တစ်ညနေ ရုံးကအပြန် စာတိုက်ပုံးကို သွားစစ်လိုက်တော့ ကျမနာမည်နဲ့ စာတစ်စောင် မြန်မာပြည်က ရောက်နေလေရဲ့။ မေမေ့လက်ရေးနဲ့ စာလေးကို ကြည့်ပြီး အံ့သြ၀မ်းသာ စိတ်နဲ့အတူ ထူးဆန်းသလိုတော့ ဖြစ်သား။ မိသားစုနဲ့ ဖြစ်ဖြစ် မိဘတွေနဲ့ ဖြစ်ဖြစ် အွန်လိုင်းကနေ စကားပြော၊ မပြောရင် ဖုန်းဆက်နေကျဆိုတာ့ စာလာတော့ အံ့သြမိတာအမှန်ပဲ။ အိမ်ပေါ်မတက်နိုင်သေးပဲ သိချင်စိတ်နဲ့ စာလေးကို ဖောက်လိုက်မိတယ်။
စာလေးရဲ့ အစမှာတင် မေမေ့ရဲ့ "သမီး" ဆိုတဲ့ စကားလုံးလေးကို မြင်လိုက်ရတော့ မျက်ရည်က အလိုလို ၀ဲလာမိတယ်။ မေမေ့စာထဲက အဓိက အကြောင်းကတော့ သားလေး အကြောင်းပေါ့။ သားက သူ့အမေဆီကို စာရေးချင်တယ် ဆိုလို့ မေမေက ဒီစာလေးကို ရေးလိုက်ရတာတဲ့လေ..။ မေမေရေးတဲ့ စာလေးကို ဖတ်ရင်း သားလေးကို လွမ်းတဲ့စိတ်က တားမရ စီးမရပေါ့..။ မေမေကတော့ ကျမအတွက် မှာနေကျ စကားလုံးတွေနဲ့ စာဖွဲ့ထားပေးပါတယ်။
မေမေ့ လက်ရေးလေးတွေ အောက်မှာတော့ သားလေးရဲ့ တလုံးချင်းစီ မညီမညာ လက်ရေးလေး..။ "သားသား သတိရတယ် မေမေ" တဲ့... စာလုံးလေးတွေက ကျမရင်ထဲက နှလုံးသားကို စွဲလှုပ်လိုက်ပါပြီ...။ သားလေးက ကျမကို သတိရကြောင်း ဖုန်းပြောတိုင်း ပြောတတ်ပေမယ့် အခုစာထဲက အကြောင်းအရာလေးကိုတော့ သူအခုမှ ပြောတာပါ။ သားလေး ရေးထားတဲ့ အကြောင်းလေးက သူ ကျမကို အရမ်း သတိရတယ်ဆိုတဲ့ အကြောင်းလေးပါ...။ သားလေးက ကျောင်းတက်၊ ကျောင်းဆင်းချိန်ရောက်ရင် အမေကို ပိုပြီး သတိရတယ်တဲ့လေ..။ သူငယ်ချင်းတွေက မိဘတွေ လိုက်ပို့ လိုက်ကြိုတာတွေ မြင်ရရင် မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတယ် မေမေတဲ့။ သားက ဖိုးဖိုးကြီးနဲ့ ကျောင်းသွားရတာကို ပျော်ပါတယ်။ ဒါပေမယ့် မေမေနဲ့ ဖေဖေနဲ့လည်း တခါတလေ ကျောင်းသွားချင်တာပေါ့ ဆိုပြီး ရေးထားတယ်..။ စာလေးရဲ့ အောက်ဆုံးမှာ "မေမေ့ကို ချစ်တဲ့ သားသား" တဲ့...။
သားလေးရဲ့စာကို ဖတ်ပြီး ကျမ မျက်ရည်ကျရပါပြီ..။ သားလေးက အဖေနဲ့ အမေ မေတ္တာကို အချိန်ပိုင်းလေး လောက်ပဲ ရခဲ့တာလေ...။ ကျမနဲ့ သူနဲ့ ကလည်း တနိုင်ငံစီ အလုပ်လုပ်နေကြရတာ ဆိုတော့ သားလေးကို အဖိုး၊ အဖွားတွေနဲ့ပဲ ထားခဲ့ရတာ။ ကျမ တနှစ်တခါတော့ ပြန်ဖြစ်တဲ့ အချိန်လေးမှာ သားလေးနားမှာ အချိန်ပြည့် နေခဲ့ပါတယ်။ သူကတော့ (၂) နှစ် (၃) နှစ်နေမှ တခါသာ ပြန်လာနိုင်တယ်။ သားက အသက်ငယ်သလောက် လူရိပ်လူကဲ အရမ်းကို နားလည်တဲ့ ကလေးပါ။
