Wednesday, January 27, 2010

စကားပြောသောစကားပန်းလေး

ဖွေးဖွေးဖြူအောင် ကြွေနေတဲ့ တရုတ်စကားပွင့်လေးတွေ မြက်ခင်းစိမ်းစိမ်းပေါ်မှာ.... မြသားကမ္ဗလ္လာ ကျောက်ဖြာထက်က တောက်ပနေကြတဲ့ စိန်ပွင့်လေးတွေလို...။ သင်းပျံ့တဲ့ အေးမြမြရနံ့လေးက လေနဲ့အတူ တိုးဝှေ့လာတယ်။ စကားပင်တန်းအောက်က ခုံတန်းလေးကို တမ်းတမ်းတတလေး... ကြည့်လိုက်မိတယ်။ ဒီနေရာလေးပေါ့...။

ဖိုင်တွဲ အပြာရောင်လေးကို မြက်ခင်းပေါ်မှာချပြီး စကားပန်းတွေ ကောက်နေခိုက်... ကတ္တီပါဖိနပ် အနက်လေးနဲ့ ရှင်းသန့်နေတဲ့ ခြေအစုံက ပန်းကောက်နေတဲ့ လက်ရှေ့မှာအရောက်...။ လှမ်းနေတဲ့လက်ကို ရပ်လို့... မျက်နှာကို မော့အကြည့်... သူ့လက်ထဲမှာ စကားပန်းတွေ အပြည့်။ ရှပ်အင်္ကျီလက်ရှည် အဖြူစွတ်စွတ်ကို အပြာရင့်ရောင် ပုဆိုးအကွက်စိတ်လေးနဲ့ တွဲဝတ်ထားတဲ့ သူ့ဟန်က ကလေးတစ်ယောက်ကို ငုံ့ကြည့်နေတဲ့ ပုံစံမျိုး။ အပြုံးနဲ့ လှမ်းပေးနေတဲ့ ပန်းတွေကို အံ့သြခြင်းတွေနဲ့အတူ လှမ်းအယူ..။

မင်းနာမည်...

သြရှရှနဲ့ မေးလိုက်တဲ့ သူ့အသံက ဘ၀တခုလုံးကို စိုးမိုးလိုက်သလို... ကလေးငယ်တစ်ယောက်လို နှုတ်ခမ်းအစုံက အလိုလို နာမည်ကို ဖြေမိရက်သား။ အမှန်အတိုင်း ပြန်ဖြေလိုက်မိတဲ့ နှုတ်ခမ်းအစုံကို ဒဏ်ပေးလိုက်ချင် မိတော့တယ်။ အနားမှာ ရုတ်တရက် ထိုင်ချလိုက်ရင်း... ဘေးမှာ ကြွေနေတဲ့ ပန်းတွေကို အတူ ကူကောက် ပေးနေတယ်။ ပြီးတော့မှ ...


"မတော်သေးဘူးလား.. ဒီမှာ အများကြီး ရနေပြီလေ.."
"
ဟုတ်.. တော်ပြီ..."

ဘေးမှာချထားတဲ့ ဖိုင်တွဲကို ဆတ်ကနဲ့ ကောက်ယူပြီး ရှေ့ကဦးဆောင်လို့ စကားပင်အောက်က ခုံတန်းလေးဆီ သူထွက်သွားတယ်။ ဘာမှန်းမသိ လက်ထဲက ပန်းတွေအများကြီးနဲ့ သူ့နောက်ကို လိုက်သွားမိပေါ့။ ဖိုင်တွဲနဲ့ ပန်းတွေကို ခုံလေးပေါ်တင်ပြီး ပန်းပွင့် နှစ်ပွင့်ကို သူလှမ်းယူလိုက်တယ်။ သူ့ကို အံ့သြမှုတွေနဲ့ ကြည့်နေတဲ့ မျက်ဝန်းကို... သူပြန်စိုက်အကြည့် မျက်လွှာက အလိုလို ကျသွားရပြန်ရော..။

ခဏကြာတော့ ပန်းနှစ်ပွင့်ထဲက တပွင့်ကို လက်ထဲပြန်ထည့်ပေးခဲ့ပြီး အပြုံးနဲ့ နှုတ်ဆက်လို့ အနားက ထွက်သွားခဲ့တယ်..။ သူ့နောက်ကျောပြင်ကို ငေးကြည့်ရင်း လက်ထဲက ပန်းတပွင့်ကို ဘာဆက်လုပ်ရမှန်း မသိအောင် လောကကြီးနဲ့ ခဏတာ အဆက်ပြတ် သွားသလိုပဲ။ သတိထားလိုက်မိတော့ မျက်ဝန်းရိပ်ထဲမှာ သူပျောက်ကွယ်သွားပြီ။

သတိရလို့ လက်ထဲက ပန်းလေးကို ငုံအကြည့်... ပွင့်ဖတ်လေးမှာ မှင်အပြာလေးနဲ့ စာလေးတလုံး...။
ရင်တခုလုံး ဗြောင်းဆန်သွားသလို သူရေးခဲ့တဲ့ စာလေးကို အသံထွက်ဖတ်ဖို့ မ၀ံ့မရဲပေါ့။ ဒါပေမယ့် ဖတ်ချင်ပါတယ်.. တယောက်တည်း ရှိတဲ့ အချိန်မျိုးမဟုတ်ပဲ သူနဲ့အတူတူ ရှိနေမယ့် နောင်တချိန်... နောင်တချိန်မှာ အဲဒီပွင့်ဖတ်လေးပေါ်က စာလေးတလုံးကို သူကြားနိုင်အောင် အသံထွက်ပြီး ဖတ်ပြဖို့ စောင့်မျှော် ရအုံးမှာပေါ့လေ..။

ရုပ်တရက် အေးစက်စက် အထိအတွေ့ကြောင့် သတိပြန်ဝင်လာခဲ့တယ်။ မိုးစက်ဖွဲဖွဲလေးတွေ ကိုယ်ပေါ်ကို တိုက်ရိုက်ထိမှန်နေပြီ...။ စကားပင်အောက်က ခုံတန်းလေးဆီ ပြေးပြီး မိုးခိုလိုက်မိတယ်။ ကြွေကျနေတဲ့ ပန်းပွင့်လေးတွေကို တစက်တစက် ကျလာတဲ့ မိုးစက်လေးတွေက ထိပြီး ကစားနေလိုက်ကြတာ...။ အတွေးတွေကို ပြန်စဉ်းစားခိုက် အောက်ကို ငုံကြည့်နေတဲ့ မျက်ဝန်းထဲကို မှတ်မိနေကျ အရိပ်တခု အရောက်... မိုးစက်တွေ ကိုယ်ပေါ်က ပျောက်သွားသလို ခံစားလိုက်ရတယ်။

