Monday, December 28, 2009

Christmas ပိတ်ရက်

ဒီတစ်ပတ် Christmas ရုံးပိတ်ရက်တွေမှာ ဘယ်မှကို မရောက်ဖြစ်ဘူး။ လူကလည်း အိမ်ထဲမှာနေပြီး ပျင်းလာတယ်..း) Orchard သွားဖို့ကလည်း လူတွေကများပြီး လမ်းတောင် လျှေက်မရဘူးတဲ့။ ဒီနေ့တော့ အိမ်မှာနေရတာလည်း ညောင်းလာပြီလေ။ ဒါနဲ့ အပြင်လေးထွက်မယ် ဆိုပြီး Vivo City နဲ့ HarbourFront ကို လျှောက်ခဲ့တော့တယ်။ မြင်မြင်သမျှ လက်စွမ်းပြလာတာလေးတွေ ပြမယ်နော်...း)

ကြည့်ကြနော် Discount တွေလည်း ပေးနေတယ် .....း)




ဒါကတော့ Vivo City ၀င်ဝင်ချင်း အောက်ထပ်က Tangs Christmas Store ကို ရိုက်လာတာ..









ဒီရတနာ ဆိုင်ကတော့ 70% Discount ပေးနေတယ်နော်...။






ညီမလေးတွေ၊ မမတွေအတွက် GUESS က 50% Discount တဲ့.. မြန်မြန်သွားဝယ်နော်...း)














သူတို့က ဘာလုပ်တာလဲတော့ သိဘူး.. လှေခါးက တက်လာတော့ သူတို့ကလည်း ဒါကြီးတွေ တီးပြီး ဆင်းလာတာ တွေ့တာနဲ့ လက်ကလည်း ရိုက်ပြီးသား ဖြစ်သွားတယ်..း)













ဒါကတော့ HarbourFront အောက်ထပ်က Christmas Tree ကြီးလေ.... လှလို့ ရိုက်လာတာ။












Giant ထဲမှာ အလှဆင်ထားတဲ့ ချောကလက်တွေ၊ အမှန်က ဓါတ်ပုံ မရိုက်ရဘူးတဲ့။ ကျွေးချင်လို့ ခိုးပြီး ရိုက်လိုက်တာ..။း)
ကြိုက်သလောက် စားသွားနော်...း)












ဒါကတော့ ပြည်တော်ပြန်ရင် ဒယ်ဒီရယ် မေမေရယ် တီလေးရယ် ချစ်ယောင်းမလေးရယ်ကို လက်ဆောင်ပေးမယ်ဆိုပြီး 10% Discount နဲ့ ၀ယ်လာတာလေ။ အထဲက ပစ္စည်းတွေတော့ ပြတော့ဘူးနော်.. လုမှာ ကြောက်လို့ ...း)












သူငယ်ချင်းရဲ့သား မျောက်မူးလဲလေးအတွက် ၀ယ်လာတဲ့ ကားလေး။ ဆိုင်မှာ စမ်းခိုင်းတာ မရဘူးတဲ့ ဘက်ထရီက ၈ နာရီ အားသွင်းရမယ်ဆိုလို့ အခု အိမ်ရောက်မှ အားသွင်းပြီး ကောင်းမကောင်း စမ်းမောင်းနေတာ။ ((ဟီး)) ကလေးလက်ထဲမှ ရောက်ပါမလား မသိဘူး။ ကိုယ် စမ်းမောင်းနေတာနဲ့ ပျက်တော့မယ်။း)
))
ကျမလိုပဲ ရုံးပိတ်ရက်တွေမှ အပြင်မထွက်ဖြစ်ကြတဲ့ သူငယ်ချင်းတွေအတွက် ဒါလေးတွေကြည့်ပြီး သွားချင်အောင် စလိုက်တာနော်...။

ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေရှင်...။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ

Saturday, December 26, 2009

နှင်းပျောက်သောဆောင်း

ဒီဇင်ဘာရဲ့ အေးချမ်းတဲ့ ဆောင်းညလေးမှာ နှင်းတွေက ပျောက်လို့... အပူချိန်က အနှုတ်လက္ခဏာ ဖြစ်နေသလို ကျမဘ၀မှာလည်း အနှုတ်လက္ခဏာ ပြခဲ့တာ ကြာပြီလေ...။ အေးမြတဲ့ ဆောင်းရနံ့နဲ့ မြောက်လေက မျက်နှာကို ခတ်ကြမ်းကြမ်းလေး ရိုက်ခတ် သွားစေခဲ့တယ်။ လမ်းမကို ငုံ့လို့ လျှောက်နေတဲ့ ခြေလှမ်းတွေက စည်းချက်ညီညီ သွားနေပေမယ့် အသိစိတ်က ခြေလှမ်းထဲမှ မရှိဘူး။ ဒီလို ဆောင်းညလေးတွေပေါ့... ကျမ ဘ၀ကို နွေးထွေး စေခဲ့တာလေ...။ MP3 လေးကို နားမှာတတ်ရင်း Celine Dion ရဲ့ စီးရီးလေးထဲက တေးသွားလေးတွေ နားထဲမှာ အစဉ်အတိုင်း ရောက်လာတယ်...။ သတိထားပြီး နားထောင်လိုက်မိတဲ့ အချိန် One Heart ဆိုတဲ့ သီချင်းလေး ဖြစ်နေခဲ့တယ်။ အင်း... ဟုတ်မှာပါလေ... ကျမ နှစ်သက်တဲ့ သီချင်းလေး ဒီအချိန်မှာ အလှည့်ကျနေတာ။

