Friday, February 19, 2010

OJT အလွမ်းပြေ

ကျမတို့ သင်တန်းတွေပြီးလို့ သင်တန်းကျောင်းတွေမှာ အလုပ်သင်အဖြစ် (၆)လ ဆင်းပေးရတယ်။ ကျောင်းမှာတော့ On Job Training (OJT) လို့ပဲ ခေါ်ကြတယ်။ အဲဒီအထဲကမှ ပြန်ရွေးချယ်ပြီး ဆရာ၊ ဆရာမအဖြစ် ပြန်ခန့်တာပေါ့။ အတူတူ သင်တန်းဆင်းတဲ့ အထဲမှ မြန်မာနိုင်ငံ မြို့ပေါင်းစုံ နယ်ပေါင်းစုံက သူငယ်ချင်းတွေလည်း ပါတာပေါ့လေ။ တပတ်ကို ကိုယ့်ရဲ့ ဂျူတီက (၂) ရက်ကျတယ်။ အဲဒီ (၂) ရက်က မနက် (၇)နာရီကနေ ည (၉) နာရီအထိ ကျောင်းသော့ဖွင့်ရတဲ့ အချိန်ကနေ သင်တန်းတွေအားလုံး ပြီးသွားတဲ့ အထိပေါ့။ ဂျူတီကျတဲ့ ရက်မျိုးဆိုရင် ဘယ်သူမှ နောက်မကျရဲကြဘူး။ ဒီ (၆)လတာ ကာလက တကယ့် အရေးကြီးပဲလေ။ အဲဒီအချိန်တွေတုန်းက လခဆိုတာ မရပေမယ့် သင်တန်းသားတွေ ဆရာတွေနဲ့ စာသင်လိုက်၊ အတန်းတွေပြီးသွားရင် မုန့်သွား စားလိုက်ကြနဲ့ ပျော်စရာ အချိန်တွေပါပဲ။

မိန်းကလေးတွေက နေ့ဂျူတီယူရပြီး ယောကျာင်္းလေးတွေကတော့ နေ့နဲ့ည တလှည့်စီ ယူရတယ်။ ညဘက်ဆိုတော့ ကျောင်းမှာပဲ စောင့်အိပ်ရတာမျိုးပေါ့။ တချို့နယ်က ယောကျာင်္းလေးတွေကိုတော့ သက်ဆိုင်ရာ ဆရာတွေက နားလည်မှုနဲ့ ကျောင်းအပေါ်ထပ်မှာပဲ အခန်းပေးထားတယ်။ ကျမတို့ အဖွဲ့ထဲက ယောကျာင်္းလေး သူငယ်ချင်း တစ်ယောက်က အညာဘက် ပခုက္ကူ မြို့ကပေါ့။ သူက စကားပြောရင် အညာလေသံလေးနဲ့ ကျမတို့ကလည်း အညာဓလေ့ စကားတွေကို မသိတော့ အထူးအဆန်းတွေကို ဖြစ်လို့။ နားထောင်လို့ကောင်းသလို သူကို ဘယ်လောက် စစလည်း စိတ်မဆိုးတတ်ဘူး။

တရက်တော့ ကျမတို့ စာသင်ချိန်တွေ ပြီးသွားလို့ ညဘက် ရုပ်ရှင်သွားကြည့်ကြမယ်ဆိုပြီး သူ့ကိုပါ ခေါ်တာပေါ့။ သူက ပြန်ပြောလိုက်ပုံက "ငါ ... မနက်ဖြန်ခါ...မနက်ကြီး ...ကျရင် ဂျူတီ.. တဲ့" ကျမတို့လည်း ရုပ်တရက်ဆိုတော့ ကြောင်သွားတာပေါ့။ နောက်မှ သဘောပေါက်ပြီး ရီလိုက်ကြရော...။ (အညာလေးသံလေးနဲ့ ဖတ်မှ ရီရမှာနော်) သူက မနက်ဖြန်မနက် စောစော ဂျူတီကို ပြောတာလေ...။ အဲဒီကတည်းက သူ့နာမည် အရင်းပျောက်ပြီး "မနက်ဖြန်ခါ မနက်ကြီး" ဖြစ်သွားရော..။