သားလေးက အခုဆိုရင် (၈) နှစ်ကျော်ပြီဆိုတော့ သိတတ် နားလည်နေပြီလေ..။ အဖိုးနဲ့ အဖွားကိုလည်း သူ့ကို ချစ်အောင် နေတတ်တယ်။ မေမေနဲ့ဖေဖေကလည်း သူတို့မြေးလေးက မြေးဦးဆိုတော့ သားသမီးလို မြေးလို နှစ်မျိုးပေါင်းပြီး ချစ်နေရတာပါ..။ မိဘကို လွမ်းရင် စာရေးပြီး သူ သတိရကြောင်းလေး ပြောတတ်ပေမယ့် အခုလို ကျောင်းသွားရင် မိဘတွေကို သတိရတဲ့ စာမျိုးလေးကတော့ ပထမဆုံး အကြိမ် ကျမဖတ်ရတဲ့ စာလေးပါ...။
စာလေး ဖတ်ပြီးပြီးချင်းပဲ ကျမ သားလေးဆီ ဖုန်းခေါ်ဖြစ်ခဲ့တယ်လေ...။ သားက ဖုန်းထဲမှာတော့ အမေကို ရီပြီး စကားတွေ ပြောနေလိုက်တာ...။ "သားလေးရဲ့စာကို မေမေ ဖတ်ပြီးပြီနော် သားလေး" လို့ ပြောလိုက်တော့ သားက ကျမကို ... "မေမေနဲ့ ဖေဖေ ပြန်လာရင် သားကို တူတူ ကျောင်းလိုက်ပို့ပါနော်" တဲ့လေ...။ "အင်းပါ ... သားရယ် မေမေရော ဖေဖေပါ အတူတူ လိုက်ပို့မှာပေါ့" လို့.. ပြန်ပြောလိုက်ပေမယ့် ပါးပြင်ပေါ်ကို ပူနွေးစွာ စီးကျလာတဲ့ မျက်ရည်တွေကို ကျမ မသုပ်ချင်တော့ဘူး...။ သားလေးနဲ့ ဖုန်းပြောပြီး သူရှိနေတဲ့ နိုင်ငံဆီကို ဒီအကြောင်းလေး ဖုန်းဆက်ပြီး ပြောဖြစ်လိုက်တယ်။ သူလည်း စိတ်မကောင်း ဖြစ်သွားတယ်...။ ကျမနဲ့သူနဲ့ လာမယ့် သင်္ကြန်ကာလလေးကို ခွင့်နဲ့ပြန်လို့ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်မိတယ်..။
မိသားစုတွေ တကွဲတပြားနဲ့ နေရတဲ့ ခံစားမှုတွေကို ကျင့်သားရနေပေမယ့် သားလေးဆီက စာကြောင့် ကျမရဲ့ ရင်ထဲမှာ ခံစားချက်တွေ အသစ်ပြန်ဖြစ်သွားတယ်။ အမှန်တော့ မိသားစုတွေရဲ့ စီးပွားရေးတွေကြောင့် ဆန္ဒနဲ့ လက်တွေ့ဘ၀ကို ခွဲခြားထားခဲ့ရတာပါ..။ ရောင့်ရဲ တင်းတိမ်မှု မရှိလို့ မဟုတ်ပေမယ့် မိသားစုဘ၀ အခြေခိုင်ခိုင်နဲ့ ရပ်တည်နိုင်ဖို့က သင့်တင့်တဲ့ ငွေကြေးတော့ လိုအပ်ပါတယ်။ ကျမတို့လို ခွဲခွါနေရတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိမလဲ မသိဘူးနော်...။ ကျမတို့ မိသားစု တနေ့မှာတော့ အတူတကွ နေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်...။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

27 comments:
မိသားစုတွေအမြန်ဆုံး ဆုံဆည်းနိုင်ပါစေဗျာ။
မမရေ...
