ဖွေးဖွေးဖြူအောင် ကြွေနေတဲ့ တရုတ်စကားပွင့်လေးတွေ မြက်ခင်းစိမ်းစိမ်းပေါ်မှာ.... မြသားကမ္ဗလ္လာ ကျောက်ဖြာထက်က တောက်ပနေကြတဲ့ စိန်ပွင့်လေးတွေလို...။ သင်းပျံ့တဲ့ အေးမြမြရနံ့လေးက လေနဲ့အတူ တိုးဝှေ့လာတယ်။ စကားပင်တန်းအောက်က ခုံတန်းလေးကို တမ်းတမ်းတတလေး... ကြည့်လိုက်မိတယ်။ ဒီနေရာလေးပေါ့...။
ဖိုင်တွဲ အပြာရောင်လေးကို မြက်ခင်းပေါ်မှာချပြီး စကားပန်းတွေ ကောက်နေခိုက်... ကတ္တီပါဖိနပ် အနက်လေးနဲ့ ရှင်းသန့်နေတဲ့ ခြေအစုံက ပန်းကောက်နေတဲ့ လက်ရှေ့မှာအရောက်...။ လှမ်းနေတဲ့လက်ကို ရပ်လို့... မျက်နှာကို မော့အကြည့်... သူ့လက်ထဲမှာ စကားပန်းတွေ အပြည့်။ ရှပ်အင်္ကျီလက်ရှည် အဖြူစွတ်စွတ်ကို အပြာရင့်ရောင် ပုဆိုးအကွက်စိတ်လေးနဲ့ တွဲဝတ်ထားတဲ့ သူ့ဟန်က ကလေးတစ်ယောက်ကို ငုံ့ကြည့်နေတဲ့ ပုံစံမျိုး။ အပြုံးနဲ့ လှမ်းပေးနေတဲ့ ပန်းတွေကို အံ့သြခြင်းတွေနဲ့အတူ လှမ်းအယူ..။
မင်းနာမည်...
သြရှရှနဲ့ မေးလိုက်တဲ့ သူ့အသံက ဘ၀တခုလုံးကို စိုးမိုးလိုက်သလို... ကလေးငယ်တစ်ယောက်လို နှုတ်ခမ်းအစုံက အလိုလို နာမည်ကို ဖြေမိရက်သား။ အမှန်အတိုင်း ပြန်ဖြေလိုက်မိတဲ့ နှုတ်ခမ်းအစုံကို ဒဏ်ပေးလိုက်ချင် မိတော့တယ်။ အနားမှာ ရုတ်တရက် ထိုင်ချလိုက်ရင်း... ဘေးမှာ ကြွေနေတဲ့ ပန်းတွေကို အတူ ကူကောက် ပေးနေတယ်။ ပြီးတော့မှ ...
"မတော်သေးဘူးလား.. ဒီမှာ အများကြီး ရနေပြီလေ.."
"ဟုတ်.. တော်ပြီ..."