ကတ္တီပါဖိနပ် အနက်လေးနဲ့ ခြေအစုံ...။ လက်တဖက် နောက်ကိုပစ်ပြီး လက်တဖက်နဲ့ ဆောင်းထားတဲ့ ထီးလေးက ခေါင်းပေါ် ရောက်လို့နေပေါ့...။ မှင်သက်မိနေတဲ့ အကြည့်တွေနဲ့ မျက်ဝန်းတွေကို သူသိသလိုပဲ..။ နောက်ပစ်ထားတဲ့ လက်လေးကို မျက်နှာရှေ့အရောက်... လက်ဝါးလေးကို ဖြန့်လိုက်တော့ ပုံသဏ္ဍန်မပျက် စကားပန်း အခြောက်လေး..။ ပွင့်ဖတ်လေးမှာတော့... ဟိုတချိန် နှုတ်ဖျားက အလိုလို ထွက်ကျသွားတဲ့ နာမည်လေး တလုံးက အရိပ်လေး ဖြစ်လို့နေပြီလေ..။

"ကိုယ်ပေးခဲ့တဲ့ ပန်းလေးရော.."
"ဟုတ်... သိမ်းထားတယ်... အခုပါမလာဘူး"

သူ့နှုတ်ဖျားက မေးသမျှ အမှန်အတိုင်း ထွက်ကျလာတဲ့ ကိုယ့်နှုတ်ဖျားကိုလည်း မယုံနိုင် ဖြစ်ရပြီ..။ ကျေနပ်သွားတဲ့ အပြုံးနဲ့ ခေါင်းကို ဖွဖွလေး ထုပြီး .... နူးညံ့ပျော့ပျောင်းလှတဲ့ ခေါ်သံလေးက နားထဲကို အသာအယာလေး ဖြတ်သွားတယ်။

"ခိုင်..."
"ကို..."

လွှမ်းမိုးမှုအောက်က ဒီနှုတ်ခမ်း အစုံကိုတော့ဖြင့် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တာ သူနဲ့ စတွေ့ကတည်းကပါ။ သူပွင့်ဖတ်လေးမှာ ရေးပေးခဲ့တဲ့ စကားလုံးလေးကို ရင်ထဲကနေ ရွတ်ပြအခိုက် နှုတ်ဖျားကပါ အသံထွက်သွားတာ သူကြားသွားခဲ့ပြီပေါ့...။ မိုးဖွဲဖွဲလေးထဲက စကားပင်တွေအောက်ရဲ့ ခုံတန်းလေးမှာတော့...။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ

Thursday, January 21, 2010

မျက်ဝန်းစိမ်းတို့ ပြောင်းချိန်တန်

နေရောင်ခြည်အောက်မှာ ဆောင်းအတိတ် ဆောင်းအရိပ်နဲ့အတူ
ဟိုး... ရှေ့ကို မမြင်နိုင်တဲ့ မြူခိုးတွေ....
ဖြူလွလွ အေးခဲနေတဲ့ နှင်းမှုန်တွေတောင် ပျော်ဆင်းလို့..
သူတို့တွေ အသွင်ပြောင်း ကွယ်ပျောက် ခဲ့ရတာပဲလေ....။

နေရောင်တပျောက် အလင်းတချက်
ခတ်ကြမ်းကြမ်း သော့လိုက်တဲ့ လေအဝှေ့မှာ
ကြွေစင်းသွားရရှာတဲ့ ပန်းပွင့်တွေ
ရနံ့ပြယ်ပြီး မြေခလို့ ကြွေကြ ခဲ့ရတာပဲလေ....။

မိုးတိမ်တွေကြားက လျှပ်စီးရောင်တွေ...
ထစ်ချုန်းသံတွေ နဲ့အတူ
မြစ်ဖျားခံရာ မရှိပဲ ရွာသွန်းနေတဲ့ မိုးစက်တွေ...
ချောင်းတွေ မြစ်တွေက အစပြုလို့
ပင်လယ် သမုဒ္ဒရာမှာ ရောယှက် ကွယ်ပျောက် ခဲ့ရတာပဲလေ....။

ဆည်းဆာနဲ့အတူ တဖြည်းဖြည်း မှိန်ဖျော့ရင်းစူးရှပူပြင်းတဲ့ နေတစင်းတောင်
တိမ်ညိုတွေကြား အရာမထင် တိမ်မြုတ် ကွယ်ပျောက် ခဲ့ရတာပဲလေ....။

အမှောင်ထဲက လရောင်ကို အန်တုလို့
ပြိုင်လင်းလက်နေကြတဲ့ ကောင်းကင်က ကြယ်စင်တွေလည်း
အာရုဏ်မတက်မီ ကြွေကြလို့
မြေမခခင် ကွယ်ပျောက် ခဲ့ရတာပဲလေ....။

သဘာဝကပေးတဲ့ အလှတရားတွေဟာလည်း
ဒီသဘာဝကြောင့်ပဲ ပြန်လည် ကွယ်ပျောက် ခဲ့ရတာပဲလေ...။

အရာအားလုံး တည်မြဲခြင်းဆိုတာ ရှိပါ့မလားပေါ့..
ခတ်စိမ်းစိမ်း မျက်ဝန်းနဲ့ ဘောင်ခတ်ထားတဲ့ အမြင်တွေကရော
ဘယ်တော့များမှ ဖျောက်နိုင်ပါ့မလဲ....။

ကျဉ်းမြောင်းလွန်းလိုက်တာလေ....

