Thursday, January 7, 2010

အမှတ်တမဲ့မှ အမှတ်တရ

မျက်လုံးအစုံကို ဖွင့်လိုက်တော့ အခန်းထဲမှာ အလင်းရောင် မှိန်ဖျော့ဖျော့လေး.... အိပ်ရာဘေး စားပွဲလေးပေါ်က နာရီကို မျက်လုံးအရွှေ့ မနက် ၅ နာရီ ၁၀ မိနစ်။ မနက်စောစော အိပ်ရာထရတာ ကျမဘ၀အတွက် အပင်ပန်းဆုံး အလုပ်တစ်ခုလို့ ထင်မိတယ်..။ ဒါပေမယ့် ဒီနေ့ စောစီးစွာ နိုးနေတဲ့ မျက်လုံးကို ကျေးဇူး တင်လိုက်ပါတယ်။ အိပ်ရာထဲကနေ ထလိုက်ပြီး အခန်းအပြင် အိမ်ရှေ့ ဧည့်ခန်းကိုဖြတ်၊ ကြွက်သွေးရောင် ရင့်ရင့် ခန်းဆီးစလေးကို ဖယ်လိုက်ရင်းက မှန်တံခါးလေးကို ဆွဲဖွင့်လိုက်တယ် ဆိုရင်ပဲ အေးမြတဲ့ လေနဲ့အတူ ဥသြသံလေးက ဆီးကြိုလို့....။

ရန်ကုန်မှာ ဆိုရင်တော့ ဒီအချိန်နဲ့ ဆောင်းရာသီ နံနက်ခင်းက မနက် ၅ နာရီဆိုရင် အလင်းရောင် သိပ်မရလောက်သေးဘူး။ အခုတော့ ဒီမှာ ဒီအချိန်ဆိုရင် မိုးလင်းနေပြီလေ....။ ၀ရံတာလေးမှာ မှီရင်း အိမ်ရှေ့ တောအုပ်လေးဆီကို ကြည့်နေမိတယ်...။ နေ့တိုင်းကြားနေကြ ဥသြလေးရဲ့ လွမ်းတေးဖွဲ့ သံလေးက ဒီနေ့တော့ ပိုပြီး လွမ်းဆွေးနေသလိုပဲ..။ မြန်မာပြည်မှာ နွေရာသီရောက်မှ ကြားရခဲတဲ့ ဥသြသံက ဒီမှာတော့ နေ့တိုင်း အချိန်တိုင်း ကြားနေရတယ်။ ကိုယ်တိုင်ကပဲ အလွမ်းတွေကို သိမ်းထားမိလို့လား မသိဘူး။ နေတဲ့ နေရာမှာတောင် လွမ်းတေးသီတဲ့ ရွှေဥသြက နေ့တိုင်း သာနေလေရဲ့ ...။

ကျမနေတဲ့ အိမ်လေးရဲ့ အရှေ့မှာ တောင်ကုန်းလေးနဲ့အတူ စိမ်းလန်းနေတဲ့ တောအုပ်လေး ရှိတယ်။ အဲဒီတောင်ကုန်းလေး ပေါ်ကို တက်ဖို့ ၂ ပေလောက်ပဲ ကျယ်တဲ့ လူသွားလမ်းလေး ရှိတယ်။ တော်တော်လေးမြင့်ပြီး သစ်ပင်ကြီးတွေက စိမ်းစိုလို့ပေါ့...။ အရမ်းအေးချမ်းပြီး အနားယူလို့ကောင်းတဲ့ အဲဒီတောင်ကုန်းလေးကို နေလာတာ ကြာပေမယ့် တခါမှ မရောက်ဖြစ်ဘူး။ အမြဲတမ်း အိမ်ပေါ်ကနေ လှမ်းကြည့်ရင်း ဥသြသံလေးကိုတော့ နားထောင်မိတယ်။ ကျမလေ တောတောင်တွေ၊ စိမ်းလန်းနေတဲ့ သစ်တောတွေ၊ အေးမြတဲ့ ရာသီဥတု ရှိတဲ့ နေရာတွေကို ချစ်တယ်..။