နောက်တယောက်က မိန်းကလေး သူငယ်ချင်း။ သူကလည်း ခင်စရာကောင်းပြီး ထမင်း၊ ဟင်းချက်လည်း အရမ်းကောင်းတယ်။ ချက်လာသမျှ ဘာစပ်သလဲ မမေးနဲ့ ငြုပ်သီးစိမ်းတွေချည်းပဲ။း) တရက်တော့ သူက နားတဲ့ရက်မှာ အညာမုန့်ဟင်းခါး ချက်ကျွေးမယ် အတန်းတွေပြီးရင် သူ့အိမ်မှာ လာစားကြပါတဲ့။ ကျမတို့ သူငယ်ချင်းတွေလည်း မုန့်ဟင်းခါးဆို တအားကြိုက်လေ။ ဒီတော့ အတန်းပြီးတာနဲ့ သူ့အိမ်ကို တန်းပြေးကြတာပေါ့။ သူတို့ အညာ မုန့်ဟင်းခါးက မုန့်ဖတ်က နန်းကြီးလုံးလောက်ရှိတယ်။ အရည်ကလည်း ပဲဟင်းနဲ့တူတူပဲ တော်တော် ပြစ်ပြစ်လေး ချက်ထားတာ ငှက်ပျောအူတွေ ကြက်သွန်တွေလည်း မပါဘူး။

သူကတော့ သူငယ်ချင်းတွေကို စားကောင်းအောင် အညာဝက်အူချောင်း ကြော်တွေလည်း ထည့်ပေးထားတယ်။ အညာဝက်အူချောင်းက တိုတိုတုတ်တုတ်လေးနဲ့ အသားတွေချည်းပဲ။ မုန့်ဟင်းခါးထဲကို ၀က်အူးချောင်းကြော် ထည့်စားရတာ အဲဒီတခါပဲ ကြားဘူးတာလေ။ စားကြမယ်ဆိုပြီး သူက ပြင်ပေးတော့မှ တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထူးဆန်းနေကြတယ်။ တခါမှလည်း မစားဘူးကြတော့ စားရမှာ သိပ်မရဲကြဘူး။ သူကလည်း သိတယ် ထင်တယ် စားနိုင်သလောက်ပဲ စားပေါ့ နင်တို့မစားဘူးတာ သိလို့ ငါက ချက်ကျွေးတာတဲ့။ ဒီတော့လည်း ဗိုက်ကဆာဆာနဲ့ ဆွဲလိုက်ကြတာ တစ်ယောက် (၂)ပွဲပေါ့..။ ဒါတောင် သိပ်မကြိုက်လို့တဲ့..။း) အဲဒီကစလို့ သူ့ကိုလည်း အားလုံးက နာမည်ကို အဖျားစွတ်ခေါ်ပြီး "အ၀င်းမုန့်ဟင်းခါး" ဆိုပြီး နာမည်ပေးလိုက်ကြပါရော..။း) တကယ်လည်း အညာမုန့်ဟင်းခါးက စားလို့ကောင်းခဲ့ပါတယ်။

သူ့ဒေသနဲ့သူ စကားအပြောအဆို လေယူလေသိမ်းတွေ မတူကြသလို အစားအသောက် တွေကလည်း ဒေသတခုနဲ့တခု ကွဲပြားကြတာပဲလေ။ ဒါပေမယ့် အားလုံးကတော့ တနိုင်ငံထဲမှ နေကြတဲ့ ညီအကို မောင်နှမတွေရင်းတွေလိုပါပဲ။ တွေ့ခဲ့ကြုံခဲ့ ခင်မင်ခဲ့တဲ့ အခိုက်အတန့်လေးမှာ တကယ့်ကို ပျော်စရာကောင်းတဲ့ ဘ၀လေးတွေပေါ့။