ခိုင်မြဲတဲ့ စိတ်ထားနဲ့ ဇွဲလုံ့လကို မျှော်လင့်နေတာ ဆက်လက် လျှောက်လှမ်းနိုင်ဖို့ပေါ့...။
အစိမ်းရောင် မျက်ဝန်းတွေကို အန်တုထားလိုက်မယ်...။

အရာတခုကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်ရင်း
ပျောက်ကွယ်ခဲ့ရတဲ့ အရွယ်စုံ၊ ရနံ့စုံ၊ အရောင်အသွေးစုံ ပန်းပေါင်းစုံတို့အတွက်
မျှော်လင့်ခြင်း ရောင်နီလည်း သမ်းသင့်ပြီ...။

ပွင့်ချိန်တန်လို့ မပွင့်
ကြွေချိန်တန်လို့ မကြွေ
ရွာချိန်တန်လို့ မရွာတာ
အချိန်ရာသီ ဓါတ်မတဲ့လို့များလား...။

ရာသီတွေ အလီလီ ပြောင်းနေသလို
မျက်ဝန်းစိမ်းတို့လည်း ပြောင်းချိန်တန်ပေါ့
ဒီရာသီခွင်ဟာ ဒဏ္ဍာရီ အိပ်မက် မဖြစ်ပါရစေနဲ့....။


ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Saturday, January 16, 2010

ခင်မင်မြတ်နိုးခဲ့သော ဣတ္ထိယများ

"မေမေ" ဆိုတဲ့ စကားလုံးလေးက ပါးစပ်ဖျားနဲ့ မဟုတ်၊ ရင်ထဲကနေ လှိုက်လှိုက်လဲလဲ ခေါ်လိုက်မိတဲ့ အသံနဲ့အတူ နှလုံးသားတခုလုံးကို နွေးထွေးသွားသလို ခံစားလိုက်ရတယ်...။ သိတတ်စ အရွယ်ကတည်းက မေမေ့ မျက်နှာကို အိပ်ရာထလို့ မမြင်ရရင် ကွေးနေအောင် ကောက်တတ်တဲ့ ကျမ..။ ဘွားဘွားက အမြဲတမ်း ချော့မော့ခဲ့ရတာပေါ့...။ အားလုံးထဲမှာ ဗိုလ်ကျနေကျ ကျမကတော့ မေမေ့ကို မတွေ့ရင် ကောက်တော့တာပဲ..။ မေမေက အလုပ်လုပ်တော့ အိမ်မှာ ဘွားဘွားနဲ့ အဒေါ်တွေလက်ထဲမှာပဲ ကြီးပြင်းခဲ့ရတယ်လေ..။

အခုလို မိဘနဲ့ ဝေးနေရတဲ့ အချိန်တွေမှာ အိမ်ကို ပိုလွမ်းသလို မိခင်မေတ္တာကိုလည်း ပိုပြီး တမ်းတမိတယ်...။
ငယ်ငယ်တုန်းကဆိုရင် မေမေ ရုံးက ပြန်လာတာနဲ့ မမောနိုင်မပန်းနိုင် သမီးကို ထိန်းရင်း စာတွေသင်ပေးခဲ့တာပါ..။ မေမေစာသင်ပေးမှ စာကျက်တတ်တဲ့ ကျမ ကိုးတန်း ကျောင်းသူဘ၀အထိ စာရေးစာပွဲမှာ မေမေနဲ့ အတူတူ စာကျက်ခဲ့ရတယ်။ ဆယ်တန်းဖြေတော့လည်း မေမေက ကျမ စာကျက်တဲ့ဘေးမှာ စောင့်ပြီး ညအိမ်ခဲ့တယ်လေ..။ မေမေ့ရဲ့ ဆုံးမသွန်သင်မှုနဲ့အတူ မေမေလျှောက်စေချင်တဲ့ လမ်းကို ကျမ လျှောက်ခဲ့ရတယ်..။ ဘွဲ့ရလို့ လုပ်ငန်းခွင်ဝင်တော့လည်း မေမေ့ရဲ့ စိတ်တိုင်းကျ သူဖြစ်စေချင်တဲ့ အလုပ်ကိုပဲ ကျမရွေးချယ်ပြီး လုပ်ခဲ့ပါတယ်....။ ဒါပေမယ့် အခုဆိုရင်တော့ အဝေးမှာရောက်နေတဲ့ သမီးကို နေထိုင်ကောင်းဖို့၊ အလုပ်အကိုင်တွေ အဆင်ပြေဖို့ ဆုတောင်းရင်း အဝေးကနေပဲ ချစ်နေနိုင်တော့တယ်လို့ မေမေခဏခဏ ပြောဘူးတယ်..။

ဘွားဘွားကတော့ ကျမရဲ့ ဒုတိယ အချစ်ဆုံးပါပဲ..။ ကျမငယ်ငယ်က ဘွားဘွား ပုခက်နဲ့ သိပ်မှ အိပ်တယ်..။ ထမင်းကိုလည်း ဘွားဘွားခွံ့ကျွေးမှ စားတယ်..။ ဘွားဘွားက ဒူးနာတတ်ပေမယ့် မတတ်ရပ်ပြီး သူ့မြေး မအိပ်မချင်း လက်မောင်းတွေ ကိုက်တဲ့ အထိ ပုခက်တုတ်ရင်း သီချင်းတွေဆိုပြီး သိပ်ခဲ့ရတာလို့ မေမေက ပြောခဲ့ဘူးတယ်...။ ငယ်ငယ်တုန်းက ညနေတိုင်း မြေးအဘွားနှစ်ယောက် ရွှေဘုန်းပွင့်ဘုရားကို သွားပြီး ကျမကစားနေရင် ဘွားဘွားက ထိန်းခဲ့ရတာပေါ့..။ ကျမကြီးပြင်းလာတော့ ဘွားဘွား တရားထိုင်ရင် ဘေးမှာ အဖေါ်လိုက်ပေးတတ်တဲ့သူ ဖြစ်လာတယ်..။ နေမကောင်းဖြစ်ရင် ကျမဆေးတိုက်မှ သောက်တတ်တဲ့ ဘွားဘွားပါ...။ မှတ်မိနေသေးတယ်... ကျမ အလုပ်စလုပ်ပြီး ပထမဆုံး လခထုပ်တော့ ဘွားဘွား ကြိုက်တတ်တဲ့ မုန့်တွေဝယ်လာပြီး ကန်တော့တဲ့နေ့ကပါ..။ ကံကောင်းလိုက်တာနော်တဲ့ မြေးလုပ်စာတောင် ဘွားဘွားက စားရတယ်တဲ့လေ..။ အဲဒီနေ့က မြေးအဘွား နှစ်ယောက် မျက်ရည်ကျပြီး ငိုခဲ့ရသေးတယ်..။ ကျမ ပြည်ပ မထွက်ခင် တနှစ်လောက်မှာပဲ ဘွားဘွား ဆုံးပါးသွားခဲ့ပါတယ်..။

