နှစ်သစ်မှာ ဘလောဂ့်သူငယ်ချင်းများနဲ့ စာဖတ်သူ သူငယ်ချင်းများ အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်... သူငယ်ချင်း အားလုံးကို လက်ဆောင်တွေ အများကြီး ပေးချင်ပါတယ်။ အဲဒီ လက်ဆောင်လေးကလည်း သူငယ်ချင်းတွေအတွက် တန်ဘိုးရှိတဲ့ အသုံးဝင်မယ့် လက်ဆောင်မျိုးလေး ဖြစ်စေချင်တယ်လေ...။ ဒါကြောင့် ကျမ ဖတ်နေကြ စာအုပ်လေးထဲက တန်ဘိုးရှိတဲ့ "Double-think, Double-talk, Double standard နဲ့ ပညာ" ဆိုတဲ့ စာလေးကို မျှဝေရင်း နှစ်သစ်လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်နော်...။
ဒီစာစုလေးက ကျမ နှစ်သက်သော စာရေးဆရာ ဖေဖြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများ စာအုပ်ထဲမှ ကူးယူ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ "This, too, shall pass away" ကို မျှဝေပေးစဉ်က ဆက်လက် မျှဝေပေးရန် တောင်းဆိုခဲ့သော သူငယ်ချင်းများကိုလည်း နောက်ကျမှ ဖော်ပြပေးရသည့် အတွက် တောင်းပန်ပါတယ်နော်။
ကျွန်တော်တို့ ငယ်ငယ်က လောကကြီးကို အဖြူ၊ အမည်း နှစ်မျိုးတည်းပဲ မြင်သည်။ ဖြူသည်၊ မည်းသည်။ မှန်သည်၊ မှားသည်။ တရားသည်၊ မတရားသည်။ အတွေ့အကြုံနည်းတော့ ကျွန်တော်တို့ သိတာတွေလည်း နည်းသည်။ သို့သော် သိသမျှသည် ရိုးရိုး စင်းစင်း ရှင်းရှင်းကလေး။ နောက်တော့ တဖြည်းဖြည်း ပိုသိလာသည်။ ပိုရှုပ်ထွေးတာတွေ မြင်လာသည်။ ဖြူတူတူ၊ ညိုတိုတို၊ မည်းတည်းတည်း စသည်ဖြင့်။ မသိချင်၍လည်း မရ၊ သြ၀ါဒတွေ မကြာခဏ ကြားနာနေရသည်။ "ဟေ့ကောင်.. အားလုံး တစ်သမတ်တည်းချသည်း မတွေးနဲ့။ ခြွင်းချက်ဆိုတာ ရှိတယ်။ အလိုက်သင့် အလျားသင့်ဆိုတာ ရှိတယ်။ တစ်ဦးချင်း တစ်ခုချင်းရဲ့ ထူးခြားတဲ့ အနေအထားတွေနဲ့ လိုက်လျောညီထွေ စဉ်းစားပေးရတာ ရှိတယ် တဲ့။
လေကကြီးမှာ နေရာတကာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖြတ်လို့မရဘူး။ လေကသဘာဝဟာ အပိုင်းပိုင်း အပြတ်ပြတ် မဟုတ်ဘူး။ အကန့်လိုက် အကန့်လိုက် မနေရဘူး။ တိကျတဲ့ နယ်နိမိတ်စည်း မရှိဘူး။ တစ်ဆက်တည်း စီးဆင်းရင်းက ပြောင်းလဲ သွားတာမျိုး။ ရောင်ပြေးအထည်လို ဒီဘက်က ပြာပေမယ့် ဟိုဘက်က စိမ်းတယ်။ ပြာလိုက် စိမ်းလိုက်၊ စိမ်းလိုက် ပြာလိုက်။ အဲဒီတော့ တစ်ခုတည်း မူသေမှတ်တဲ့ အကျင့်ကို ဖျောက်။ မအနဲ့၊ မတုံးနဲ့၊ မကြောင်နဲ့...။ "