မနက်က OJT အတူတူ ဆင်းခဲ့တဲ့ သူငယ်ချင်းနဲ့ အွန်လိုင်းမှာ တွေ့လိုက်လို့ အရမ်းဝမ်းသာပြီး ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောဖြစ်ခဲ့ကြတယ်။ သူငယ်ချင်းက တွေ့တွေ့ချင်း စမေးလိုက်တာက "မနက်ဖြန်ခါ မနက်ကြီး မိန်းမရသွားပြီ"... နင်သိလားတဲ့။ သူမေးလိုက်တော့မှ သတိရပြီး ရီချင်သွားတယ်။ ဒါကြောင့် အမှတ်တရ ဖြစ်ခဲ့တဲ့ အညာက သူငယ်ချင်းတွေ အကြောင်းလေးကို ပိုစ့်လေးရေးလိုက်မိတာပါ။ အဝေးရောက် OJT တုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ကျေးဇူးရှိခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဒီပိုစ့်လေးနဲ့ သတိတရ နှုတ်ဆက်လိုက်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

20 comments:

ညရဲ့ကောင်းကင် said...

မမနွယ် အမှတ်တရရေးတဲ့ ပို့စ်လေးကို လာဖတ်သွားပါတယ်...

Craton said...

မနက်ဖြန်ခါ မနက်ကြီး မိန်းမရတော့
မင်္ဂလာဆောင်မှာ အ၀င်းမုန့်ဟင်းခါး မကျွေးလိုက်ဘူးလား.. ညံ့ချက်ကွယ်။

လူပျိုကြီး said...

မနက်ဖန်ခာ မနက်ကြီးကျရင် :D ကျွန်တော်ကတော့ ကြားနေကျဖြစ်လို့ ဖြစ်မယ်ထင်တယ် မရယ်ရဘူးဗျ မထူးဆန်းဘူးဖြစ်နေတယ်။ :D

ဒဏ္ဍာရီ said...

အင်း... ဟုတ်မယ် ဒါဆို ကိုလူပျိုကြီး အညာသား ဖြစ်ရမယ်။း)

ဂျပန်ကောင်လေး said...

း))... စကားလုံးအပြောအဆိုနဲ့ ပတ်သက်ပြီးတော့ အရင်က ကျနော် ခဏခဏ ခံရတယ်.. .ခုတော့ စကားပြောတာချင်းတူတဲ့ သူငယ်ချင်းရှိတော့ ခံသာသွားတယ်... ဟီးဟီး

~ဏီလင်းညို~ said...

ညီမရေ...
မနက်ဖြန်ခါ မနက်ကြီးရောက်ရင် နောက်ပို့စ်တစ်ခု ပြောင်းတင်ဦးနော်.....။ ဟိဟိ...း)
ခင်မင်တဲ့
ဏီလင်းညို

kokomaung.uk said...

မနက်ဖြန်ကာ မနက်ကြီးမှာ ကျနော်ကတော့ စောစောကြီး အိပ်ရာထမှာ မဟုတ်ဘူး။ အအိပ်ကြီးလို့။းဝ

သူ့ဓလေ့ သူ့အသုံးအနှုံးလေးတွေ ချစ်စရာကောင်းပါတယ်။
ပျော်ရွှင်ကြည်နူးပါစေ။

ဗညားရှိန် said...

နက်ဖြန်ခါ မနက်ကြီးလာတယ်ဗျို့ အယ် ဟူတ်ပါဘူး နက်ဖြန်ခါ ညနေကျမှ လာတော့မယ်နော် မမ ဟီးဟီး

အိမ့်ချမ်းမြေ့ said...

ပျော်စရာပိုစ်လေးကို မလေး လာဖတ်သွားပါတယ်း)

သဒ္ဓါလှိုင်း said...

သူငယ်ချင်းအကြောင်းလေးတွေက
လွမ်းစရာလေးတွေပဲနော်။ ဘယ်တော့မှမမေ့နိုင်ကြဘူး။
ပျော်ရွှင်ပါစေမဒဏ္ဍာရီရေ...
ခင်တဲ့
သဒ္ဓါ

မိုးခါး said...