တီတီကလည်း ကျမရဲ့ အနွံ့အတာကို အခံရဆုံး အဒေါ်တစ်ယောက်ပါ..။ သူ့မှာ တူမကို ထိန်းကျောင်းရင်း ဆယ်တန်းစာမေးပွဲ ဖြေခဲ့ရတာလေ..။ ကျမကို ပေါင်ပေါ်မှာတင်ပြီး စာကျက်ခဲ့ရာက ဆယ်တန်းအောင်လို့ ကျမကို သူက လပ်ကီးလေးတဲ့.. အဲဒီလို ချစ်တာပါ...။ ကျမက ညီအမတွေ မရှိတော့ ဘယ်သွားသွား ဒီအဒေါ်နဲ့ပဲ သွားရတာ..။ ရုပ်ရှင်သွားကြည့်လည်း အဒေါ်နဲ့၊ ဈေးဝယ်ထွက်လည်း ဒီအဒေါ်နဲ့ပေါ့..။ မှတ်မှတ်ရရ တူအရီး နှစ်ယောက် တရက်တည်းနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ရှော့ပင်းစင်တာတွေကို ပတ်တာ..။း) မနက် မိုးလင်း ၁၁ နာရီလောက်ထဲက စပြီး Junction 8၊ ဂမုန်းပွင့်၊ ယုဇနစင်တာ၊ Excel၊ ယုဇန ပလာဇာ၊ မင်္ဂလာဈေး တရက်တည်း ပတ်လိုက်တာလေ..။ ယုဇနပလာဇာရှေ့က ချစ်တီး ထမင်းဆိုင်မှာ ထမင်းစားရင်း မိုးတွေရွာလို့ ကားကြီး တ၀က်လောက် ရေနစ်သွားပါလေရော...။ တူအရီး နှစ်ယောက် တွေ့သမျှတွေ လျှောက်ဝယ်စားနဲ့ နောက်နေ့ အဒေါ်လည်း ပန်းကမ္ဘာထဲ ရောက်သွားတယ်...း)။

ကျမရဲ့ ဘ၀မှာ အချစ်ခင်ရဆုံး ဣတ္ထိယတွေကတော့ သူတို့တွေပဲပေါ့...။ ခင်မင်ရသော အပေါင်းအသင်း မိတ်ဆွေ
ဣတ္ထိယများ ရှိပေမယ့် ရင်နဲ့ရင်းပြီး ချစ်ခင်ရတာကတော့ မေမေ၊ ဘွားဘွားနဲ့ တီတီ ပဲပေါ့နော်..။ အခုလို အဝေးတနေရာမှာ နေရတဲ့ အချိန်တွေမှာတော့ သူတို့ရဲ့ အကြင်နာတွေ၊ မေတ္တာတရားတွေကို ပိုပြီး သိမြင်ခံစားမိလာရတယ်...။ ဒါကြောင့် အဝေးကနေ ကျမအမြဲတမ်း ကန်တော့ရင်း ကျေးဇူးသိတတ်စွာ သူတို့ကို တမ်းတနေမိပါတယ်...။

ဒီပိုစ့်လေးက မောင်လေး ဗညားရှိန် တဂ့်ထားတဲ့ ပိုစ့်လေးပါ..။ သူက ကဗျာရေးကောင်းသလို အလွမ်းပုရပိုဒ် ကိုလည်း ပိုင်ဆိုင်ထားတယ်လေ...။ ဗညားရေ ... ဒဏ္ဍာရီရဲ့ မှတ်တမ်းထဲက ခင်မင်မြတ်နိုးခဲ့သော ဣတ္ထိယများကို ပြောပြလိုက်ပါတယ်နော်..။ အခုလို ပြောပြခွင့်ရလို့ ကျေးဇူးလည်း တင်မိပါတယ်...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Thursday, January 14, 2010

၂၄ နာရီမှာ နာရီဝက်

"မေမေ... နေကောင်းလား?"
"သမီး မြန်မြန်ပြောနော်… ဖုန်းက ဘက်ထရီ သိပ်မရှိဘူး.."
"ဟင်... ဘာလို့လဲ မေမေ.."
"ဟုတ်တယ်... သမီးရေ... မီးက တရက်လုံးနေမှ နာရီဝက်ပဲလာတာ.. ဖုန်းက အားသွင်းဖို့ကို အချိန်ကမလောက်ဘူး.. သွင်းမယ်လုပ်လိုက်ရင်း မီးကပြတ်သွားရင်းနဲ့.. သမီးရော နေကောင်းလား? အလုပ်အကိုင်ရော အဆင်ပြေလား?.."
"မေမေ.. ဒါဆို သမီးအရင်ပြောမယ်... အရေးကြီးလို့.. အလုပ်ကိစ္စအတွက် စာရွက်စာတမ်းတွေလိုနေတယ် အဲ့ဒါ မှာမလို့...."
"အင်း သမီး ဒါဆိုပြောလေ.. ဘက်ထရီက အားတော်တော်နည်းနေပြီ.."
"ဟိုဟာလေ မေမေ သမီးအခန်းထဲက........."

ပြောရင်းနဲ့ ဖုန်းက ကျသွားပါရော.. စိတ်တိုလိုက်တာ..။
ဘက်ထရီက ကုန်သွားပြီထင်ပါတယ်.. ပြန်ခေါ်လို့ကို မရတော့ဘူး..

************************************

ဘာရယ်မဟုတ်ပါဘူး ဒီနေ့ မေမေနဲ့ ၁ မိနစ်လောက် စကားပြောဖြစ်ရာကနေ စိတ်ထဲ ခံစားလိုက်ရတဲ့ အစာမကြေတာလေးကို ကောက်ရေးလိုက်တာပါ..။

မေမေ့ကို ဖုန်းဆက်ဖြစ်တဲ့ ကိစ္စက အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေ မှာမလို့.. အလုပ်ကိစ္စ တစ်ခုအတွက် စာရွက်စာတမ်းတွေက အရေးတကြီး လိုနေတာလေ..။ အဲ့ဒါတွေရမှ ဆက်လုပ်လို့ရမှာ..။ အခုတော့ ဘယ်လိုလုပ်ရတော့မလဲ.. ဒီဖုန်းအားမရှိတာနဲ့ ကျွန်မ အလုပ်ကိစ္စတွေ သွားပြီ..။ မနေ့ကတည်းက အိမ်ကို ဖုန်းဆက်နေတာ အကြိမ်ကြိမ်ပဲ ခေါ်လို့ကို မရဘူး...။ ဒီနေ့ လိုင်းရသွားတော့လည်း ဘာမှကိုမပြောလိုက်ရဘူး..။ အိမ်မှာက CDMA ဆိုတော့ မီးမလာရင် ဘာမှ လုပ်မရဘူး..။ အိမ်ကလည်း နည်းနည်း အတွင်းကျပြီး အနီးအနားမှာ လိုင်းဖုန်းကမရှိတော့ အရေးအကြောင်းဆိုရင် အဆက်အသွယ်က ပြတ်ရောပဲ..။