ဘေးမှာချထားတဲ့ ဖိုင်တွဲကို ဆတ်ကနဲ့ ကောက်ယူပြီး ရှေ့ကဦးဆောင်လို့ စကားပင်အောက်က ခုံတန်းလေးဆီ သူထွက်သွားတယ်။ ဘာမှန်းမသိ လက်ထဲက ပန်းတွေအများကြီးနဲ့ သူ့နောက်ကို လိုက်သွားမိပေါ့။ ဖိုင်တွဲနဲ့ ပန်းတွေကို ခုံလေးပေါ်တင်ပြီး ပန်းပွင့် နှစ်ပွင့်ကို သူလှမ်းယူလိုက်တယ်။ သူ့ကို အံ့သြမှုတွေနဲ့ ကြည့်နေတဲ့ မျက်ဝန်းကို... သူပြန်စိုက်အကြည့် မျက်လွှာက အလိုလို ကျသွားရပြန်ရော..။
ခဏကြာတော့ ပန်းနှစ်ပွင့်ထဲက တပွင့်ကို လက်ထဲပြန်ထည့်ပေးခဲ့ပြီး အပြုံးနဲ့ နှုတ်ဆက်လို့ အနားက ထွက်သွားခဲ့တယ်..။ သူ့နောက်ကျောပြင်ကို ငေးကြည့်ရင်း လက်ထဲက ပန်းတပွင့်ကို ဘာဆက်လုပ်ရမှန်း မသိအောင် လောကကြီးနဲ့ ခဏတာ အဆက်ပြတ် သွားသလိုပဲ။ သတိထားလိုက်မိတော့ မျက်ဝန်းရိပ်ထဲမှာ သူပျောက်ကွယ်သွားပြီ။
သတိရလို့ လက်ထဲက ပန်းလေးကို ငုံအကြည့်... ပွင့်ဖတ်လေးမှာ မှင်အပြာလေးနဲ့ စာလေးတလုံး...။ ရင်တခုလုံး ဗြောင်းဆန်သွားသလို သူရေးခဲ့တဲ့ စာလေးကို အသံထွက်ဖတ်ဖို့ မ၀ံ့မရဲပေါ့။ ဒါပေမယ့် ဖတ်ချင်ပါတယ်.. တယောက်တည်း ရှိတဲ့ အချိန်မျိုးမဟုတ်ပဲ သူနဲ့အတူတူ ရှိနေမယ့် နောင်တချိန်... နောင်တချိန်မှာ အဲဒီပွင့်ဖတ်လေးပေါ်က စာလေးတလုံးကို သူကြားနိုင်အောင် အသံထွက်ပြီး ဖတ်ပြဖို့ စောင့်မျှော် ရအုံးမှာပေါ့လေ..။
ရုပ်တရက် အေးစက်စက် အထိအတွေ့ကြောင့် သတိပြန်ဝင်လာခဲ့တယ်။ မိုးစက်ဖွဲဖွဲလေးတွေ ကိုယ်ပေါ်ကို တိုက်ရိုက်ထိမှန်နေပြီ...။ စကားပင်အောက်က ခုံတန်းလေးဆီ ပြေးပြီး မိုးခိုလိုက်မိတယ်။ ကြွေကျနေတဲ့ ပန်းပွင့်လေးတွေကို တစက်တစက် ကျလာတဲ့ မိုးစက်လေးတွေက ထိပြီး ကစားနေလိုက်ကြတာ...။ အတွေးတွေကို ပြန်စဉ်းစားခိုက် အောက်ကို ငုံကြည့်နေတဲ့ မျက်ဝန်းထဲကို မှတ်မိနေကျ အရိပ်တခု အရောက်... မိုးစက်တွေ ကိုယ်ပေါ်က ပျောက်သွားသလို ခံစားလိုက်ရတယ်။
ကတ္တီပါဖိနပ် အနက်လေးနဲ့ ခြေအစုံ...။ လက်တဖက် နောက်ကိုပစ်ပြီး လက်တဖက်နဲ့ ဆောင်းထားတဲ့ ထီးလေးက ခေါင်းပေါ် ရောက်လို့နေပေါ့...။ မှင်သက်မိနေတဲ့ အကြည့်တွေနဲ့ မျက်ဝန်းတွေကို သူသိသလိုပဲ..။ နောက်ပစ်ထားတဲ့ လက်လေးကို မျက်နှာရှေ့အရောက်... လက်ဝါးလေးကို ဖြန့်လိုက်တော့ ပုံသဏ္ဍန်မပျက် စကားပန်း အခြောက်လေး..။ ပွင့်ဖတ်လေးမှာတော့... ဟိုတချိန် နှုတ်ဖျားက အလိုလို ထွက်ကျသွားတဲ့ နာမည်လေး တလုံးက အရိပ်လေး ဖြစ်လို့နေပြီလေ..။
"ကိုယ်ပေးခဲ့တဲ့ ပန်းလေးရော.."
