထူးဆန်းသလိုတော့ ဖြစ်သား။ မိသားစုနဲ့ ဖြစ်ဖြစ် မိဘတွေနဲ့ ဖြစ်ဖြစ် အွန်လိုင်းကနေ စကားပြော၊ မပြောရင် ဖုန်းဆက်နေကျဆိုတာ့ စာလာတော့ အံ့သြမိတာအမှန်ပဲ။ အိမ်ပေါ်မတက်နိုင်သေးပဲ သိချင်စိတ်နဲ့ စာလေးကို ဖောက်လိုက်မိတယ်။

စာလေးရဲ့ အစမှာတင် မေမေ့ရဲ့ "သမီး" ဆိုတဲ့ စကားလုံးလေးကို မြင်လိုက်ရတော့ မျက်ရည်က အလိုလို ၀ဲလာမိတယ်။ မေမေ့စာထဲက အဓိက အကြောင်းကတော့ သားလေး အကြောင်းပေါ့။ သားက သူ့အမေဆီကို စာရေးချင်တယ် ဆိုလို့ မေမေက ဒီစာလေးကို ရေးလိုက်ရတာတဲ့လေ..။ မေမေရေးတဲ့ စာလေးကို ဖတ်ရင်း သားလေးကို လွမ်းတဲ့စိတ်က တားမရ စီးမရပေါ့..။ မေမေကတော့ ကျမအတွက် မှာနေကျ စကားလုံးတွေနဲ့ စာဖွဲ့ထားပေးပါတယ်။

မေမေ့ လက်ရေးလေးတွေ အောက်မှာတော့ သားလေးရဲ့ တလုံးချင်းစီ မညီမညာ လက်ရေးလေး..။ "သားသား သတိရတယ် မေမေ" တဲ့... စာလုံးလေးတွေက ကျမရင်ထဲက နှလုံးသားကို စွဲလှုပ်လိုက်ပါပြီ...။ သားလေးက ကျမကို သတိရကြောင်း ဖုန်းပြောတိုင်း ပြောတတ်ပေမယ့် အခုစာထဲက အကြောင်းအရာလေးကိုတော့ သူအခုမှ ပြောတာပါ။ သားလေး ရေးထားတဲ့ အကြောင်းလေးက သူ ကျမကို အရမ်း သတိရတယ်ဆိုတဲ့ အကြောင်းလေးပါ...။ သားလေးက ကျောင်းတက်၊ ကျောင်းဆင်းချိန်ရောက်ရင် အမေကို ပိုပြီး သတိရတယ်တဲ့လေ..။ သူငယ်ချင်းတွေက မိဘတွေ လိုက်ပို့ လိုက်ကြိုတာတွေ မြင်ရရင် မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတယ် မေမေတဲ့။ သားက ဖိုးဖိုးကြီးနဲ့ ကျောင်းသွားရတာကို ပျော်ပါတယ်။ ဒါပေမယ့် မေမေနဲ့ ဖေဖေနဲ့လည်း တခါတလေ ကျောင်းသွားချင်တာပေါ့ ဆိုပြီး ရေးထားတယ်..။ စာလေးရဲ့ အောက်ဆုံးမှာ "မေမေ့ကို ချစ်တဲ့ သားသား" တဲ့...။

သားလေးရဲ့စာကို ဖတ်ပြီး ကျမ မျက်ရည်ကျရပါပြီ..။ သားလေးက အဖေနဲ့ အမေ မေတ္တာကို အချိန်ပိုင်းလေး လောက်ပဲ ရခဲ့တာလေ...။ ကျမနဲ့ သူနဲ့ ကလည်း တနိုင်ငံစီ အလုပ်လုပ်နေကြရတာ ဆိုတော့ သားလေးကို အဖိုး၊ အဖွားတွေနဲ့ပဲ ထားခဲ့ရတာ။ ကျမ တနှစ်တခါတော့ ပြန်ဖြစ်တဲ့ အချိန်လေးမှာ သားလေးနားမှာ အချိန်ပြည့် နေခဲ့ပါတယ်။ သူကတော့ (၂) နှစ် (၃) နှစ်နေမှ တခါသာ ပြန်လာနိုင်တယ်။ သားက အသက်ငယ်သလောက် လူရိပ်လူကဲ အရမ်းကို နားလည်တဲ့ ကလေးပါ။