တရက်လုံး နေမှ နာရီဝက်ပဲ မီးလာတယ် တဲ့...
ဘာလုပ်ရမှာလဲ..? ဘာလုပ်ဖို့လဲ..?
နာရီဝက်ပဲ မီးပေးပြီး ဘာလုပ်တာလဲ ဆိုတာ နားမလည်နိုင်တော့ဘူး...။ မီးမလာတော့ ရေပါ တင်လို့ မရတော့ဘူး..။ ရေတင်ဖို့ နေနေသာသာ ဖုန်းအားလေးတောင် ပြည့်အောင် မသွင်းလိုက်နိုင်ဘူးတဲ့.. ၂၄ နာရီမှာ နာရီဝက်ပဲ မီးပေးတယ်လေ..။

စိတ်ညစ်သွားတယ်.. တော်တော်လေးကို စိတ်ပျက်သွားတယ်..။ အရေးကြီးပါတယ်ဆိုတဲ့ ကျွန်မ အလုပ်ကိစ္စတွေကိုတောင် မေ့ပြီး အတွေးတွေက အမှောင်ထဲကို လုံးလုံးရောက်သွားတော့တယ်..။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ တဲ့... အခုတော့.. မီးကမရှိဘူး..။ မီးမရှိမှတော့ လျှစ်စစ်ပစ္စည်းဆိုတာ အပိုတွေလို ဖြစ်နေတယ်..။ အိမ်မှာရှိနေရင်လည်း ဘာမှမထူးဘူး အမှိုက်ရှုပ်သလိုတောင် ဖြစ်နေအုံးမယ်...။ စိတ်ပျက်တယ် သိပ်ကို စိတ်ပျက်တယ်... ဝမ်းလည်းနည်းမိတယ်..။ အခုကျွန်မရောက်နေတဲ့ နိုင်ငံမှာဆို ၂၄ နာရီထက်ကျော်ပြီး ၁၂ လ ရာသီပတ်လုံး မီးလာနေတယ်... သုံးချင်သလိုသုံး သုံးသလောက် တန်ရာတန်ကြေးတော့ ပေးရမယ်..။ ပေးမယ်လေ.. ပေးပျော်တယ်လေ ..ကိုယ်သုံးလို့ ကိုယ်ပေးရတာပဲ..။ ဒါတောင် ဒီနိုင်ငံက ဘာအရင်းအမြစ်မှ မရှိတဲ့ နိုင်ငံနော်..။ ကျွန်မတို့နိုင်ငံလို ဘာသယံဇာတမှ မထွက်သလို၊ ရေအားလျှပ်စစ် စက်ရုံကြီးတွေ ရှိတာလည်း မဟုတ်ဘူး..။ တွေးရင်းတွေးရင်း အသဲယားလာတယ်.. အခုဆိုရင် ကျွန်မတို့နိုင်ငံက ၁၀ တန်း စာမေးပွဲတွေ စစ်ဖို့ နီးနေပြီ ကလေးတွေ မှောင်မှောင်မဲမဲထဲမှာ စာဘယ်လို ကျက်ကြမလဲ မသိဘူး..။ ဒါပေမယ့် ၂၄ နာရီပတ်လုံး မီးလာနေတဲ့ နေရာတွေလည်း ရှိနေပါတယ်.. ဒီလိုတော့ ပေးထားလို့ ရနေတာ..အဲဒီလို မမျှတာတာလေ.....။

တော်ပါပြီ ဆက်မတွေးတော့ဘူး..

ကိုယ့်မိသားစု တခုတည်း ဖြစ်နေတာမှ မဟုတ်တာပဲ.. အားလုံးလိုလို ဒီကိစ္စတွေ ကြုံနေကြမှတော့...
အများ အမှောင်ထဲထိုင်နေသလို ကိုယ်လည်း လိုက်ထိုင်နေရတော့မှာပေါ့....။


ခေတ်ကြီးကမှ မကောင်းပဲလေ....


ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Thursday, January 7, 2010

အမှတ်တမဲ့မှ အမှတ်တရ

မျက်လုံးအစုံကို ဖွင့်လိုက်တော့ အခန်းထဲမှာ အလင်းရောင် မှိန်ဖျော့ဖျော့လေး.... အိပ်ရာဘေး စားပွဲလေးပေါ်က နာရီကို မျက်လုံးအရွှေ့ မနက် ၅ နာရီ ၁၀ မိနစ်။ မနက်စောစော အိပ်ရာထရတာ ကျမဘ၀အတွက် အပင်ပန်းဆုံး အလုပ်တစ်ခုလို့ ထင်မိတယ်..။ ဒါပေမယ့် ဒီနေ့ စောစီးစွာ နိုးနေတဲ့ မျက်လုံးကို ကျေးဇူး တင်လိုက်ပါတယ်။ အိပ်ရာထဲကနေ ထလိုက်ပြီး အခန်းအပြင် အိမ်ရှေ့ ဧည့်ခန်းကိုဖြတ်၊ ကြွက်သွေးရောင် ရင့်ရင့် ခန်းဆီးစလေးကို ဖယ်လိုက်ရင်းက မှန်တံခါးလေးကို ဆွဲဖွင့်လိုက်တယ် ဆိုရင်ပဲ အေးမြတဲ့ လေနဲ့အတူ ဥသြသံလေးက ဆီးကြိုလို့....။