မမရဲ့ ကွန်မန့်လေးကိုတွေ့လို့ ချက်ချင်းလာခဲ့တာ...ဖတ်ပြီး စိတ်မကောင်းဘူး မမရယ်...ကလေးကိုလည်းသနားလို့...သားသားဆီကို မမတို့ မကြာခဏဖုံးဆက်ပေးပေါ့နော်...ပြီးတော့ မမတို့ နှစ်ယောက်သင်္ကြန်ရက်ကို ခွင့်နဲ့ပြန်မယ်လို့ ဆုံးဖြတ်လိုက်တာကိုလဲ ဖြစ်အောင်ကြိုးစားပြီးပြန်ပါမမရယ်...ကလေးသနားပါတယ်...
မမတို့ မိသားစုရည်ရွယ်ချက်လေးတွေ အမြန်ဆုံးပြည့်ဝပြီး မိသားစုပျော်ရွှင်ချမ်းမြေ့စွာ အတူတကွပြန်လည်နေထိုင်ခွင့်ကိုမြန်မြန်ရပါစေလို့ ညီမလေး ဆုတောင်းပေးတယ်နော်...
မမကိုချစ်တဲ့
ညီမတောင် ခု ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ် ..း(
အမတို့ မိသားစုလေး အမြန်ဆုံး ပြန်လည်စုစည်းပြီး နေနိုင်ပါစေနော် ..
ညီမရေ...
စာလေးဖတ်ပြီး...စိတ်တောင်မကောင်းဘူးဟ...း((
ဘာပဲဖြစ်ဖြစ်အနားမှာနေပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ...။ ဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ခဏဖြစ်ဖြစ်ပြန်ပေးလိုက်ပါဦး...။ ကလေးလေးတွေဘ၀က မိဘနဲ့နေရမယ့်အရွယ်မှာ မနေရတာ သနားစရာကောင်းပါတယ်ဗျာ...။
(အော်လံလည်းမရှိတော့ မအော်သွားရတော့ဘူး...ဟူးဟူး....း))
ခင်မင်တဲ့
ဏီလင်းညို
သားအပေါ်ထားတဲ့ အစ်မရဲ့ မိခင်မေတ္တာစိတ်ကို လေးစားပါတယ်..
သားလေးနဲ့ အမြန်ဆုံး ပြန်ဆုံတွေ့နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်နော်..
ခင်တဲ့
ချော
ဖြစ်ချင်တာတွေ..အမြန်ဆုံးဖြစ်လာပါစေလို့ 
ဆုတောင်းပေးပါတယ်
သားလေးရဲ့စာကို မေမေ ဖတ်ပြီးပြီနော် သားလေးလို့ ပြောလိုက်တော့ သားက ကျမကို ... မေမေနဲ့ ဖေဖေ ပြန်လာရင် သားကို တူတူ ကျောင်းလိုက်ပို့ပါနော် တဲ့လေ...။ အင်းပါ ... သားရယ် မေမေရော ဖေဖေပါ အတူတူ လိုက်ပို့မှာပေါ့လို့.. ပြန်ပြောလိုက်ပေမယ့် ပါးပြင်ပေါ်ကို ပူနွေးစွာ စီးကျလာတဲ့ မျက်ရည်တွေကို ကျမ မသုပ်ချင်တော့ဘူး...