သားလေးက အခုဆိုရင် (၈) နှစ်ကျော်ပြီဆိုတော့ သိတတ် နားလည်နေပြီလေ..။ အဖိုးနဲ့ အဖွားကိုလည်း သူ့ကို ချစ်အောင် နေတတ်တယ်။ မေမေနဲ့ဖေဖေကလည်း သူတို့မြေးလေးက မြေးဦးဆိုတော့ သားသမီးလို မြေးလို နှစ်မျိုးပေါင်းပြီး ချစ်နေရတာပါ..။ မိဘကို လွမ်းရင် စာရေးပြီး သူ သတိရကြောင်းလေး ပြောတတ်ပေမယ့် အခုလို ကျောင်းသွားရင် မိဘတွေကို သတိရတဲ့ စာမျိုးလေးကတော့ ပထမဆုံး အကြိမ် ကျမဖတ်ရတဲ့ စာလေးပါ...။

စာလေး ဖတ်ပြီးပြီးချင်းပဲ ကျမ သားလေးဆီ ဖုန်းခေါ်ဖြစ်ခဲ့တယ်လေ...။ သားက ဖုန်းထဲမှာတော့ အမေကို ရီပြီး စကားတွေ ပြောနေလိုက်တာ...။ "သားလေးရဲ့စာကို မေမေ ဖတ်ပြီးပြီနော် သားလေး" လို့ ပြောလိုက်တော့ သားက ကျမကို ... "မေမေနဲ့ ဖေဖေ ပြန်လာရင် သားကို တူတူ ကျောင်းလိုက်ပို့ပါနော်" တဲ့လေ...။ "အင်းပါ ... သားရယ် မေမေရော ဖေဖေပါ အတူတူ လိုက်ပို့မှာပေါ့" လို့.. ပြန်ပြောလိုက်ပေမယ့် ပါးပြင်ပေါ်ကို ပူနွေးစွာ စီးကျလာတဲ့ မျက်ရည်တွေကို ကျမ မသုပ်ချင်တော့ဘူး...။ သားလေးနဲ့ ဖုန်းပြောပြီး သူရှိနေတဲ့ နိုင်ငံဆီကို ဒီအကြောင်းလေး ဖုန်းဆက်ပြီး ပြောဖြစ်လိုက်တယ်။ သူလည်း စိတ်မကောင်း ဖြစ်သွားတယ်...။ ကျမနဲ့သူနဲ့ လာမယ့် သင်္ကြန်ကာလလေးကို ခွင့်နဲ့ပြန်လို့ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်မိတယ်..။

မိသားစုတွေ တကွဲတပြားနဲ့ နေရတဲ့ ခံစားမှုတွေကို ကျင့်သားရနေပေမယ့် သားလေးဆီက စာကြောင့် ကျမရဲ့ ရင်ထဲမှာ ခံစားချက်တွေ အသစ်ပြန်ဖြစ်သွားတယ်။ အမှန်တော့ မိသားစုတွေရဲ့ စီးပွားရေးတွေကြောင့် ဆန္ဒနဲ့ လက်တွေ့ဘ၀ကို ခွဲခြားထားခဲ့ရတာပါ..။ ရောင့်ရဲ တင်းတိမ်မှု မရှိလို့ မဟုတ်ပေမယ့် မိသားစုဘ၀ အခြေခိုင်ခိုင်နဲ့ ရပ်တည်နိုင်ဖို့က သင့်တင့်တဲ့ ငွေကြေးတော့ လိုအပ်ပါတယ်။ ကျမတို့လို ခွဲခွါနေရတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိမလဲ မသိဘူးနော်...။ ကျမတို့ မိသားစု တနေ့မှာတော့ အတူတကွ နေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, February 19, 2010

