Tuesday, February 9, 2010

အတ္တကင်းတဲ့ချစ်ခြင်းတရား

"အတ္တ" ဆိုတဲ့ အရာဟာ လူသားတိုင်းမှာ ရှိနေကြတာပါ..။ နည်းတာနဲ့ များတာပဲ ကွာမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီ "အတ္တ" ဆိုတာက အတိုင်းအတာ တခုထိပဲ ရှိနေရင်တော့ ကောင်းတာပေါ့လေ။ ကျမတို့ကိုယ်တိုင်လည်း အတ္တနဲ့မှ မကင်းနိုင်တာ ဒါကိုလည်း ၀န်ခံပါတယ်။ အတ္တ မရှိရင် မထားရင်တော့လည်း အကောင်းဆုံးပေါ့။ အတ္တ သိပ်ကြီးပြန်ရင်လည်း မိမိကိုယ်ပဲ ပြန်ထိခိုက်တာပဲလေ။ လူတစ်ယောက်ကို ချစ်လို့ပဲ ဖြစ်စေ၊ မုန်းလို့ပဲ ဖြစ်စေ အတ္တဆိုတာက တစ်ပါတည်း ကပ်ပါလာစမြဲပါ။

ဥပမာ....

ချစ်ခြင်းတရားဆိုတဲ့ အရာ..။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူရဲ့ အချစ်ကို ပိုင်ဆိုင်ချင်လာရော.... နောက်ဆက်တွဲ သူ့ကိုပါ ပိုင်ဆိုင်ချင်လာပြန်ရော...။ သူ့နဲ့ ပတ်သက်တာမှန်သမျှ ကိုယ်က ပိုင်ဆိုင်ချင်လာတာပေါ့။ အရာအားလုံးကို သူ့အတွက်မဟုတ်တော့ပဲ ကိုယ့်အတွက်ဆိုတဲ့ အတွေးနဲ့ ရယူလိုမှုတွေ ပါလာပြီလေ..။ သူ့ကိုယ့်ကို ပြန်မချစ်ရင် ငါတော့ လွမ်းရမှာပဲ၊ သတိရနေတော့မှာပဲ..။ သူကိုယ့်ကို မုန်းသွားရင် ကိုယ့်တော့သေရမှာပဲ၊ ၀မ်းနည်းရမှာပဲ ဆိုတဲ့ အတွေးတွေ...။ သူ့ကို ဆုံးရှုံးရမှာကို မခံစားနိုင်တော့တာ။ သူ့ကို ချစ်သလိုလိုနဲ့ အမှန်ကတော့ ကို့ကိုယ်ကို ချစ်တာပဲ။ ဒါဟာ လိုချင်တတ်မက်မှု၊ စွဲလမ်းမှု ဆိုတဲ့ "အတ္တ" တွေပဲလေ..။ ပူလောင်မှုတွေနဲ့ ချစ်ခြင်းမျိုးပေါ့။ ဒါက တချို့ ချစ်ခြင်းတွေပါ...။

တချို့ ချစ်ခြင်းတွေကတော့ ဒီလို မဟုတ်ပြန်ဘူး။ သူ့ကို ချစ်လို့ သူ့အတွက်ပဲ စဉ်းစားပေးတဲ့ ချစ်ခြင်းမျိုးပေါ့။ ကိုယ်သူ့ကို ချစ်တယ်... ဒီလိုပဲ သူ့ကို စိတ်ချမ်းသာစေချင်တယ်။ အရာရာ သူ့အတွက်ပဲ စဉ်းစားပေးမယ်၊ သူ ထိခိုက် နစ်နာစေမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူး။ မပိုင်ဆိုင်ရလည်း နေပါစေ.. သူ ကျေနပ်နေရင်၊ ပျော်နေရင်၊ ကိုယ်လည်း ကျေနပ်တယ်၊ ပျော်တယ်လေ..။ သူ့ကို ကြည့်ပြီး ကိုယ်က ဘာလုပ်ပေးရ လုပ်ပေးရ ကျေနပ်နေတဲ့ သူမျိုးပေါ့။ အတ္တ ကင်းပြီး ပေးစပ်ခြင်းတွေနဲ့ ချစ်နေရတာကို ကျေနပ်နေတဲ့ အရာမျိုး၊ ပူလောင်မှုလည်း ကင်းတယ်လေ..။