ရန်ကုန်မှာ ဆိုရင်တော့ ဒီအချိန်နဲ့ ဆောင်းရာသီ နံနက်ခင်းက မနက် ၅ နာရီဆိုရင် အလင်းရောင် သိပ်မရလောက်သေးဘူး။ အခုတော့ ဒီမှာ ဒီအချိန်ဆိုရင် မိုးလင်းနေပြီလေ....။ ၀ရံတာလေးမှာ မှီရင်း အိမ်ရှေ့ တောအုပ်လေးဆီကို ကြည့်နေမိတယ်...။ နေ့တိုင်းကြားနေကြ ဥသြလေးရဲ့ လွမ်းတေးဖွဲ့ သံလေးက ဒီနေ့တော့ ပိုပြီး လွမ်းဆွေးနေသလိုပဲ..။ မြန်မာပြည်မှာ နွေရာသီရောက်မှ ကြားရခဲတဲ့ ဥသြသံက ဒီမှာတော့ နေ့တိုင်း အချိန်တိုင်း ကြားနေရတယ်။ ကိုယ်တိုင်ကပဲ အလွမ်းတွေကို သိမ်းထားမိလို့လား မသိဘူး။ နေတဲ့ နေရာမှာတောင် လွမ်းတေးသီတဲ့ ရွှေဥသြက နေ့တိုင်း သာနေလေရဲ့ ...။

ကျမနေတဲ့ အိမ်လေးရဲ့ အရှေ့မှာ တောင်ကုန်းလေးနဲ့အတူ စိမ်းလန်းနေတဲ့ တောအုပ်လေး ရှိတယ်။ အဲဒီတောင်ကုန်းလေး ပေါ်ကို တက်ဖို့ ၂ ပေလောက်ပဲ ကျယ်တဲ့ လူသွားလမ်းလေး ရှိတယ်။ တော်တော်လေးမြင့်ပြီး သစ်ပင်ကြီးတွေက စိမ်းစိုလို့ပေါ့...။ အရမ်းအေးချမ်းပြီး အနားယူလို့ကောင်းတဲ့ အဲဒီတောင်ကုန်းလေးကို နေလာတာ ကြာပေမယ့် တခါမှ မရောက်ဖြစ်ဘူး။ အမြဲတမ်း အိမ်ပေါ်ကနေ လှမ်းကြည့်ရင်း ဥသြသံလေးကိုတော့ နားထောင်မိတယ်။ ကျမလေ တောတောင်တွေ၊ စိမ်းလန်းနေတဲ့ သစ်တောတွေ၊ အေးမြတဲ့ ရာသီဥတု ရှိတဲ့ နေရာတွေကို ချစ်တယ်..။

ငယ်ငယ်တုန်းက ရောက်ခဲ့ဘူးတဲ့ ဒေသလေး တစ်ခုကို အမှတ်မထင် သတိရသွားတယ်။ အမှတ်မထင်ဆိုပေမယ့် အမှတ်တမယ့်မှ အမှတ်တရ ဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ ကိုးတန်း ကျောင်းသူဘ၀ပေါ့။ ဖိုးဖိုးတို့နဲ့ လိုက်သွားဘူးတာပါ။ တောင်ကုန်းလေးတွေနဲ့ သွားရတဲ့ မြေနီလမ်းလေး..။ ဘေးပတ်ဝန်းကျင်မှာ မြေပဲခင်းတွေနဲ့ အရမ်းလှတာတော့ မှတ်မိနေတယ်။ အေးမြပြီး စိမ်းစိုတဲ့ နေရာဒေသလေးပါပဲ.. ဒီလိုနဲ့ မနက်ခင်းတစ်ရက် လမ်းလျှောက်သွားကြရင်း မြေပဲခင်းတွေရဲ့ ယာထဲက အိမ်လေးတစ်လုံးရဲ့ အပြင်ဘက်မှာ ၆ နှစ် ၇ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးလေး တစ်ယောက်..။ ဒီလောက်ချမ်းအေးနေတဲ့ ရာသီမှာ အနွေးထည်မပါပဲ လက်လေးပိုက်ပြီး တဲအပြင်မှ ရပ်နေတာ တွေ့လိုက်တယ်။ ပါးစပ်ကလည်း စာတွေဆိုရင်း မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလို့..။

နဂိုကတည်းက အမြင်မတော်ရင် မနေတတ်တဲ့ ကျမ ခြေလှမ်းတွေက အဲဒီကို ရောက်သွားတယ်။ ကလေးရဲ့ လက်မောင်းလေး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ အေးစက်နေတဲ့ အထိအတွေ့နဲ့ ကျမကို အားကိုးတကြီး မော့ကြည့်လိုက်တဲ့ မျက်ဝန်းလေး ...။ ကျမလည်း သနားသွားပြီး ညီမလေး ဘာဖြစ်လို့လဲလို့ မေးလိုက်တော့... "အမေက စာမရရင် အိမ်ထဲကို မ၀င်ရဘူး၊ အနွေးထည်လည်း မပေးဘူး" တဲ့လေ...။ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားရင်း စိတ်မကောင်းစွာ ကလေးမျက်နှာလေးကို ကြည့်လိုက်မိတယ်..။ ကိုယ်နဲ့မဆိုင်ဘူးလို့ အသိစိတ်က သိနေပေမယ့် ဘာလုပ်ရမလဲလို့ စဉ်းစားလိုက်တယ်..။

ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ယာတဲလေးဆီ လှမ်းအ၀င်... ကလေးအမေလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်တယ်..။ ကျမလည်း မနေနိုင်ပဲ သေချာမေးတော့.. "ကလေးတွေက စာမကျက်ဘူး၊ အားရင် အဆော့ပဲ မက်တယ် ဒါကြောင့် ဒဏ်ပေးပြီး စာကျက်ခိုင်းတာ" တဲ့လေ..။ ဒီလောက်အေးခဲနေတဲ့ ရာသီဥတုမှာ နုနယ်တဲ့ ကလေးတွေအတွက် ဒီလိုမျိုး မလုပ်သင့်ဘူးလို့ ကျမတွေးလိုက်မိတယ်..။ စာသင်တာကို ငယ်ငယ်ကတည်းက ၀ါသနာပါတဲ့ ကျမ အခုလို အဖြစ်မျိုးကို ကြည့်မနေတတ်လို့ ကလေး အမေကိုပြောပြီး ပထမတန်း ကလေးလေးကို အိမ်ထဲခေါ်ပြီး ၁ နာရီ ခွဲလောက် စာသင်ပေးခဲ့ပါတယ်....။