ကျွန်တော် ဒီစာပိုဒ်လေးကို ဖတ်အပြီး မျက်ရည်ဝဲခဲ့တဲ့ ဆို မမယုံနိင်မလား . . . . ကျွန်တော်ကိုယ်တိုင်လည်း တကွဲတပြားဖြစ်နေတဲ့ မေမေနဲ့ ဖေဖေ ကိုပိုင်ဆိုင်ခဲ့ရတော့ မမသားလေးရဲ့ ခံစားချက်ကို နားလည်တယ် . . . . သိပ်အကြာကြီးတော့ ခွဲမထားပါနဲ့ မမရယ် . . . ကြာရင် ကလေးဆိုတာ ငယ်သေးတော့ ခံစားချက်တွေ တိုးလာရင် သူ့ဘ၀ တက်လမ်းတစ်လျှောက်မှာ ခံစားချက် အားငယ်မှု တွေ ဖြစ်သွားနိင်တယ် . . . အရာရာမှ ယုံကြည်မှု ပုံမှန်ထက် နည်းသွားနိုင်တယ် . . . အဘိုးအဘွားဆိုတာ အဖေ အမေထက်တော့ ဘယ်နွေးထွေးမှုရှိနိုင်မလဲ
အကိုနဲ့ တိုင်ပင်ပီးတော့ အမြန်ဆုံး ပြန်နေဖြစ်အောင် ကြိုးစားပေးပါလို့ သားလေရဲ့ ကိုယ်စား ကျွန်တော် တောင်းဆိုပေးလိုက်ပါတယ် မမ . . . .
ခင်မင်စွာဖြင့်
မောင်လေးဗညား
စာဖတ်ပြီး စိတ်တောင်မကောင်းဘူး.. မမနွယ်ရယ်... တကယ်ပါ... သားကို အဝေးမှာထားခဲ့ရတဲ့ ခံစားချက်ဟာ ဘယ်လောက်ပူလောင်မယ်ဆိုတာ နားလည်နိုင်ပါတယ်.... ဘယ်တော့များအခါမှ ကျနော်တို့ ချစ်တဲ့သူတွေ.. မိသားစုတွေ...နဲ့ မခွဲမခွာ အတူတူနေထိုင်ပြီး ကိုယ့်နိုင်ငံအတွင်းမှာကိုပဲ ကြီးပွားတိုးတက်အောင် လုပ်နိုင်မလဲ မသိဘူးနော်... အဲဒီတစ်နေ့ကို ကျွန်တော်တို့တွေ ၀ိုင်းပြီး လက်ချိုးရေ စောင့်ကြရအောင် မမနွယ်ရေ.........
ခင်မင်တဲ့
ဂျပန်ကောင်လေး
မိသားစုလေးဆုံစည်းနိုင်ပါစေ
လျှိုထားတာတွေ ခုမှပဲသိတော့၏။
နေနိုင်သည်။
ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာသည်။
ဆုတောင်းပေးပါသည်။
ပလ္လင်တစ်ခုအတွက် ရင်းလိုက်ရသည့်
မိခင့်နှလုံးသားတွေ မိခင့်သောကတွေကို
နားလည်လေ ရင်နင့်မိလေ။
တခြားသူတွေလိုမနွယ်လို့ပဲခေါ်လို့ရမလားဟင်...။ မတွေ့ဖူးပေမဲ့ စိတ်ထဲကနေ တကယ်ကို လှိုက်လှိုက်လှဲလှဲခင်မင်မိတယ်။ အဲဒီလိုမိဘတွေနဲ့သားသမီးတွေနဲ့ဝေးနေတာတွေကိုကိုယ်ချင်းစာပြီး
တကယ်ဝမ်းနည်းတယ်။ ကလေးနဲ့တော့နီးနီးကပ်ကပ်နေနိုင်တာအကောင်းဆုံးပါ။။။
လူတွေဟာမျှော်လင့်ချက်နဲ့အသက်ရှင်နေရတာပဲလေ။
ခင်တဲ့
သဒ္ဓါ
မင်္ဂလာပါ ဒဏ္ဍာရီ..
သား လေးနဲ့အတူ ရွှင်လန်းချမ်းမြေ့စွာ အတူတကွ နေထိုင် အဆင်ပြေနိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။
သင်္ကြန်မှာ သားလေးနှင့်အတူ၊ အဘိုးအဘွားတွေနဲ့ အတူ ပျော်ရွှင်စွာ ရေကစား ပျော်ရွှင်နိုင်ပါစေ။
သားသား သတိရတယ် မေမေ တဲ့။ ဖတ်ရင်းနဲ့ ကျနော် ကိုယ်တိုင် ခံစား နားလည် မျက်ရည် ၀ဲ ခဲ့မိတာ အမှန်ပါ ဒဏ္ဍာရီ...