ငယ်ငယ်တုန်းက ရောက်ခဲ့ဘူးတဲ့ ဒေသလေး တစ်ခုကို အမှတ်မထင် သတိရသွားတယ်။ အမှတ်မထင်ဆိုပေမယ့် အမှတ်တမယ့်မှ အမှတ်တရ ဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ ကိုးတန်း ကျောင်းသူဘ၀ပေါ့။ ဖိုးဖိုးတို့နဲ့ လိုက်သွားဘူးတာပါ။ တောင်ကုန်းလေးတွေနဲ့ သွားရတဲ့ မြေနီလမ်းလေး..။ ဘေးပတ်ဝန်းကျင်မှာ မြေပဲခင်းတွေနဲ့ အရမ်းလှတာတော့ မှတ်မိနေတယ်။ အေးမြပြီး စိမ်းစိုတဲ့ နေရာဒေသလေးပါပဲ.. ဒီလိုနဲ့ မနက်ခင်းတစ်ရက် လမ်းလျှောက်သွားကြရင်း မြေပဲခင်းတွေရဲ့ ယာထဲက အိမ်လေးတစ်လုံးရဲ့ အပြင်ဘက်မှာ ၆ နှစ် ၇ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးလေး တစ်ယောက်..။ ဒီလောက်ချမ်းအေးနေတဲ့ ရာသီမှာ အနွေးထည်မပါပဲ လက်လေးပိုက်ပြီး တဲအပြင်မှ ရပ်နေတာ တွေ့လိုက်တယ်။ ပါးစပ်ကလည်း စာတွေဆိုရင်း မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလို့..။

နဂိုကတည်းက အမြင်မတော်ရင် မနေတတ်တဲ့ ကျမ ခြေလှမ်းတွေက အဲဒီကို ရောက်သွားတယ်။ ကလေးရဲ့ လက်မောင်းလေး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ အေးစက်နေတဲ့ အထိအတွေ့နဲ့ ကျမကို အားကိုးတကြီး မော့ကြည့်လိုက်တဲ့ မျက်ဝန်းလေး ...။ ကျမလည်း သနားသွားပြီး ညီမလေး ဘာဖြစ်လို့လဲလို့ မေးလိုက်တော့... "အမေက စာမရရင် အိမ်ထဲကို မ၀င်ရဘူး၊ အနွေးထည်လည်း မပေးဘူး" တဲ့လေ...။ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားရင်း စိတ်မကောင်းစွာ ကလေးမျက်နှာလေးကို ကြည့်လိုက်မိတယ်..။ ကိုယ်နဲ့မဆိုင်ဘူးလို့ အသိစိတ်က သိနေပေမယ့် ဘာလုပ်ရမလဲလို့ စဉ်းစားလိုက်တယ်..။

ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ယာတဲလေးဆီ လှမ်းအ၀င်... ကလေးအမေလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်တယ်..။ ကျမလည်း မနေနိုင်ပဲ သေချာမေးတော့.. "ကလေးတွေက စာမကျက်ဘူး၊ အားရင် အဆော့ပဲ မက်တယ် ဒါကြောင့် ဒဏ်ပေးပြီး စာကျက်ခိုင်းတာ" တဲ့လေ..။ ဒီလောက်အေးခဲနေတဲ့ ရာသီဥတုမှာ နုနယ်တဲ့ ကလေးတွေအတွက် ဒီလိုမျိုး မလုပ်သင့်ဘူးလို့ ကျမတွေးလိုက်မိတယ်..။ စာသင်တာကို ငယ်ငယ်ကတည်းက ၀ါသနာပါတဲ့ ကျမ အခုလို အဖြစ်မျိုးကို ကြည့်မနေတတ်လို့ ကလေး အမေကိုပြောပြီး ပထမတန်း ကလေးလေးကို အိမ်ထဲခေါ်ပြီး ၁ နာရီ ခွဲလောက် စာသင်ပေးခဲ့ပါတယ်....။

နောက်ဆုံးတော့ စာရသွားလို့ ပျော်သွားတဲ့ ကလေးလေး မျက်နှာ၊ နွေးထွေးစွာ ကျမပေါင်ပေါ်မှာ တင်ပြီး စာတွေလိုက်ဆိုရင်း မိခင်ရဲ့ ကျေးဇူးတင်သွားတဲ့ မျက်နှာက ကျမဘ၀ရဲ့ ပီတိလေးပါပဲ...။ ကျမကို လက်ဖက်ခြောက်နဲ့ မြေပဲတွေကို ကျမတည်းခိုတဲ့ နေရာအထိ လာပို့သွားတဲ့ သားအမိရဲ့ မျက်နှာလေးကို ဒီနေ့အထိ အမှတ်ရနေမိတယ်..။ ကျမ ပြန်ခါနီး သွားနှုတ်ဆက်ရင်း အဲဒီအမဆီက ကတိတခုတော့ တောင်းခဲ့မိတယ်...။ သားသမီးတွေကို အောင်မြင်စေချင်တာ တတ်မြောက်စေချင်တာက မိဘတိုင်းရဲ့ ကြီးမားတဲ့ မေတ္တာ၊ စေတနာပါ..။ ဒါပေမယ့် ဆုံးမတဲ့ နေရာမှာ မှန်ကန်အောင် သွန်သင်ပြသ ပေးတာမျိုးတော့ ဖြစ်စေချင်တယ်..။ ဒါကြောင့် ဒီလိုမျိုး အပြစ်ပေးပြီး စာကျက်ခိုင်းတာမျိုး မဖြစ်စေပဲ တခြားနည်းလမ်းနဲ့ သွန်သင်ပေးပါလို့..။