OJT အလွမ်းပြေ

ကျမတို့ သင်တန်းတွေပြီးလို့ သင်တန်းကျောင်းတွေမှာ အလုပ်သင်အဖြစ် (၆)လ ဆင်းပေးရတယ်။ ကျောင်းမှာတော့ On Job Training (OJT) လို့ပဲ ခေါ်ကြတယ်။ အဲဒီအထဲကမှ ပြန်ရွေးချယ်ပြီး ဆရာ၊ ဆရာမအဖြစ် ပြန်ခန့်တာပေါ့။ အတူတူ သင်တန်းဆင်းတဲ့ အထဲမှ မြန်မာနိုင်ငံ မြို့ပေါင်းစုံ နယ်ပေါင်းစုံက သူငယ်ချင်းတွေလည်း ပါတာပေါ့လေ။ တပတ်ကို ကိုယ့်ရဲ့ ဂျူတီက (၂) ရက်ကျတယ်။ အဲဒီ (၂) ရက်က မနက် (၇)နာရီကနေ ည (၉) နာရီအထိ ကျောင်းသော့ဖွင့်ရတဲ့ အချိန်ကနေ သင်တန်းတွေအားလုံး ပြီးသွားတဲ့ အထိပေါ့။ ဂျူတီကျတဲ့ ရက်မျိုးဆိုရင် ဘယ်သူမှ နောက်မကျရဲကြဘူး။ ဒီ (၆)လတာ ကာလက တကယ့် အရေးကြီးပဲလေ။ အဲဒီအချိန်တွေတုန်းက လခဆိုတာ မရပေမယ့် သင်တန်းသားတွေ ဆရာတွေနဲ့ စာသင်လိုက်၊ အတန်းတွေပြီးသွားရင် မုန့်သွား စားလိုက်ကြနဲ့ ပျော်စရာ အချိန်တွေပါပဲ။

မိန်းကလေးတွေက နေ့ဂျူတီယူရပြီး ယောကျာင်္းလေးတွေကတော့ နေ့နဲ့ည တလှည့်စီ ယူရတယ်။ ညဘက်ဆိုတော့ ကျောင်းမှာပဲ စောင့်အိပ်ရတာမျိုးပေါ့။ တချို့နယ်က ယောကျာင်္းလေးတွေကိုတော့ သက်ဆိုင်ရာ ဆရာတွေက နားလည်မှုနဲ့ ကျောင်းအပေါ်ထပ်မှာပဲ အခန်းပေးထားတယ်။ ကျမတို့ အဖွဲ့ထဲက ယောကျာင်္းလေး သူငယ်ချင်း တစ်ယောက်က အညာဘက် ပခုက္ကူ မြို့ကပေါ့။ သူက စကားပြောရင် အညာလေသံလေးနဲ့ ကျမတို့ကလည်း အညာဓလေ့ စကားတွေကို မသိတော့ အထူးအဆန်းတွေကို ဖြစ်လို့။ နားထောင်လို့ကောင်းသလို သူကို ဘယ်လောက် စစလည်း စိတ်မဆိုးတတ်ဘူး။

တရက်တော့ ကျမတို့ စာသင်ချိန်တွေ ပြီးသွားလို့ ညဘက် ရုပ်ရှင်သွားကြည့်ကြမယ်ဆိုပြီး သူ့ကိုပါ ခေါ်တာပေါ့။ သူက ပြန်ပြောလိုက်ပုံက "ငါ ... မနက်ဖြန်ခါ...မနက်ကြီး ...ကျရင် ဂျူတီ.. တဲ့" ကျမတို့လည်း ရုပ်တရက်ဆိုတော့ ကြောင်သွားတာပေါ့။ နောက်မှ သဘောပေါက်ပြီး ရီလိုက်ကြရော...။ (အညာလေးသံလေးနဲ့ ဖတ်မှ ရီရမှာနော်) သူက မနက်ဖြန်မနက် စောစော ဂျူတီကို ပြောတာလေ...။ အဲဒီကတည်းက သူ့နာမည် အရင်းပျောက်ပြီး "မနက်ဖြန်ခါ မနက်ကြီး" ဖြစ်သွားရော..။