"ဟုတ်... သိမ်းထားတယ်... အခုပါမလာဘူး"
သူ့နှုတ်ဖျားက မေးသမျှ အမှန်အတိုင်း ထွက်ကျလာတဲ့ ကိုယ့်နှုတ်ဖျားကိုလည်း မယုံနိုင် ဖြစ်ရပြီ..။ ကျေနပ်သွားတဲ့ အပြုံးနဲ့ ခေါင်းကို ဖွဖွလေး ထုပြီး .... နူးညံ့ပျော့ပျောင်းလှတဲ့ ခေါ်သံလေးက နားထဲကို အသာအယာလေး ဖြတ်သွားတယ်။
"ခိုင်..."
"ကို..."
လွှမ်းမိုးမှုအောက်က ဒီနှုတ်ခမ်း အစုံကိုတော့ဖြင့် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တာ သူနဲ့ စတွေ့ကတည်းကပါ။ သူပွင့်ဖတ်လေးမှာ ရေးပေးခဲ့တဲ့ စကားလုံးလေးကို ရင်ထဲကနေ ရွတ်ပြအခိုက် နှုတ်ဖျားကပါ အသံထွက်သွားတာ သူကြားသွားခဲ့ပြီပေါ့...။ မိုးဖွဲဖွဲလေးထဲက စကားပင်တွေအောက်ရဲ့ ခုံတန်းလေးမှာတော့...။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

16 comments:
ဝတ္တုအဖွဲ့လေး ကောင်းလိုက်တာ...။ ခံစားသွားပါတယ်။
သဒ္ဓါ
မမရေ..မွန်နဲ့တော့ ကွာပါ့နော်..
အားကျတယ် စာလေးတွေ နူးညံလိုက်တာ..
ဖတ်ပြီး စိတ်ကူးယဉ်လို့ ကောင်းတယ်...ဟီး..
ချစ်ခင်လေးစားလျှက်ပါ...မမဒဏ္ဍာရီ...
ညီမဒဏ္ဍာရီရေ....
ဝတ္တုလေးအဖွဲ့ကောင်းတယ်....။
ကြည်နူးစရာလေးပေါ့...။
(အစ်ကိုဆို စာလာဖတ်သူကို စိတ်ဆင်းရဲအောင်သိပ်လုပ်တာနော်....း))
ဒါနဲ့ စကားပန်းပွင့်လေးက ဘာပြောတာတုန်းဟ....း))
ခင်မင်တဲ့
ဏီလင်းညို
ကိုယ့်မေမေလို့မပြောရဘူး
ညက်ထှာနော် အရေးတွေက..
ဂွတ်မှဂွတ်ထပဲ
ကို.. တဲ့လား.. ဟိဟိ
စကားပန်းကိုရွေးချယ်လိုက်လို့
ဒီဝတ္ထုသေးသေးလေး ခေါင်းထဲပိုရောက်သွားတယ်
အဲ့ပန်းက အကြိုက်ဆုံးပန်းပဲလေ။
ရှင်းရှင်းလေးနဲ့ရိုးရိုးလေး။
ပြီးတော့ ဆွတ်ပျံ့စရာလေး
ကြည်နူးစရာလေး ။
း)))
စာရေးတာကတော့ ကောင်းပါ့ဗျာ အဟောင်းတွေ ရှာဖတ်သွားလိုက်ပါဦးမယ်။
မင်္ဂလာပါ ဒဏ္ဍာရီ..