ဒါဆိုရင် "အတ္တ" ဆိုတဲ့ အရာနဲ့ ချစ်ခြင်းတရားမှာ ဒွန်တွဲနေတတ်တာ လိုချင်တတ်မက်မှု၊ ပိုင်ဆိုင်ချင်မှုဆိုတဲ့ အရာတွေပဲ။ ဒီတော့ အဲဒီ အတ္တကို လျှော့နိုင်သမျှ လျှော့ပြီး နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြည့်စေချင်တယ်။ အတ္တ နည်းပြီး ပေးစပ်မှုတွေနဲ့ ချစ်နိုင်မယ်ဆိုရင်တော့ ပူလောင်မှု ကင်းပြီး စိတ်ရဲ့ အေးချမ်းမှုကို ခံစားရမှာပါ။


တခြားတခြားသော "အတ္တ" များလည်း ရှိပါသေးတယ်။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့ ငါ ဆိုတဲ့ "အတ္တ" ပေါ့။ "အတ္တ" တွေထဲမှာတော့ အဲဒီ အတ္တက အဆိုးဆုံးပဲလို့ ထင်မိတယ်။ ဘယ်သူတေတေ ငတေမာပြီးရောဆိုတဲ့ အတွေးနဲ့ ဘယ်သူ့အတွက်မှ ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲ "အတ္တ" တွေနဲ့ ရှင်သန်နေကြတယ်။ ဂုဏ်သိက္ခာနဲ့ အရှက်တရား ကင်းမဲ့စွာ မျက်လုံးစုံမှိတ်ပြီး "အတ္တ" တွေနဲ့ ဆက်လျှောက်နေကြတယ်လေ..။

လူတစ်ဦးပေါ် တစ်ဦး ချစ်တဲ့ ချစ်ခြင်း တရားထက် တန်ဘိုးရှိပြီး မွန်မြတ်တဲ့ ချစ်ခြင်းတွေ များစွာရှိပါတယ်။ အဲဒီ ချစ်ခြင်းတရား အတွက်တော့ ပေးစပ်မှုတွေနဲ့ "အတ္တ" ကင်းတဲ့ ချစ်ခြင်းတွေဖြစ်စေချင်တာပေါ့။ ငါ ဆိုတဲ့ အတ္တကို မကြည့်ပဲ အများအတွက် အနစ်နာခံ ပေးစပ်ပြီး ချစ်ရဲတဲ့ ချစ်ခြင်းတရားတွေကို မျှဝေပေးစေချင်တယ်။ ဒါကြောင့် ကိုယ်တိုင်လည်း အတ္တကင်းတဲ့ ချစ်ခြင်းတရားတွေနဲ့ ချစ်နိုင်အောင် ကြိုးစားနေဆဲပါ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

17 comments:

မောင်ပါလ said...

အတ္တကင်းတဲ့ချစ်ခြင်းကို အတ္တမကင်းတဲ့ကျနော် လာဖတ်သွားပါတယ်ခင်ဗျာ။

သဒ္ဓါလှိုင်း said...

အတ္တကင်းတဲ့ချစ်ခြင်းမျိုးနဲ့ချစ်နိုင်အောင် ကြိုးစားရအုံးမယ်...။ အဲလိုချစ်နိုင်ရင် ပူလောင်မှုလည်း ကင်းသွားနိုင်တယ်နော်...။

ခင်တဲ့
သဒ္ဓါ

ညရဲ့ကောင်းကင် said...

ကျေးဇူး မမနွယ်...
အတ္တကင်းစွာနဲ့ ချစ်တတ်ဖို့ ကြိုးစားပါမယ်...