နောက်တယောက်က မိန်းကလေး သူငယ်ချင်း။ သူကလည်း ခင်စရာကောင်းပြီး ထမင်း၊ ဟင်းချက်လည်း အရမ်းကောင်းတယ်။ ချက်လာသမျှ ဘာစပ်သလဲ မမေးနဲ့ ငြုပ်သီးစိမ်းတွေချည်းပဲ။း) တရက်တော့ သူက နားတဲ့ရက်မှာ အညာမုန့်ဟင်းခါး ချက်ကျွေးမယ် အတန်းတွေပြီးရင် သူ့အိမ်မှာ လာစားကြပါတဲ့။ ကျမတို့ သူငယ်ချင်းတွေလည်း မုန့်ဟင်းခါးဆို တအားကြိုက်လေ။ ဒီတော့ အတန်းပြီးတာနဲ့ သူ့အိမ်ကို တန်းပြေးကြတာပေါ့။ သူတို့ အညာ မုန့်ဟင်းခါးက မုန့်ဖတ်က နန်းကြီးလုံးလောက်ရှိတယ်။ အရည်ကလည်း ပဲဟင်းနဲ့တူတူပဲ တော်တော် ပြစ်ပြစ်လေး ချက်ထားတာ ငှက်ပျောအူတွေ ကြက်သွန်တွေလည်း မပါဘူး။

သူကတော့ သူငယ်ချင်းတွေကို စားကောင်းအောင် အညာဝက်အူချောင်း ကြော်တွေလည်း ထည့်ပေးထားတယ်။ အညာဝက်အူချောင်းက တိုတိုတုတ်တုတ်လေးနဲ့ အသားတွေချည်းပဲ။ မုန့်ဟင်းခါးထဲကို ၀က်အူးချောင်းကြော် ထည့်စားရတာ အဲဒီတခါပဲ ကြားဘူးတာလေ။ စားကြမယ်ဆိုပြီး သူက ပြင်ပေးတော့မှ တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထူးဆန်းနေကြတယ်။ တခါမှလည်း မစားဘူးကြတော့ စားရမှာ သိပ်မရဲကြဘူး။ သူကလည်း သိတယ် ထင်တယ် စားနိုင်သလောက်ပဲ စားပေါ့ နင်တို့မစားဘူးတာ သိလို့ ငါက ချက်ကျွေးတာတဲ့။ ဒီတော့လည်း ဗိုက်ကဆာဆာနဲ့ ဆွဲလိုက်ကြတာ တစ်ယောက် (၂)ပွဲပေါ့..။ ဒါတောင် သိပ်မကြိုက်လို့တဲ့..။း) အဲဒီကစလို့ သူ့ကိုလည်း အားလုံးက နာမည်ကို အဖျားစွတ်ခေါ်ပြီး "အ၀င်းမုန့်ဟင်းခါး" ဆိုပြီး နာမည်ပေးလိုက်ကြပါရော..။း) တကယ်လည်း အညာမုန့်ဟင်းခါးက စားလို့ကောင်းခဲ့ပါတယ်။

သူ့ဒေသနဲ့သူ စကားအပြောအဆို လေယူလေသိမ်းတွေ မတူကြသလို အစားအသောက် တွေကလည်း ဒေသတခုနဲ့တခု ကွဲပြားကြတာပဲလေ။ ဒါပေမယ့် အားလုံးကတော့ တနိုင်ငံထဲမှ နေကြတဲ့ ညီအကို မောင်နှမတွေရင်းတွေလိုပါပဲ။ တွေ့ခဲ့ကြုံခဲ့ ခင်မင်ခဲ့တဲ့ အခိုက်အတန့်လေးမှာ တကယ့်ကို ပျော်စရာကောင်းတဲ့ ဘ၀လေးတွေပေါ့။