နောက်ဆုံးတော့ စာရသွားလို့ ပျော်သွားတဲ့ ကလေးလေး မျက်နှာ၊ နွေးထွေးစွာ ကျမပေါင်ပေါ်မှာ တင်ပြီး စာတွေလိုက်ဆိုရင်း မိခင်ရဲ့ ကျေးဇူးတင်သွားတဲ့ မျက်နှာက ကျမဘ၀ရဲ့ ပီတိလေးပါပဲ...။ ကျမကို လက်ဖက်ခြောက်နဲ့ မြေပဲတွေကို ကျမတည်းခိုတဲ့ နေရာအထိ လာပို့သွားတဲ့ သားအမိရဲ့ မျက်နှာလေးကို ဒီနေ့အထိ အမှတ်ရနေမိတယ်..။ ကျမ ပြန်ခါနီး သွားနှုတ်ဆက်ရင်း အဲဒီအမဆီက ကတိတခုတော့ တောင်းခဲ့မိတယ်...။ သားသမီးတွေကို အောင်မြင်စေချင်တာ တတ်မြောက်စေချင်တာက မိဘတိုင်းရဲ့ ကြီးမားတဲ့ မေတ္တာ၊ စေတနာပါ..။ ဒါပေမယ့် ဆုံးမတဲ့ နေရာမှာ မှန်ကန်အောင် သွန်သင်ပြသ ပေးတာမျိုးတော့ ဖြစ်စေချင်တယ်..။ ဒါကြောင့် ဒီလိုမျိုး အပြစ်ပေးပြီး စာကျက်ခိုင်းတာမျိုး မဖြစ်စေပဲ တခြားနည်းလမ်းနဲ့ သွန်သင်ပေးပါလို့..။

အိမ်ရှေ့က တောင်ကုန်းလေးကို ကြည့်နေရင်း၊ ငယ်ငယ်က ရောက်ခဲ့ဘူးတဲ့ တောင်ကုန်းလေးတွေနဲ့ နေရာလေးကို သတိတရ ဖြစ်သွားလို့ပါ...။ တစ်ဆက်တည်း အပြုံးတွေနဲ့ ပီတိကို ရရှိခဲ့ဘူးတဲ့ နေရာလေးက အခု ကျမရောက်နေတဲ့ နေရာလေးနဲ့ တူနေတယ်လေ...။ နောက်တစ်ချက်က မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊ ဆရာနဲ့ တပည့် ဖြစ်ဖြစ် ဆုံးမပြုပြင်တဲ့ နေရာမှာလည်း မှန်ကန်တဲ့ ထိရောက်တဲ့ ဆုံးမမှုတွေကိုသာ ဖြစ်စေချင်ပါတယ်..။ သား သမီး မကောင်း မိဘခေါင်း၊ တပည့် မကောင်း ဆရာ့ခေါင်း ဆိုသလို သားသမီးတွေ၊ တပည့်တွေ လိမ္မာရင်၊ တော်ရင်၊ တတ်ရင် အားလုံးမှာ ပီတိဖြစ် ၀မ်းသာရတာပဲလေ..။ ကျမ သိပ်မသိပေမယ့် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို ခံစားမျှဝေရင်း အကြံပြုလိုက်တာပါ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Saturday, January 2, 2010

Double-think, Double-talk, Double standard

နှစ်သစ်မှာ ဘလောဂ့်သူငယ်ချင်းများနဲ့ စာဖတ်သူ သူငယ်ချင်းများ အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်... သူငယ်ချင်း အားလုံးကို လက်ဆောင်တွေ အများကြီး ပေးချင်ပါတယ်။ အဲဒီ လက်ဆောင်လေးကလည်း သူငယ်ချင်းတွေအတွက် တန်ဘိုးရှိတဲ့ အသုံးဝင်မယ့် လက်ဆောင်မျိုးလေး ဖြစ်စေချင်တယ်လေ...။ ဒါကြောင့် ကျမ ဖတ်နေကြ စာအုပ်လေးထဲက တန်ဘိုးရှိတဲ့ "Double-think, Double-talk, Double standard နဲ့ ပညာ" ဆိုတဲ့ စာလေးကို မျှဝေရင်း နှစ်သစ်လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်နော်...။

ဒီစာစုလေးက ကျမ နှစ်သက်သော စာရေးဆရာ ဖေဖြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများ စာအုပ်ထဲမှ ကူးယူ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။
"This, too, shall pass away" ကို မျှဝေပေးစဉ်က ဆက်လက် မျှဝေပေးရန် တောင်းဆိုခဲ့သော သူငယ်ချင်းများကိုလည်း နောက်ကျမှ ဖော်ပြပေးရသည့် အတွက် တောင်းပန်ပါတယ်နော်။

*****************************************
Double-think - ဆန့်ကျင်ဘက် အယူအဆ နှစ်မျိုးကို တပြိုင်တည်း။
Double-talk - ဝေ့လည်ကြောင်ပတ် မရေမရာ ပြောဆိုခြင်း။
Double standard - စံနှစ်မျိုးထားခြင်း၊ လိုသူကို တစ်မျိုး မလိုသူကို တစ်မျိုး ခွဲခြားသတ်မှတ်ခြင်း။

ကျွန်တော်တို့ ငယ်ငယ်က လောကကြီးကို အဖြူ၊ အမည်း နှစ်မျိုးတည်းပဲ မြင်သည်။ ဖြူသည်၊ မည်းသည်။ မှန်သည်၊ မှားသည်။ တရားသည်၊ မတရားသည်။
အတွေ့အကြုံနည်းတော့ ကျွန်တော်တို့ သိတာတွေလည်း နည်းသည်။ သို့သော် သိသမျှသည် ရိုးရိုး စင်းစင်း ရှင်းရှင်းကလေး။ နောက်တော့ တဖြည်းဖြည်း ပိုသိလာသည်။ ပိုရှုပ်ထွေးတာတွေ မြင်လာသည်။ ဖြူတူတူ၊ ညိုတိုတို၊ မည်းတည်းတည်း စသည်ဖြင့်။ မသိချင်၍လည်း မရ၊ သြ၀ါဒတွေ မကြာခဏ ကြားနာနေရသည်။ "ဟေ့ကောင်.. အားလုံး တစ်သမတ်တည်းချသည်း မတွေးနဲ့။ ခြွင်းချက်ဆိုတာ ရှိတယ်။ အလိုက်သင့် အလျားသင့်ဆိုတာ ရှိတယ်။ တစ်ဦးချင်း တစ်ခုချင်းရဲ့ ထူးခြားတဲ့ အနေအထားတွေနဲ့ လိုက်လျောညီထွေ စဉ်းစားပေးရတာ ရှိတယ် တဲ့။