ခင်မင်စွာဖြင့်
ကိုမျိုး
နွယ်ရေ...
မိဘတွေနဲ့ဝေးနေရတဲ့..ခလေးတယောက်ရဲ့ခံစားချက် ကို နမ်းအရမ်းကို ကိုယ်ချင်းစာတတ်တာပေါ့..။
သားလေး မှာ မိဘမေတ္တာငတ်နေရှာတယ်...
နွယ်တို့မိသားစုလေး အမြန်ဆုံး ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။
စာဖတ်ရင်း ကျွန်တော်လည်း ကိုယ်ချင်းစာလို့ စိတ်မကောင်းဖြစ်သွားတယ် အစ်မရယ် ကျွန်တော်လည်း ငယ်ကတည်းက ဒီအချိန်အထိ အဖေအမေနဲ့ အတူတူနေရတဲ့အချိန် တော်တော်ကိုနည်းပါတယ်။ အမေလည်း ဘယ်အချိန် ဖုန်းဆက်ဆက် သားဘယ်တော့ ပြန်လာမှာလဲ အမြဲမေးတယ်
ခေတ်ရဲ့  အခြေအနေအရ ဆက်သွယ်မှုကောင်းလို့သာ တော်ပါသေးရဲ့ ။ ဘာဆက်သွယ်မှုမှ လုပ်မရတဲ့ခေတ်ကြီးမှာ သားတစ်ကွဲ အမေတစ်ကွဲနေရရင် ဘယ်လောက်များ ၀မ်းနည်းကြွေကွဲဖို့ကောင်းလိုက်မလဲ။ အခုတော့ အဆိုးထဲက အကောင်းပေါ့လေ။ အသံလေးတွေကြားနေရတယ်။ ရုပ်ကလေးတွေမြင်နေရတယ်။ အဲဒါလေးတွေနဲ့ဘဲ အလွမ်းဖြေရတော့တာပေါ့။
မိသားစု ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေပြန်ဆုံနိုင်ကြပါစေ။
မမနွယ် ကျွန်တော်လည်း ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်....
သားငယ်လေးရဲ့ မိဘနဲ့ အတူနေချင်တဲ့ ဆန္ဒက ဘယ်လောက်များပြင်းပြနေမလဲ အစ်မရယ်...
သနားပါတယ်... ခုလို အချိန်မှာ အခြေအနေအမျိုးမျိုးကြောင့် ခွဲနေရပေမယ့် အမြန်ဆုံးမိသားစုတွေ ပြန်ဆုံကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ...
အဲဒီတနေ့နေ့ဆိုတာ မကြာခင်သာရောက်လာပါစေတော့ဗျာ...
လေးစားစွာဖြင့်
ညရဲ့ကောင်းကင်
အမရယ်...
ဖတ်ပြီး စိတ်မကောင်းဖြစ်တာထက် ကြက်သည်းတွေတောင် ထမိတယ်ဗျာ..
ကျွန်တော်တို့ အမတို့လို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့သူတွေ အများစုကတော့ ဒီလိုမျိုး ခံစားချက်တွေ ရှိကြမှာပါ..
အားမတန်လို့ မာန်လျှော့ထားရပေမယ့် တစ်ခါတစ်ခါ ရင်ထဲက ရိုက်ခတ်လာတဲ့ မမြင်နိုင်တဲ့ လှိုင်းလုံးကြီးတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် မနည်းကြိုးစားရပါတယ်ဗျာ..
အားမငယ်ပါနဲ့ဗျာ
ပျော်ရွှင်တဲ့မိသားစုဘဝလေး တစ်နေ့ပိုင်ဆိုင်ရမှာပါ..