နားလည်မှုရှိပါစေ။ ဟိုဘက်သည်ဘက် မြင်တတ်ပါစေ။ မယုတ်မလွန် ပြောတတ်ပါစေ။ လူရည်လည်ပါစေ။ သည်လိုနဲ့ တဖြည်းဖြည်း ကျွန်တော်တို့ "နု" ရာမှ "ရင့်" လာကြသည်။ စကားကို ဟိုမရောက် သည်မရောက် ပြောတတ်လာသည်။ ယုံတာ မယုံတာ အပထား ရောယောင်ဖြီဖြန်း လုပ်တတ်လာသည်။

*****************************************
Double-think - ဆန့်ကျင်ဘက် အယူအဆ နှစ်မျိုးကို တပြိုင်တည်း။ Double-talk - ဝေ့လည်ကြောင်ပတ် မရေမရာ ပြောဆိုခြင်း။
Double standard - စံနှစ်မျိုးထားခြင်း၊ လိုသူကို တစ်မျိုး မလိုသူကို တစ်မျိုး ခွဲခြားသတ်မှတ်ခြင်း။

အမှတ်တမဲ့ အဖို့တော့ ဟုတ်သလိုလို။ အခုမှပဲ တတ်လာသလိုလို။ အခုမှပဲ လိမ္မာလာသလိုလို။ သို့သော် အဲသည် "လိုလို" တွေနှင့် အနေကြာသည့်အခါ ကျွန်တော်တို့ ခေါင်းထဲမှာ ကိစ္စတစ်ခုကို ဖြူသလား၊ မည်းသလား မကွဲပြားတော့။ မှားသည်၊ မှန်သည် မခွဲခြားနိုင်တော့။ တရားသလား၊ မတရားသလား စဉ်းစားရ ကောင်းမှန်းလည်း မသိတော့။
နှစ်ခွတွေး၊ နှစ်မျိုးပြော၊ နှစ်ပုံစံရပ်ကာ ကျင်လည်လာရင်း တဖြည်းဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်း ဖြောင့်မှန်သော အသိဥာဏ်တွေ ကွယ်ပျောက်ကာ အရာရာမှာ ၀ိုးတိုးဝါးတားနှင့် "သုညသမား" ဖြစ်တော့မည်။
နှစ်ခွတွေး၊ နှစ်မျိုးပြော၊ နှစ်ပုံစံရပ်ကာ ကျင်လည်လာရင်း တဖြည်းဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်း ဖြောင့်မှန်သော အသိဥာဏ်တွေ ကွယ်ပျောက်ကာ အရာရာမှာ ၀ိုးတိုးဝါးတားနှင့် "သုညသမား" ဖြစ်တော့မည်။
*****************************************
သည့်အတွက် ဖြေဆေးက အသိဥာဏ် (Intelligence) နဲ့ စိတ်ဓါတ်သတ္တိ (Moral courage)။ အဲသည် နှစ်ခု ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးနိုင်တာ ပညာရှာဖွေမှု (Education) ပင်ဖြစ်ပါသည်။

ပညာ

ဆရာ (Sidney Hook)က နယူးယောက် တက္ကသိုလ်မှ ဒဿနိကဗေဒ ပါမောက္ခ တစ်ဦးဖြစ်သည်။ အဲသည် တက္ကသိုလ်တွင် ၄၅ နှစ်တာမျှ ပညာသင်ကြား ပို့ချခဲ့ပြီး၊ အသက် ၇၀ တွင်မှ အနားယူသည်။ တပည့်များနှင့် ခွဲခွါမည့်နေ့ နောက်ဆုံး စာသင်ခန်းတွင်မူ တစ်သက်လုံး သူတပါး အယူအဆများကိုသာ ရှင်းလင်း သင်ပြလာခဲ့သော ဆရာကြီးက အမှတ်တရ နှုတ်ဆက် သြ၀ါဒအဖြစ် ပညာသင်ကြားခြင်းဆိုင်ရာ သူ၏ ကိုယ်ပိုင် အယူအဆ တစ်ရပ်ကို ပြောပြသွားခဲ့သည်။ သူ့အယူအဆ အနှစ်ချုပ်က......