မနက်က OJT အတူတူ ဆင်းခဲ့တဲ့ သူငယ်ချင်းနဲ့ အွန်လိုင်းမှာ တွေ့လိုက်လို့ အရမ်းဝမ်းသာပြီး ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောဖြစ်ခဲ့ကြတယ်။ သူငယ်ချင်းက တွေ့တွေ့ချင်း စမေးလိုက်တာက "မနက်ဖြန်ခါ မနက်ကြီး မိန်းမရသွားပြီ"... နင်သိလားတဲ့။ သူမေးလိုက်တော့မှ သတိရပြီး ရီချင်သွားတယ်။ ဒါကြောင့် အမှတ်တရ ဖြစ်ခဲ့တဲ့ အညာက သူငယ်ချင်းတွေ အကြောင်းလေးကို ပိုစ့်လေးရေးလိုက်မိတာပါ။ အဝေးရောက် OJT တုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ကျေးဇူးရှိခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဒီပိုစ့်လေးနဲ့ သတိတရ နှုတ်ဆက်လိုက်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, February 12, 2010

ဖေဖေါ်ဝါရီ(၁၃) ဇာနည်ဖွား

ယနေ့ခေတ် လူငယ်အများစု ဖေဖေါ်ဝါရီ (၁၃) ကိုကျော်လို့ (၁၄) ကိုတော့ဖြင့် တမ်းတမ်းတတနဲ့ စောင့်မျှော်နေကြတာ တွေ့ရပါတယ်။ ဒါဟာလည်း လူငယ်တွေ အပြစ်မဟုတ်ပါဘူး။ တမင်တကာကို မသိအောင် လုပ်တဲ့သူများက လုပ်ထားကြတာကိုး။ ကျမတို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဗျာတွေ၊ စာတွေ အခုခေတ်မှာ သင်ရိုးတွေပြောင်းလို့ သမိုင်းတွေလည်း ပြောင်းပြန်ဖြစ်ခဲ့ရပြီ။ ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံတွေ မမြင်ရတာ ဆယ်စုနှစ်ပေါင်း တိုင်ခဲ့ပေါ့..။

ဖေဖေါ်ဝါရီလ (၁၃) ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အမှတ်တရကို ကဗျာလေး တပုဒ်နဲ့ လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။ ဒီကဗျာလေးဟာ (၁၉၆၄) ခုနှစ် အာဇာနည်နေ့မှာ ယဉ်ကျေးမှုဌာန ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေး ကော်မတီက ထုပ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။

(တစိမ့်စိမ့်ကြည့်လေ ကျက်သရေရှိလေ)

ဇာနည်ဖွား

အမိမြေမှ၊ သန့်စင်ကြရာ

သူကထူးခြား၊ ဇာနည်ဖွား၏။


သူငယ်ဘ၀၊ ဆော့မြူးကြလျှင်

သူကငေးကာ၊ တနေရာမှ

မျက်လွှာမယှက်၊ အတွေးနက်၏။


ကျောင်းသားတကာ၊ ဖွေရှာသိပ္ပ

ဆည်းပူးကြခိုက်၊ သူကထူးချွန်

ဇာတိမာန်ဖြင့်၊ ထက်သန်လုံ့လ

ရဲသွေးကြွ၏။

အသက်သုံးဆယ်၊ ၀န်းကျင်ခန့်ဝယ်၌
အရွယ်စက၊ ခေါ်တုံကြလည်း
သူကသတ္တိ၊ ရဲရဲငြိလျက်
အမိမြန်မာ၊ ရတနာသား
ဇာနည်ဖွားဟု၊ ထင်ရှားပီပီ
ရှေ့သို့ချီ၏။

သြော်.....ဇာနည်သတ္တိ၊ တိုင်းမရှိ၍
သူ၏မေတ္တာ၊ အထုမှာလည်း
နှိုင်းရာမရ၊ ကြီးမားစွကို
ကြုံရဘေးရန်၊ အတန်တန်၌
နောက်ပြန်မတွန့်၊ ရဲရဲဝံ့သည်
သက်စွန့်ခန္ဓာ၊ ကြွေသည့်တိုင်။

(နုယဉ်)