တခါတခါ စဉ်းစားမိတယ် ... “အတ္တ” ဆိုတဲ့ တတ်မက်မှုကြောင့် “အတ္တ” ကို အရောင်ထပ်ဆိုးလိုက်ကြတဲ့အခါ မုန်းတီးမှု “ဒေါသ” ဆိုတာ ဖြစ်လာတယ် .. အဲဒီအခါ ကိုယ့်ကိုကိုယ် သူ့တစ်ပါးစိတ်နဲ့ ဒုက္ခရောက်အောင် ဖန်တီးမိကြတယ် ...
အဲဒါကို “မေတ္တာ” ဆိုတဲ့ ပွားများခြင်းနဲ့ ချေဖျက်လိုက်တဲ့ အခါ စိတ်ကိုအေးချမ်းသွားစေတယ်...

လောကကြီးမှာ လူတိုင်းက ကိုယ့်အတွက် မစဉ်းစားပဲ သူ့တစ်ပါးအတွက် စဉ်းစားပေးကြရင် ဘယ်လောက်တောင်ကောင်းမလဲနော်...

အင်းအဲဒါကိုက ကျွန်တော်လည်း အတ္တကြီးနေမိပါလား...

မမနွယ်ပို့စ်လေးကို အရမ်းကို နှစ်သက်မိပါတယ်...အတွေးတွေကို ပိုရစေလို့လေ...

ခင်မင်လေးစားစွာဖြင့်
ညရဲ့ကောင်းကင်

THE STARRY NIGHT said...

ကျွန်တော်ထင်တယ် အတ္တနဲ့ လူကအရင်သံသရာကတည်းက ဖွားဖက်တော်တွေများဖြစ်မလားပဲ....
ကျင်ကြံနေဆဲပါ..ခင်ဗျား...
လေးစားလျက်.......

~ဏီလင်းညို~ said...

ညီမရေ...
အစ်ကိုတော့ထင်တယ်လေ...
အတ္တဆိုတာမွေးရာပါတစ်ခုမို့လို့ တော်ရုံနဲ့တော့ ပျောက်ကင်းမှာတော့မဟုတ်ဘူး....။
နည်းနိုင်သမျှ...နည်းအောင် လျှော့ချလို့တော့ ရမယ်ထင်တယ်လေ....။
အစ်ကိုတို့လည်း ကြိုးစားဆဲပါဗျာ....။
(ဒီပို့စ်လေး ဖတ်လို့ကောင်းတယ်ဗျ....း))
ခင်မင်တဲ့
ဏီလင်းညို

kokomaung.uk said...

ဟုတ်ပါတယ်။ အတ္တကင်းတဲ့ ချစ်ခြင်းနဲ့ ချစ်ကြတာ အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ ပုထုဇဉ်လူသားတွေဆိုတော့လဲ အခက်သားကလား။

အဖြူရောင်နတ်သမီး said...

နွယ်လေးရေ...
“အတ္တ” အကြောင်းလေး ဖတ်သွားတယ်..
အခုချိန်ထိတော့ အဲဒီ “အတ္တ”တွေနဲ့ မကင်းနိုင်သေးပါဘူး..
သူ့ကိုချစ်လို့ ရယူချင်လာတယ်..၊ပိုင်ဆိုင်ချင်လာတယ်...၊လွှမ်းမိုးချင်လာတယ်..၊ပေးဆပ်ချင်လာတယ်...၊မျှဝေခံစားချင်လာတယ်..။
အဲဒီခံစားချက်တွေဟာ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ “အတ္တ”ဆိုပါလျှင်...
အဲဒီတရားမရှိတဲ့ “အတ္တ”တွေထဲမှာပဲ နွယ်လေးရဲ့သူငယ်ချင်း ရူးမိုက်စွာ ရှိနေပါသေးတယ်...။

မြတ်မွန် said...

အတ္တဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ် မမရယ်..။အတ္တရဲ့နောက်ကွယ်မှာတော့ စိတ်ရဲ့ ကြေးကျွန် ဖြစ်ရတယ်...။
မမရေးတဲ့ အတ္တလေးကို ဖတ်ပြီး ကိုယ့်ကိုကိုယ် သတိပေးလိုက်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်။

ချော (အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီးတော့ ဆင်ခြင်စရာလေး ရသွားပါတယ်.. ကျေးဇူးပါနော်... အတ္တမကင်းတောင် နည်းနိုင်အောင်တော့ ကြိုးစားပါဦးမယ်..