အိမ်ရှေ့က တောင်ကုန်းလေးကို ကြည့်နေရင်း၊ ငယ်ငယ်က ရောက်ခဲ့ဘူးတဲ့ တောင်ကုန်းလေးတွေနဲ့ နေရာလေးကို သတိတရ ဖြစ်သွားလို့ပါ...။ တစ်ဆက်တည်း အပြုံးတွေနဲ့ ပီတိကို ရရှိခဲ့ဘူးတဲ့ နေရာလေးက အခု ကျမရောက်နေတဲ့ နေရာလေးနဲ့ တူနေတယ်လေ...။ နောက်တစ်ချက်က မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊ ဆရာနဲ့ တပည့် ဖြစ်ဖြစ် ဆုံးမပြုပြင်တဲ့ နေရာမှာလည်း မှန်ကန်တဲ့ ထိရောက်တဲ့ ဆုံးမမှုတွေကိုသာ ဖြစ်စေချင်ပါတယ်..။ သား သမီး မကောင်း မိဘခေါင်း၊ တပည့် မကောင်း ဆရာ့ခေါင်း ဆိုသလို သားသမီးတွေ၊ တပည့်တွေ လိမ္မာရင်၊ တော်ရင်၊ တတ်ရင် အားလုံးမှာ ပီတိဖြစ် ၀မ်းသာရတာပဲလေ..။ ကျမ သိပ်မသိပေမယ့် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို ခံစားမျှဝေရင်း အကြံပြုလိုက်တာပါ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

11 comments:

HAPPY CLOUD said...

အဲဒီစိတ်ထားလေး တော်တော်ကောင်းတယ်ဗျာ။ အက်ဆေးရေးဟန်လေးတွေလည်း ပိုကောင်းလာတယ်။ အသစ်တွေထဲ အားရစရာကောင်းတဲ့ ဘလောဂ့်တစ်ခုပါပဲ။

ခင်မင်လျှက်..
မိုးမောင်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

စာအရေးအသား ညင်သာညက်ညောမှုအပြင် သဘာဝရှု့ခင်းလေးတွေပါ ဖတ်ရတော့ ကြည်နူးစရာကောင်းလိုက်တာ။
ပိုပြီး ပြည့်စုံသွားတာက ကလေးကို စာသင်ပေးလိုက်တဲ့ အပိုဒ်လေးပါဘဲ။
အတွေ့အကြုံလေးတွေကို ဝေမျှတာ ဆိုပေမယ့် စာရေးသူရဲ့ ရင်ထဲကစေတနာကို အတိုင်းသား မြင်ယောင် ခံစားမိပါတယ် ကွယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

~ဏီလင်းညို~ said...

ညီမရေ...
စေတနာအမှားတွေလည်း ဖြစ်လေ့ရှိတတ်တဲ့သဘောလေးတွေပေါ့နော်...။ မိဘတွေအတွက်တော့ ဆင်ခြင်စရာပဲလေ...။ တစ်ချို့ဆို ကိုယ့်သားသမီးကို ဖြစ်စေချင်လို့ အတင်းတွန်း... ကလေးကမလိုက်နိုင်နဲ့ စိတ်ဆင်းရဲစရာလေးတွေ အစ်ကိုတို့လည်း မြင်ခဲ့ဖူးတယ်...။
(ဒီမှာလည်း.. တစ်ခါတစ်လေ...လမ်းလျှောက်သွားရင် ဥသြဆိုတဲ့ကောင် အော်သံကို ကြားရတတ်တယ်လေ...)
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

မမရေ..မမနေ့တဲ့နေရာလေး မျက်လုံးထဲမြင်ရောင်ရင်း လွမ်းသလိုလိုဘဲနော်.. အေးချမ်းတဲ့နေရာလေးဆိုရင် စာရေးလို့ကောင်းတာပေါ့မမရဲ့..။
မမက စိတ်ရှည်တယ်နော်..။
သားသမီးကို မိဘတွေ ဒုတ်နဲ့ရိုက် ဒါန်ပေးပြီး ဆုံးမတိုင်းလဲ လူကောင်းလေးတွေ မဖြစ်နိုင်ပါဘူး။ အဓိက ကတော့ နားလည်အောင် သဘောပေါက်အောင်ရှင်းပြရင်း လမ်းကောင်းရောက်အောင် သင်ပေးဖို့ပါဘဲလို့ ထင်မိပါတယ် ။
ချစ်ခင်လေးစားလျှက်။

ညရဲ့ကောင်းကင် said...