ဓါတ်ပုံကို Google image မှကူးယူပါသည်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Tuesday, February 9, 2010

အတ္တကင်းတဲ့ချစ်ခြင်းတရား

"အတ္တ" ဆိုတဲ့ အရာဟာ လူသားတိုင်းမှာ ရှိနေကြတာပါ..။ နည်းတာနဲ့ များတာပဲ ကွာမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီ "အတ္တ" ဆိုတာက အတိုင်းအတာ တခုထိပဲ ရှိနေရင်တော့ ကောင်းတာပေါ့လေ။ ကျမတို့ကိုယ်တိုင်လည်း အတ္တနဲ့မှ မကင်းနိုင်တာ ဒါကိုလည်း ၀န်ခံပါတယ်။ အတ္တ မရှိရင် မထားရင်တော့လည်း အကောင်းဆုံးပေါ့။ အတ္တ သိပ်ကြီးပြန်ရင်လည်း မိမိကိုယ်ပဲ ပြန်ထိခိုက်တာပဲလေ။ လူတစ်ယောက်ကို ချစ်လို့ပဲ ဖြစ်စေ၊ မုန်းလို့ပဲ ဖြစ်စေ အတ္တဆိုတာက တစ်ပါတည်း ကပ်ပါလာစမြဲပါ။

ဥပမာ....

ချစ်ခြင်းတရားဆိုတဲ့ အရာ..။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူရဲ့ အချစ်ကို ပိုင်ဆိုင်ချင်လာရော.... နောက်ဆက်တွဲ သူ့ကိုပါ ပိုင်ဆိုင်ချင်လာပြန်ရော...။ သူ့နဲ့ ပတ်သက်တာမှန်သမျှ ကိုယ်က ပိုင်ဆိုင်ချင်လာတာပေါ့။ အရာအားလုံးကို သူ့အတွက်မဟုတ်တော့ပဲ ကိုယ့်အတွက်ဆိုတဲ့ အတွေးနဲ့ ရယူလိုမှုတွေ ပါလာပြီလေ..။ သူ့ကိုယ့်ကို ပြန်မချစ်ရင် ငါတော့ လွမ်းရမှာပဲ၊ သတိရနေတော့မှာပဲ..။ သူကိုယ့်ကို မုန်းသွားရင် ကိုယ့်တော့သေရမှာပဲ၊ ၀မ်းနည်းရမှာပဲ ဆိုတဲ့ အတွေးတွေ...။ သူ့ကို ဆုံးရှုံးရမှာကို မခံစားနိုင်တော့တာ။ သူ့ကို ချစ်သလိုလိုနဲ့ အမှန်ကတော့ ကို့ကိုယ်ကို ချစ်တာပဲ။ ဒါဟာ လိုချင်တတ်မက်မှု၊ စွဲလမ်းမှု ဆိုတဲ့ "အတ္တ" တွေပဲလေ..။ ပူလောင်မှုတွေနဲ့ ချစ်ခြင်းမျိုးပေါ့။ ဒါက တချို့ ချစ်ခြင်းတွေပါ...။

တချို့ ချစ်ခြင်းတွေကတော့ ဒီလို မဟုတ်ပြန်ဘူး။ သူ့ကို ချစ်လို့ သူ့အတွက်ပဲ စဉ်းစားပေးတဲ့ ချစ်ခြင်းမျိုးပေါ့။ ကိုယ်သူ့ကို ချစ်တယ်... ဒီလိုပဲ သူ့ကို စိတ်ချမ်းသာစေချင်တယ်။ အရာရာ သူ့အတွက်ပဲ စဉ်းစားပေးမယ်၊ သူ ထိခိုက် နစ်နာစေမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူး။ မပိုင်ဆိုင်ရလည်း နေပါစေ.. သူ ကျေနပ်နေရင်၊ ပျော်နေရင်၊ ကိုယ်လည်း ကျေနပ်တယ်၊ ပျော်တယ်လေ..။ သူ့ကို ကြည့်ပြီး ကိုယ်က ဘာလုပ်ပေးရ လုပ်ပေးရ ကျေနပ်နေတဲ့ သူမျိုးပေါ့။ အတ္တ ကင်းပြီး ပေးစပ်ခြင်းတွေနဲ့ ချစ်နေရတာကို ကျေနပ်နေတဲ့ အရာမျိုး၊ ပူလောင်မှုလည်း ကင်းတယ်လေ..။