မိုးစက်အိမ် said...

အတ္တကင်းတဲ့ချစ်ခြင်း ဆိုတဲ့ နေရာမှာ သ၀န်တိုခြင်းရောပါသလား
အမ . . . ပါတယ်ဆိုရင်တောင်ဒါကချစ်စရာလေးတစ်
ခုလို့ ပြောလို့ ရမလားအမ စာဖတ်ယုံမက မေးခွန်းပါမေးသွား
သေးတယ် . . . :P

အင်ကြင်းသန့် said...

အင်း.........
မမရေ
လွယ်မယ်တော့မထင်ဘူးနော်...တတ်နိုင်သမျှတော့ ကြိုးစားကြည့်ရမှာပေါ့လေ...
မမရဲ့ဒီပိုစ့်လေးက ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်အောင် သတိပေးလိုက်သလိုပါပဲ...
ကျေးဇူးတင်တယ်မမ...

ချစ်တဲ့
ညီမလေး
အင်ကြင်း

ဗညားရှိန် said...

မနွယ် . . . . ဖတ်ပီး ဖတ်ပီး ဖတ်ပီး ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်

လိုင် said...

"အတ္တ" ကင်းတဲ့ ချစ်ခြင်းတွေနဲ့ချစ်နိုင်ပါစေ

ဂျပန်ကောင်လေး said...

မမရေ... မြင်ရတွေ့ရတာကတော့ အတ္တပဲ ပိုနေတာပါဗျာ... ကျွန်တော်အပါအ၀င်ပေါ့လေ.... ၁၅၀၀ အချစ်ဆိုတာ အတတ္တပေါ်မှာ အခြေခံတော့လည်း ပြောမရပြန်ဘူးနော်... ရှုပ်နေတာပဲ....း(((.. အကောင်းဆုံးကတော့ သူလည်း ကိုယ့်ကို ချစ်.. ကိုယ်လည်း သူ့ကို ချစ်.... ချစ်ခြင်းနဲ့ တူနှစ်ကိုယ် တကမ္ဘာတည်ဆောက်နိုင်တာ အကောင်းဆုံးပဲ....း)))


ခင်မင်တဲ့
ဂျပန်ကောင်လေး

flowerpoem said...

္တအတ္တကင်းတဲ့ ချစ်ခြင်းနဲ့ ချစ်နိုင်အောင် ကြိုးစားနေဆဲပါ ဒါပေမယ့် ၁ ဖက်တည်းက အဲဒီပုံစံနဲ့ ချစ်နေလို့တော့ မဖြစ်ဘူးလေ ၂ ဦး ၂ ဖက် နားလည်မှု ရှိရင် ပို အဆင်ပြေမယ် ထင်ပါတယ်..
ကျွန်မထင်ကြေးပါ မှားခြင်လည်းမှားမှာပေါ့

မိုးခါး said...

မမနွယ်ရေ .. ဗညားက မမ ခေါ်တော့ ညီမကလည်း မမ လုပ်လိုက်တယ်နော် .. :D
ချစ်ပြီဆိုတာနဲ့ ပူလောင်တယ် .. မချစ်ပဲလဲ မနေနိုင် .. :D
အတ္တကတော့ မကင်းကွာနိုင်သေးဘူး ဖြစ်နေတယ် မမနွယ်ရေ .. မကြီးရင် ရတယ်မလားဟင် .. :D နဲနဲတော့ ထားထားဦးမယ်နော် .. (ဈေးဆစ်တာ .. :P)

စကားမစပ် ညီမမှာလည်း မမနွယ်ဆိုတဲ့ အမ၀မ်းကွဲ တယောက်ရှိတယ် .. ဒါကြောင့်ထင်တယ် စိတ်ထဲ အမကို ရင်းနှီးသွားပါတယ် ..း)

ဒဏ္ဍာရီ said...

အရေးထဲမှ ဈေးဆစ်တဲ့ သူနဲ့ လာတိုးနေတယ်။ မရဘူး မိုးခါးရေ.. နည်းနည်းလဲ မထားနဲ့နော်။ ပင်ပန်းမှာ စိုးလို့ပါ။