ခင်မင်လေးစားစွာဖြင့်
စည်သူ
သားသမီးကို တင့်တင့်တယ်တယ်ထားချင်တဲ့ စေတနာလေးကို ကလေးသိအောင် ပြောပြ ပေးပေါ့။ မကြာခင် ပြန်ဆုံကြရမှာပါ။ ဒီလိုပါပဲ အခုခေတ်မှာ အားလုံး အိမ်နဲ့ဝေးနေကြရတယ်။ နုနယ်တဲ့ကလေးတွေ အတွက်တော့ စိတ်ဒါဏ်ရာ ပိုကြီးစေမှာပါပဲ
ပျော်ရွှင်စွာနဲ့ အမြန်ဆုံး ပြန်ဆုံကြပါစေနော်။
ကျနော့်ဘလော့မှာ အမအသစ်တင်ပေမယ့် မတက်လာလို့ မလာဖြစ်တာပါ။ အခုမှ ပြန်ကြည့်ဖြစ်တော့ မပြောင်းလဲသော ၂၄ နှစ်တာဆိုတဲ့ ပို့စ်က နောက်ဆုံးဖြစ်နေတယ်။ အသစ်ပြန်ချိတ်ပြီး နောက်နေ့တွေမှ စာကြွေးတွေ လာရှင်းတော့မယ်။ (စီဘောက်မတွေ့လို့)
သားလေးရဲ့ စာကို ဖတ်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။
ကိုယ်လည်း သူ့နေရာမှာသာဆို သူ့လိုပဲ ခံစားရမှာပဲလေ...
မိသားစုတွေ အမြန်ဆုံး ဥမကွဲသိုက်မပျက် ပေါင်းစည်းနိုင်ကြပါစေ...
မိသားစုလေးဘဝတွေက
ကြေကွဲစရာပါ
မမ...ညီမလေး လာချောင်းတယ်...ပိုစ့်အသစ်ရေးဦးလေ...သားသားကို လွမ်းနေလား...
ချစ်တဲ့
ညီမလေး
အင်ကြင်း
မနွယ်..
အသစ်တင်တိုင်းမပြတ်လာဖတ်ပေးတာ
အရမ်းကျေးဇူးတင်တယ်။ဝမ်းသာမိတယ်။
အမှတ်တရစကားလေးတွေကြောင့်
လည်းပိုလို့အားရှိပါတယ်။ဒီလိုပဲအမြဲအားပေးပေါ့နော်..။
ပျော်ရွှင်ပါစေ။
ခင်တဲ့
သဒ္ဓါ
မိသားစုတွေ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေရှင်..
ဖတ်ရင်း သားသားရဲ့အလွမ်းတွေက ကိုယ့်ရင်ထဲကိုပါ ကူးစက်လာသလို ခံစားရပါတယ် ညီမလေးရေ။ "မေမေနဲ့ ဖေဖေ ပြန်လာရင် သားကို တူတူ ကျောင်းလိုက်ပို့ပါနော်" ဆိုတာလေး ဖတ်ရတော့ ရင်နင့်သွားတယ်။
ပြည့်စုံအောင် ကြိုးစားနေဆဲဖြစ်တဲ့ ကာလတစ်ခု လွန်မြောက်ရင်တော့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် အတူနေနိုင်ကြတော့မှာပါ။ အဲဒီအချိန်ကိုလည်း အမြန်ဆုံးရောက်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်...
မမရယ် ဝမ်းနည်းလိုက်တာ သားလေး သနားပါတယ်..
ဒါပေမယ့် သားလေးကို ပညာတွေတက်အောင် ကျောင်းကောင်းကောင်းတွေ ထားနိုင်အောင် ပြည့်ပြည့်စုံစုံတွေ ထားပေးနိုင်တာတော့ ပီတိပါပဲ..။ ကောင်းတာလေးတွေကြီးပဲ တွေးပေါ့ မမရာ.. အရင်းနှီးဆုံး အဖိုးအဖွားတွေနဲ့ နေနေရတာပဲ..သားလေး ပျော်မှာပါ။
ချစ်တဲ့
ရှိတာပေါ့ ။ အဲ့လို မိသားစုတွေ
လောကကြီးမှာ ငွေက အရေးမကြီးဘူးလို့ ယူဆထားတယ်ဆိုရင် မိသားစု စုစုစည်းစည်းလေး နေသင့်တယ် ။
ငွေဆိုတာ ရှာလေ မရပ်နိုင်လေပဲ ...
အချိန်လွန်မှ မကယ်နိုင်ဖြစ်လိမ့်မယ် ။
ကလေးက ငယ်ပါသေးတယ် ... ခုချိန်ပြန်နေရရင် အဆင်ပြေဦးမှာပါ ...
Post a Comment