စကားပန်းလေး ရဲ့ ညင်သာတဲ့ပြောဆိုသံလေး ခံစားနားဆင်သွားပါတယ် ကွယ်။
အရေးအဖွဲ့ စိတ်ကူးလေးတွေ နူးညံ့သိမ်မွေ့လွန်းလို့ ဖတ်ရတာတောင် တိုးတိုးဖွဖွလေး ဖတ်မိသွားတယ်။
ခင်မင်စွာဖြင့်
ကိုမျိုး
ဖတ်နေတုန်း မိုးလေးတွေရွာနေတယ်... ရာသီဥတုကလည်း အေးတယ်... အခန်းထဲမှာ တစ်ယောက်တည်း ထိုင်ပြီးဆွေးနေတုန်း ဖတ်မိတယ်. ဖတ်မိတဲ့ စာလေးက အချစ်စာနုနုလေး... ဖတ်ပြီးရော.. ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားရတယ်...း((.. ရေနစ်သူဝါးကူလို့များ ထိုးသလား.. မမရေ....
မမရေ...
မနေ့ကညကတည်းက လာဖတ်တာ
ကွန်မန့်ပေးတာ အဆင်မပြေလို့ ခုမှပြန်လာပေးရတာ
မမရဲ့ စာလုံးလေးတွေက ထိလိုက်ရင် ကြွေသွားမှာတောင်စိုးရတယ်လို့ :))
နုရွ လှပလွန်းလို့လေ...
ညီမလေးများတော့ စာရေးပြီဟေ့ဆိုရင် ရန်ဖြစ်နေသလားထင်ရတယ်...
တကယ်တော်ပါတယ်မမ...
ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း
ဝတ္တုလေး က တကယ်စိတ်ဝင်စားစရာကောင်းပါတယ် အရေးအသား က အရမ်းညက်တယ် ညီမငယ်
မျက်စိထဲတောင် မြင်ကွင်းလေးတွေကို မြင်ယောင်လာမိတယ်.. ညက်ညောတဲ့အရေးအသားလေးနဲ့ နူးနူးညံ့ညံ့လေးဆွဲခေါ်သွားလို့ ကိုယ်တိုင်တောင် စကားပင်အောက် ရောက်မိနေသလား ထင်မိပါရဲ့...
စာရေးကောင်းလိုက်တာ
ဒီလိုမျိုးလေးတွေ မဖတ်ဖြစ်တာကြာပြီဗျာ။ ဖတ်လို့တော်တော်ကောင်းတယ်။ nice piece!
အရေးအသားလေး ကောင်းတယ်..
အားပေးနေပါတယ်..
ကောင်းလိုက်တာဗျာ...
ကြည်နူးစရာလေးနော်...
ပွင့်ဖတ်လေးမှာ ဘာရေးပေးခဲ့တာလည်း အစ်မ...
ကျွန်တော်လည်း အစ်ကိုဏီလင်းညိုလို သိချင်တယ်ဗျ...
ကျွန်တော်တွေးထင်တာ မှန်တယ်ဆိုရင်တော့ အဲဒီနည်းလေး မဆိုးဘူးဗျ.. အဟီး...
စာမေးပွဲကြောင့် ခုမှ လာဖတ်ဖြစ်တာ ခွင့်လွှတ်နော် မမနွယ်...
ခင်မင်လေးစားစွာဖြင့်
ကိုယ့်ညီမရေ...အရေးအသားလေးတွေက ပီပြင်ပြီး နူးညံ့လှပလိုက်တာ....
အကိုလည်း ဘလော့တွေဆီမရောက်တာကြာသွားလို့ ခုမှလာဖတ်ဖြစ်တယ်...
ဝတ္ထုလေးက ဖွဲ့ထားတာလေးလဲကောင်းတယ် ၊ အရေးအသားကလဲညှက်တယ် ။ ဖတ်နေရင်းဝတ္ထုလေးပြီးသွားတော့ နှမြောသလိုလိုတောင်ဖြစ်မိပါတယ် ။ ဝတ္ထုရေးတာကိုဝါသနာပါတဲ့ ကျွန်တော့်အတွက်တော့ အတုယူစရာတခုပေါ့ ။ ဆုံတွေ့ရတာဝမ်းသာပါတယ် ။
Post a Comment