အသိဥာဏ် (Intelligence) ဆိုတာ အလွန်အဖိုးတန်သည်။ သူ့ကို အစားထိုးနိုင်သော အရာမရှိ။ သို့သော် သူ့ချည်းသက်သက်ဖြင့်တော့ မလုံလောက်။ သတ္တိရှိဖို့လည်း လိုသေးသည်။ သတ္တိဆိုတာက စိတ်ဓါတ်ရေးရာ သတ္တိ (Moral courage) ကိုဆိုလိုခြင်း ဖြစ်သည်။
လူသည် အသိဥာဏ် ရှိမှသာ အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ တရား၊ မတရား ဟူသည်ကို ပိုင်းခြား သိမြင်နိုင်မည်။ သို့သော် စိတ်ဓါတ်သတ္တိလည်း ရှိမှသာ အသိဥာဏ်က ခွဲခြားပြညွှန်သည့်အတိုင်း လိုက်ပါဆောင်ရွက် နိုင်မည်။
တစ်ဖက်တွင်လည်း စိတ်ဓါတ်သတ္တိရှိပြီး ဥာဏ်အမြော်အမြင် မပြည့်စုံ၊ မပြည့်စုံရုံတင်မက အန္တရယ်ပင် ရှိသေးသည်။ အဲသည် လူမျိုးသည် တစ်ယူသန်သမား၊ အယူသည်း အစွန်းရောက်သမား ဖြစ်သွားနိုင်သည်။ ထို့ကြောင့် နှစ်ခုလုံး ပြည့်စုံဖို့ လိုအပ်သည်။
ပညာသင်ကြားခြင်း ဟူသည် အသိဥာဏ်ရော စိတ်ဓါတ်သတ္တိပါ ဖွံ့ဖြိုးတိုးတက် ပြည့်ဝအောင် ဖြည့်ဆည်း ပေးခြင်းမျိုး ဖြစ်သင့်သည်..... ဟူ၍ ဖြစ်ပါသည်။
"သုညသမား" များ မဖြစ်စေရန် ပညာကို တန်ဘိုးထားတတ်ပြီး မှန်ကန်စွာ အသုံးချနိုင်ကြပါစေ......
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ကောင်းတာကို လုပ်နိုင်မည်။
အမှန်ဘက်က ရပ်တည်နိုင်မည်။
တရားသဖြင့် ဖြစ်အောင် စွမ်းဆောင်နိုင်မည်။

15 comments:
နှစ်သစ်ကူးလက်ဆောင်အတွက်ကျေးဇူးပါ။ သေသေချာချာ ဖတ်သွားပါတယ်။
sis ရေ...တန်ဖိုးရှိတဲ့ စာလေးတွေကို လက်ဆောင်အဖြစ်မျှဝေပေးလို့ ကျေးဇူးပါနော်...
ညီမရေ...
နှစ်သစ်မှာ စာကောင်းလေးဝေမျှထားတာ..သိပ်ကောင်းဗျာ...။
ပျော်ရွှင်စရာကောင်းတဲ့၊ အဆင်ပြေကျန်းမာတဲ့ နှစ်သစ်ဖြစ်ပါစေဖို့ ဆန္ဒပြုပေးတယ် ညီမရေ...
ခင်မင်တဲ့
ဏီလင်းညို
ကောင်းတာကို လုပ်နိုင်မည်။
အမှန်ဘက်က ရပ်တည်နိုင်မည်။
တရားသဖြင့် ဖြစ်အောင် စွမ်းဆောင်နိုင်မည်။
ဆိုတဲ့စကားလေး မှတ်သားသွားပါတယ်အစ်မ။
ကျေးဇူးလဲအများကြီးတင်ပါတယ်။ အမှန်တရားနဲ့
ပက်သက်ရင် ကြားနေ၀ါဒဆိုတာမရှိဘူးလို့ဆိုတာပဲ။
လူဆိုတာ အသိဥာဏ်သာအဓိကပါ။ အသိဥာဏ်ရှိမှသာ ကိုယ်ရော သူများရော ကောင်းအောင် လုပ်ပေးနိုင်မယ်။ ဆက်ဆံနိုင်မယ်ပေါ့။ အကျိုးရှိတဲ့စာပေတွေဖတ်ရတာ ၀မ်းသာပါတယ်အစ်မ။
ဖတ်ရကျိုးနပ်ပါသည်။ တန်ဖိုးရှိလှပါကြောင်း။
ခင်မင်လျက်..
မိုးမောင်
မင်္ဂလာပါ..