အားးးးးးးးး
ဗိုက်ဆာနေပါတယ်ဆို
း((
မုန့်ဟင်းခါးလည်း စားချင်တယ်
ဝက်အူချောင်းလည်း စားချင်တယ်
:P

ဒဏ္ဍာရီ said...

ကျွေးမယ် ညီမလေးရေ........ မနက်ဖြန်ခါ မနက်ကြီးကျရင် အညာမုန့်ဟင်းခါး ၀က်အူးချောင်းလေးနဲ့ ကျွေးမယ်.. လာစားနော်။း)))

ချော (အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာ ကောင်းတဲ့ပိုစ့်လေးကို
ရယ်မောရွှင်ပြစွာ လာဖတ်သွားပါတယ်..
သူငယ်ချင်းတွေကို ချစ်ခင်တတ်တဲ့ စိတ်လေးကို
သဘောကျမိပါတယ်..

ပျော်ရွှင်ပါစေ...

အင်ကြင်းသန့် said...

မမရေ...စာလာဖတ်တယ်
ညီမလေး ဘယ်ကိုမှ ပါမသွားပါဘူး မမရဲ့...ရုံးစပိတ်တဲ့နေ့ကတည်းက အိမ်က အင်တာနက်လိုင်းက ပျက်သွားတာလေ...singtel ကဒီနေ့မှ လာပြင်ပေးတာလေ...အဲဒါကြောင့် မရောက်ဖြစ်တာမမရေ...
ညီမလေး မနက်ဖြန် မနက်ကြီးကျရင်ရုံးတက်ရဦးမှာမို့လို့ ပြန်တော့မယ်နော် မမ :D

ချစ်တဲ့
ညီမလေး
အင်ကြင်း

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ဒဏ္ဍာရီ ရေ..

ရွှင်လန်းချမ်းမြေ့ပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။ အညာအကြောင်းလေးတွေ ရေးထားတော့ အညာကို သတိရသွားတယ်ဗျာ။ အညာသားတွေ စကားပြောလိုက်ကြရင် အညာလေ..အညာသံကို အထင်သားတွေ့မြင်ရတော့ တာပါဘဲ။ ကျနော်လဲ ကိုယ်တိုင်ကသာ သတိမထားမိတာဗျ။ တွေ့တဲ့လူတိုင်းက စကားပြောလိုက်တာနဲ့ အညာသား ဆိုတာ တန်းသိတာဘဲ။

ညနေအချိန် လို့ ပြောရင်လဲ ညနေဂျီးကွာ... မိန်းကလေးတွေ အများကြီးလို့ ပြောရင်လဲ မိန်းမဒွေ... ဟုတ်ရဲ့လား ဆိုရင်လဲ ဟုတ်ကောဟုတ်ရဲ့လား... :) :)..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

may16 said...

သူငယ်ချင်းတွေနဲ့ ဆို ဘယ်နေရာ ဘယ်အချိန်ဖြစ်၂ အားလုံး အမှတ်တရာတွေကြီးပဲနော်.

~ဏီလင်းညို~ said...

ညီမရေ...
စီဗုံးရော...?
ပြီးတော့ ဘလော့ဂ်မှာ ဒီပို့စ်က 3weeks ago ဆိုတာပြနေလို့ လာပြောတာ....။ ဘာဖြစ်လို့လဲ မသိဘူးဟ...း(
ခင်မင်တဲ့
ဏီလင်းညို

အင်ကြင်းသန့် said...

မမ...ညီမလေးပိုစ့်အသစ်တင်လားလို့လာကြည့်တာ
...စီဗုံးပြန်ဖြုတ်ထားရပြန်ပြီလား :(

နန်း said...

စာရေးကောင်းတယ်

မြတ်မွန် said...

မမရေ..အညာအကြောင်းလေးက ချစ်စရာလေးပါ။
ချစ်တဲ့
မြတ်မွန်