ဒါဆိုရင် "အတ္တ" ဆိုတဲ့ အရာနဲ့ ချစ်ခြင်းတရားမှာ ဒွန်တွဲနေတတ်တာ လိုချင်တတ်မက်မှု၊ ပိုင်ဆိုင်ချင်မှုဆိုတဲ့ အရာတွေပဲ။ ဒီတော့ အဲဒီ အတ္တကို လျှော့နိုင်သမျှ လျှော့ပြီး နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြည့်စေချင်တယ်။ အတ္တ နည်းပြီး ပေးစပ်မှုတွေနဲ့ ချစ်နိုင်မယ်ဆိုရင်တော့ ပူလောင်မှု ကင်းပြီး စိတ်ရဲ့ အေးချမ်းမှုကို ခံစားရမှာပါ။


တခြားတခြားသော "အတ္တ" များလည်း ရှိပါသေးတယ်။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့ ငါ ဆိုတဲ့ "အတ္တ" ပေါ့။ "အတ္တ" တွေထဲမှာတော့ အဲဒီ အတ္တက အဆိုးဆုံးပဲလို့ ထင်မိတယ်။ ဘယ်သူတေတေ ငတေမာပြီးရောဆိုတဲ့ အတွေးနဲ့ ဘယ်သူ့အတွက်မှ ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲ "အတ္တ" တွေနဲ့ ရှင်သန်နေကြတယ်။ ဂုဏ်သိက္ခာနဲ့ အရှက်တရား ကင်းမဲ့စွာ မျက်လုံးစုံမှိတ်ပြီး "အတ္တ" တွေနဲ့ ဆက်လျှောက်နေကြတယ်လေ..။

လူတစ်ဦးပေါ် တစ်ဦး ချစ်တဲ့ ချစ်ခြင်း တရားထက် တန်ဘိုးရှိပြီး မွန်မြတ်တဲ့ ချစ်ခြင်းတွေ များစွာရှိပါတယ်။ အဲဒီ ချစ်ခြင်းတရား အတွက်တော့ ပေးစပ်မှုတွေနဲ့ "အတ္တ" ကင်းတဲ့ ချစ်ခြင်းတွေဖြစ်စေချင်တာပေါ့။ ငါ ဆိုတဲ့ အတ္တကို မကြည့်ပဲ အများအတွက် အနစ်နာခံ ပေးစပ်ပြီး ချစ်ရဲတဲ့ ချစ်ခြင်းတရားတွေကို မျှဝေပေးစေချင်တယ်။ ဒါကြောင့် ကိုယ်တိုင်လည်း အတ္တကင်းတဲ့ ချစ်ခြင်းတရားတွေနဲ့ ချစ်နိုင်အောင် ကြိုးစားနေဆဲပါ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, February 1, 2010

၂၀၀၉ အတွက်ဘလောဂ့်အကယ်ဒမီ

၂၀၀၉ ခုနှစ် ဘလောဂ့်အကယ်ဒမီ အတွက် မဲပေး ရွေးချယ်ပွဲကို ယနေ့ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ စတင်နေပါပြီ။ မဲပေးခွင့်ကာလကတော့ ၂၀၁၀ ဖေဖေါ်ဝါရီလ (၁) ရက်မှ (၁၅) ရက်နေ့ အထိလို့ သိရပါတယ်။ ဘလောဂ့်အကယ်ဒမီနဲ့ ပတ်သက်လို့ ခေါင်းစဉ် (၁၀) ခုအတွက် အကယ်ဒမီ (၁၀) ဆုပေးမှာ ဖြစ်ပါတယ်။ အခုလို ဘလောဂ့်တွေအတွက် အကယ်ဒမီပွဲလေး ကျင်းပပေးတာကိုလည်း ၀မ်းမြောက်မိပါတယ်။ ဘလောဂ့်ရေးကြတဲ့ သူတွေထဲမှာ တကယ်ကို တန်ဘိုးရှိတဲ့ စာပေတွေ၊ အသိပညာ ဗဟုသုတတွေကို မျှဝေပေးနေတဲ့ ဘလောဂ့်ပေါင်း များစွာလည်း ရှိနေပါတယ်။ သူတို့တွေအတွက် အခုလို ပရိတ်သတ်ရဲ့ မျှတစွာ ရွေးချယ်ပေးမှု အပေါ်ကိုလည်း တန်ဘိုးထားမိပါတယ်။