အခုလို စာကောင်းပေမွန်တွေကို တစ်ကြောင်းလေးဘဲ ဖြစ်ဖြစ် ဖတ်ခွင့် သိခွင့် ရတာ အရမ်းကို တန်ဘိုးကြီးမားပါတယ်။ စာရေးသူရဲ့ စေတနာကို စာဖတ်ရင်း အတိုင်းသား မြင်မိ ခံစားမိ ပါတယ် ဗျာ။
ခင်မင်စွာဖြင့်
ကိုမျိုး
ဗဟုသုတရစေတဲ့ ပို့စ်ကောင်းတစ်ပုဒ်ဖြစ်တယ်။
နောင်လဲ ရှယ်ပေးပါအုန်း။
ခင်မင်စွာနဲ့
နှစ်သစ်မှာ အဖိုးတန်စာလေး ဝေမျှပေးတာ ကျေးဇူးပါ ညီမလေးရေ။ ၂၀၁၀ ကို ပျော်ရွှင်အောင်မြင်ခြင်းတွေနဲ့ ဖြတ်သန်းနိုင်ပါစေ။ မွေးနေ့ဆုတောင်းအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်နော်း)
ဖေမြင့်တွေကြိုက်သူမို့ ကျေးဇူးတင်မိပါတယ် မမရေ..
ကောင်းလိုက်တဲ့ လက်ဆောင်လေးပါဘဲရှင်..။
ချစ်ခင်လေးစားလျှက်...။
ကိုယ်သိတာ သိတယ်။
မှန်တာကို မှန်တယ်။
မှားတာကို မှားတယ် လို့ ပြောရဲဖို့ တကယ်ကို သတ္တိလိုပါတယ်။
ဘယ်သူထောက်ခံခံ မခံခံပေါ့ ပြောရဲသင့်တယ်။
အလွန်ကောင်းတဲ့ စာလေးပါပဲ။
ကျေးဇူးတင်ပါတယ်။
ကိုဇော်
နှစ်သစ်အတွက် အဖိုးတန်စာလေးလက်ဆောင်ပေးတာ ကျေးဇူးပါ မမရေ။
ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေရှင်။
ဗဟုသုတကောင်းတွေမှတ်သားသွားပါတယ် ညီမရေ
ကျေးဇူးအစ်မ မျှဝေပေးတာ...
ကျွန်တော်ကလည်း ကို့လို့ကန့်လန့်တွေး တတ်တာနဲ့စဉ်းစားကြည့်မိတယ်။ :P
(၁) ကောင်းတာကို လုပ်နိုင်မည်။
ကောင်းမကောင်း တိုင်းတာတဲ့စံကို အခုထိ ကျွန်တော် စဉ်းစားမရသေးဘူး။ တစ်ယောက်အတွက် ကောင်းပေမယ့် နောက်တစ်ယောက်အတွက် ဆိုးနေတာလည်း ရှိနေသလိုပဲ။ ဘာသာရေးဆိုရင်လည်း လောကီအတွက်ကောင်းရင် လောကုတ္တရာအတွက် ဆိုးနေတယ်။ :P
(၂) အမှန်ဘက်က ရပ်တည်နိုင်မည်။
ကိုယ်ဘက်ကကြည့်ရင်တော့ ကိုယ်အမှန်ပဲဗျ။ ကြားလူက ဒီလူမှန်တယ်ဝင်ပြောရင် အဲဒီ့လူဒီဘက်ယိမ်းလို့ပေါ့ အခြားလူတစ်ယောက် အခြားဘက်ယိမ်းနိုင်တယ်။ :P
(၃) တရားသဖြင့် ဖြစ်အောင် စွမ်းဆောင်နိုင်မည်။
တရားသည် မတရားသည်က အချိန်နဲ့လူနဲ့ ပြောင်းလည်းတယ်ထင်တာပဲ။ တစ်ချိန်က မျှတတယ်ဆိုတဲ့ ဟန်မူရဘီကိုဒဥဒေလည်း ဒီခေတ်မမြင်နဲ့ဆို မတရားဘူးဗျ။ စစ်နိုင်တဲ့လူက စစ်ရှုံးတဲ့လူကို လျော်ကြေးတောင်းတာ ဒီခေတ်မှာ တရားတယ်လို့ သတ်မှတ်ထားတာပဲ သို့ပေမယ့် မတရားဘူးများ ဖြစ်နေသလားလို့။ အဲလိုစဉ်းစားလိုက်တာ တရားတယ်ဆိုတာ ဘာမှန်းကိုမသိတော့ဘူး။ :P
သတိရလို့အလည်လာရင် စိတ်ဝင်စားတဲ့ဖတ်ပြီးသား စာတွေကိုပဲပြန်ရှာဖတ်သွားပါကြောင်း.........
Post a Comment