လေကကြီးမှာ နေရာတကာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖြတ်လို့မရဘူး။ လေကသဘာဝဟာ အပိုင်းပိုင်း အပြတ်ပြတ် မဟုတ်ဘူး။ အကန့်လိုက် အကန့်လိုက် မနေရဘူး။ တိကျတဲ့ နယ်နိမိတ်စည်း မရှိဘူး။ တစ်ဆက်တည်း စီးဆင်းရင်းက ပြောင်းလဲ သွားတာမျိုး။ ရောင်ပြေးအထည်လို ဒီဘက်က ပြာပေမယ့် ဟိုဘက်က စိမ်းတယ်။ ပြာလိုက် စိမ်းလိုက်၊ စိမ်းလိုက် ပြာလိုက်။ အဲဒီတော့ တစ်ခုတည်း မူသေမှတ်တဲ့ အကျင့်ကို ဖျောက်။ မအနဲ့၊ မတုံးနဲ့၊ မကြောင်နဲ့...။
"

နားလည်မှုရှိပါစေ။ ဟိုဘက်သည်ဘက် မြင်တတ်ပါစေ။ မယုတ်မလွန် ပြောတတ်ပါစေ။ လူရည်လည်ပါစေ။
သည်လိုနဲ့ တဖြည်းဖြည်း ကျွန်တော်တို့ "နု" ရာမှ "ရင့်" လာကြသည်။ စကားကို ဟိုမရောက် သည်မရောက် ပြောတတ်လာသည်။ ယုံတာ မယုံတာ အပထား ရောယောင်ဖြီဖြန်း လုပ်တတ်လာသည်။

အမှတ်တမဲ့ အဖို့တော့ ဟုတ်သလိုလို။ အခုမှပဲ တတ်လာသလိုလိုအခုမှပဲ လိမ္မာလာသလိုလို။ သို့သော် အဲသည် "လိုလို" တွေနှင့် အနေကြာသည့်အခါ ကျွန်တော်တို့ ခေါင်းထဲမှာ ကိစ္စတစ်ခုကို ဖြူသလား၊ မည်းသလား မကွဲပြားတော့။ မှားသည်၊ မှန်သည် မခွဲခြားနိုင်တော့။ တရားသလား၊ မတရားသလား စဉ်းစားရ ကောင်းမှန်းလည်း မသိတော့။

နှစ်ခွတွေး၊ နှစ်မျိုးပြော၊ နှစ်ပုံစံရပ်ကာ ကျင်လည်လာရင်း တဖြည်းဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်း ဖြောင့်မှန်သော အသိဥာဏ်တွေ ကွယ်ပျောက်ကာ အရာရာမှာ ၀ိုးတိုးဝါးတားနှင့်
"သုညသမား" ဖြစ်တော့မည်။

*****************************************
သည့်အတွက် ဖြေဆေးက အသိဥာဏ် (Intelligence) နဲ့ စိတ်ဓါတ်သတ္တိ (Moral courage)။ အဲသည် နှစ်ခု ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးနိုင်တာ ပညာရှာဖွေမှု (Education) ပင်ဖြစ်ပါသည်။
*****************************************
ပညာ

ဆရာ (Sidney Hook)က နယူးယောက် တက္ကသိုလ်မှ ဒဿနိကဗေဒ ပါမောက္ခ တစ်ဦးဖြစ်သည်။ အဲသည် တက္ကသိုလ်တွင် ၄၅ နှစ်တာမျှ ပညာသင်ကြား ပို့ချခဲ့ပြီး၊ အသက် ၇၀ တွင်မှ အနားယူသည်။ တပည့်များနှင့် ခွဲခွါမည့်နေ့ နောက်ဆုံး စာသင်ခန်းတွင်မူ တစ်သက်လုံး သူတပါး အယူအဆများကိုသာ ရှင်းလင်း သင်ပြလာခဲ့သော ဆရာကြီးက အမှတ်တရ နှုတ်ဆက် သြ၀ါဒအဖြစ် ပညာသင်ကြားခြင်းဆိုင်ရာ သူ၏ ကိုယ်ပိုင် အယူအဆ တစ်ရပ်ကို ပြောပြသွားခဲ့သည်။ သူ့အယူအဆ အနှစ်ချုပ်က......

အသိဥာဏ် (Intelligence) ဆိုတာ အလွန်အဖိုးတန်သည်။ သူ့ကို အစားထိုးနိုင်သော အရာမရှိ။ သို့သော် သူ့ချည်းသက်သက်ဖြင့်တော့ မလုံလောက်။ သတ္တိရှိဖို့လည်း လိုသေးသည်။ သတ္တိဆိုတာက စိတ်ဓါတ်ရေးရာ သတ္တိ (Moral courage) ကိုဆိုလိုခြင်း ဖြစ်သည်။

လူသည် အသိဥာဏ် ရှိမှသာ အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ တရား၊ မတရား ဟူသည်ကို ပိုင်းခြား သိမြင်နိုင်မည်။ သို့သော် စိတ်ဓါတ်သတ္တိလည်း ရှိမှသာ အသိဥာဏ်က ခွဲခြားပြညွှန်သည့်အတိုင်း လိုက်ပါဆောင်ရွက် နိုင်မည်။

ကောင်းတာကို လုပ်နိုင်မည်။
အမှန်ဘက်က ရပ်တည်နိုင်မည်။
တရားသဖြင့် ဖြစ်အောင် စွမ်းဆောင်နိုင်မည်။


တစ်ဖက်တွင်လည်း စိတ်ဓါတ်သတ္တိရှိပြီး ဥာဏ်အမြော်အမြင် မပြည့်စုံ၊ မပြည့်စုံရုံတင်မက အန္တရယ်ပင် ရှိသေးသည်။ အဲသည် လူမျိုးသည် တစ်ယူသန်သမား၊ အယူသည်း အစွန်းရောက်သမား ဖြစ်သွားနိုင်သည်။ ထို့ကြောင့် နှစ်ခုလုံး ပြည့်စုံဖို့ လိုအပ်သည်။

ပညာသင်ကြားခြင်း ဟူသည် အသိဥာဏ်ရော စိတ်ဓါတ်သတ္တိပါ ဖွံ့ဖြိုးတိုးတက် ပြည့်ဝအောင် ဖြည့်ဆည်း ပေးခြင်းမျိုး ဖြစ်သင့်သည်..... ဟူ၍ ဖြစ်ပါသည်။

"သုညသမား" များ မဖြစ်စေရန် ပညာကို တန်ဘိုးထားတတ်ပြီး မှန်ကန်စွာ အသုံးချနိုင်ကြပါစေ......

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