မမနွယ် စာအရေးအသားတွေက အရမ်းကောင်းလာတယ်... ဖတ်လို့ကောင်းတယ် ... ကလေးလေးကို စာသင်ပေးတဲ့နေရာရောက်တော့ ကြည်နူးမိတယ် ... ဟုတ်တယ်နော်... မိဘဆိုတာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ သားသမီးကို ဆုံးမသွန်သင်ရင်လည်း ရတာပေါ့ .. ပြစ်ဒဏ်ပေးတယ်ဆိုတာ တကယ်တော့ ကလေးရင်ထဲကို မုန်းတီးမှုတွေ ရိုက်သွင်းပေးသလိုပါပဲ...

ခင်မင်လျက်
ညရဲ့ကောင်းကင်

konyi said...

မိဘနဲ့သားသမီးဆက်ဆံမူမှာ နေရာချင်း လဲကြည့်တတ်ဖို့လဲ လိုတာပေါ့နော်. မိဘကလဲ သားသမီးနေရာကနေ နေပြီး စဉ်းစားသင့်တာ စဉ်းစားရမယ်။ သားသမီးကလဲ မိဘနေရာကနေပြီး စဉ်းစားသင့်တာ စဉ်းစားရမယ်။ အဲလိုနေရာချင်းလဲပြီး တစ်ဦးနဲ့တစ်ဦး မျှမျှတတလုပ်ကိုင်မယ်ဆိုရင် မှန်ကန်တဲ့ ဆက်ဆံေ၇းလဲဖြစ်မယ်။ ဒါမှလဲ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်ပေါ့။ ကျွန်တော်ရဲ့ အမြင်ပေါ့နော်။ မိဘ မေတ္တာကတော့ အနှိုင်းအဆမရှိအောင် ကြီးမားပါတယ်။ ဒါပေမဲ့ စဉ်းစားတွေးခေါ်မူ မှန်ကန်တဲ့ ပညာလိုတာပေါ့။ အဲဒီတော့ အရာရာကို မှန်မှန်ကန်ကန်နဲ့ ပြူမူဆက်ဆံဖို့ အရေးကြီးပါတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် ။ ဘယ်သူနဲ့ ပဲဖြစ်ဖြစ်ပေါ့။ အတွေးအခေါ်လေးတွေပေးတဲ့ စာတွေဖတ်ရတာ ကျေးဇူးတင်ပါတယ်။

မသက်ဇင် said...

ဘလောက်ထဲမဝင်ဖြစ်တာကြာပြီ
ဒီနေ့မှ ခဏ ဝင်လည်လိုက်တာ
''ဒဏ္ဍာရီ ''
ဆိုတဲ့အမည်သစ်လေးတွေ့ရတော့ စိတ်ဝင်စားပြီး
လိုက်လာခဲ့တယ်။
စာတွေဖတ်ရင်း မှတ်ချက်ပြုမိတယ်
ဒဏ္ဍာရီ ဟာ စကားပြေအရေးအသားကောင်းသလို
တင်ပြချင်တာတွေက နူးညံ့ပြော့ပြောင်းတယ်
စာဖတ်သူရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်တယ်။
အားပေးပါတယ်။ ဆက်ရေးပါ။
ချစ်ခင်လျက်

လိုင် said...

လာဖတ်ပါတယ်ရှင်
စိတ်ဝင်စားစရာကောင်းပါတယ်
လင့်သွားခွင့်ပြုပါ။

အင်ကြင်းသန့် said...

မရေ...
ကိုးတန်းကျောင်းသူဘ၀မှာတောင် မရဲ့စိတ်ထားလေးက တော်တော်ကိုလေးစားစရာကောင်းနေတယ်နော်...

ခင်တဲ့
ညီမ
အင်ကြင်း

ရွှေပြည်သူ said...

ဖတ်ရတာ ရင်ထဲနွေးသွားတာပဲ ညီမလေးရယ်။ ဒဏ္ဍာရီလိုလူမျိုးချည်း လောကကြီးမှာ ရှိနေရင် သိပ်လှမှာပဲ။ စာအရေးအသားလေးကလည်း ပြေပြစ်လိုက်တာ...

Craton said...

စာရေးကောင်းတယ် လိုချင်တာကို ရှင်းရှင်းလေးနဲ့တင်ပြထားတယ် ရိုးအီမသွားအောင်လည်း ထိန်းထားနိုင်တယ်
အဲ့ဒီတောင်ကုန်းလေးက ဘယ်နားမှာလဲဟင်.. ပြီးတော့ အခုဘယ်မှာနေတာလဲ
(မှတ်ချက်။ ။သားငယ် စပ်စုတာ လူတိုင်းသိပါသည်)