ကျမအမြဲတမ်း စာတွေ သွားဖတ်နေကျ ဘလောဂ့်တွေထဲကလည်း ဒီအကယ်ဒမီ ပေးပွဲမှာ အမည်စာရင်း ပါနေတာတွေကို တွေ့ရသလို အချို့မပါဝင်တာတွေလည်း တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမနှစ်သက်မိတဲ့ ဘလောဂ့်တွေကိုတော့ ကျမလည်း လွတ်လပ်စွာ ရွေးချယ်ပြီး မဲပေးခဲ့ပါတယ်။း) အခုလို လွတ်လပ်စွာ မဲပေးခွင့်ရလို့လည်း ဒီပွဲကို ကျင်းပပေးတဲ့ Myanmar Blogger Press ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

နှစ်သက်မိတဲ့ ဘလောဂ့်တွေအတွက် ဒဏ္ဍာရီ မဲပေးခဲ့တဲ့ ခေါင်းစဉ်တွေနဲ့ ဘလောဂ့်တွေကို ပိုစ့်တင်စက ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမဲ့ အချို့ဘလောဂ့်တွေက ပိုင်ရှင်ကိုယ်တိုင်စာရင်းသွင်းထားတာ မဟုတ်ပဲ တစ်စုံတစ်ယောက်က စာရင်းသွင်းလိုက်တာ ဖြစ်နိုင်တယ်လို့ ပြန်သိရပါတယ်။ ဒါကြောင့် ဒဏ္ဍာရီ မဲပေးခဲ့တဲ့ စာရင်းကို ပြန်ဖြုတ်ထားလိုက်ပါတယ်။

အမှန်တော့ ပေးချင်တဲ့ သူတွေက အများကြီးပဲ... တကယ်လည်း စာရေးကောင်းတဲ့ ဘလောဂ့်တွေလည်း အများကြီး ဘယ်သူ့ပေးရမှန်းကို မသိတာပါ။ တကယ့်လက်တွေ့မှာတော့ ဘယ်သူတွေ အကယ်ဒမီရမလဲ ဆိုတာ မသိသေးဘူးလေ...။ ကိုယ်ပေးခဲ့တဲ့ သူတွေကိုတော့ ရစေချင်တာပေါ့နော်။း) ရပါစေ လို့လည်း ဆုတောင်းနေမိပါတယ်။ အကယ်ဒမီက တကယ်မပေးရသေးဘူး ဒဏ္ဍာရီကတော့ ခန့်မှန်းပြီး ရင်ခုန်နေပြီ။း)))

ဘလောဂ့်ကာ သူငယ်ချင်းတွေ ကိုလည်း စိတ်ဝင်စားရင် သွားရောက် မဲပေးနိုင်အောင် ဒီပိုစ့်လေးနဲ့ ဖောက်သည်ချလိုက်တာလေ..။ စိတ်ဝင်စားလို့ သွားရောက် မဲပေးချင်တယ် ဆိုရင်တော့ Myanmar Blogger Press လင့်လေးကို Click နှိပ်ပြီး သွားရောက် မဲပေးနိုင်ပါတယ်။ မဲပေးမည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို Myanmar Blogger Press ဆိုဒ်တွင် သေချာစွာ ဖတ်ပြီးမှ မဲပေးပါလို့လည်း အကြံပေးလိုက် ပါရစေ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