နားထောင်နေရင်း... မျက်လုံးကို မော့အကြည့် တွေ့လိုက်မိတဲ့ ကော်ဖီဆိုင်လေးက ကျမတို့ အမြဲတမ်း ထိုင်ခဲ့ဘူးတဲ့ Starbucks ဆိုင်ရှေ့... ဒီနေ့တညလုံး ဘာတွေ ဖြစ်နေလဲ မသိဘူး...။
ဝဲလာတဲ့ မျက်ရည်ကို မျက်တောင်လေးနဲ့ အသာခတ်ပြီး ခြေလှမ်းတွေက ကော်ဖီဆိုင်ထဲကို ဦးတည်လိုက်မိတယ်။ အမြဲတမ်း ကျမတို့ ထိုင်နေကြ စားပွဲလေးမှာ စုံတွဲလေး တစ်တွဲ ထိုင်နေတာ မြင်လိုက်တယ်။ အမှတ်တမဲ့ ရင်ထဲက (((ဒိတ်))) ခနဲ ဖြစ်သွားတယ်...။ အော်... ငါဘာဖြစ်လို့ ရင်ခုန်သွားရတာလဲ? ဒီသံယောဇဉ်တွေ ဘယ်အချိန်ထိ အမြစ်တွယ်နေမလဲနော်...။

Caffè Americano တစ်ခွက်မှာပြီး ချောင်ကျကျ
ထောင့်နားက စားပွဲလေးမှာ နေရာယူလိုက်တယ်။ ဒီလိုအချိန် ဟိုး... တုန်းက နှင်းတွေ ခြေမျက်စိ မြုတ်တဲ့အထိ ကျနေခဲ့တာ... နွေးထွေးတဲ့ လက်အစုံက ကျမကို ထွေးပိုက်ပြီး ဒီနေရာလေးကို လာခဲ့ကြတာ... နှင်းတွေပေါ်မှာ နင်းလျှောက်ရင်း စာတွေရေးခဲ့ကြတာ... နှလုံးသားချင်း ထပ်တူကြခဲ့တဲ့ အချိန်တွေတုန်းကပေါ့။ အရာရာတိုင်း လှပနေခဲ့ကြတာ... ဒီလို ခရစ်စမတ်ညမှာ နွေးထွေးစေခဲ့တဲ့ ကြင်နာမှုတွေက အခုလို ဝေးကွာသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူးလေ... ကျမ အသိစိတ်၊ နှလုံးသားမှာ ထ၀ရ အမြစ်တွယ်နေခဲ့တာပါ။ သူသာ ရှိနေခဲ့ရင် အခုအချိန်မှာ နွေးထွေးတဲ့ သူ့ရင်ခွင်မှာ နားခိုရင်း ရှေ့ဆက်လျှောက်ရမယ့် ဘ၀ခရီးလမ်းကို စိတ်ကူးနဲ့ ပုံဖေါ်ရင်း ကြည်နူးနေခဲ့ဘူးပါတယ်။ ဒီလိုရက်လေးကို ကုန်ဆုံးသွားမှာ ကြောက်တဲ့ကျမ... အခုတော့ ဒီရက်လေးကို တစ်ယောက်တည်း ဖြတ်သန်းရမှာ စိုးရိမ်နေရပြီလေ...။

နားထဲက သီချင်းလေး ဆုံးအသွားမှာ နားကြပ်ကို ဖြုတ်ပြီး ကော်ဖီလေး သောက်လိုက်တော့... အရင်ကထက် ပိုခါးနေသလိုပဲ... ဆောင်းညတွေမှာ နှင်းပျောက်နေသလို... ကိုယ်သောက်နေကျ ကော်ဖီပူလေး ပိုခါးသွားတာ ဘာဖြစ်လို့လဲနော်...။ နွေးထွေးစွာ ဆုပ်ကိုင်ပေးမယ့် လက်အစုံမရှိတော့မှ နှင်းပျောက်တဲ့ဆောင်းမှာ အအေးဓါတ်ကို အံတုလို့ ခရီးဆက်ရမယ့် ဘ၀... အလွမ်းဆိုတာကို မခံစားဘူးလို့ နှလုံးသားကို ကျင့်သားရအောင် လေ့ကျင့်ပေးလိုက်တာ ထင်ပါရဲ့...။
တစ်နေ့နေ့တော့ ကျင့်သားရသွားမှာပါ...။ သင်္ခါရဆိုတဲ့ တရားကို လွန်ဆန်နိုင်ဖို့ ဘယ်သူ့မှာမှ ခွန်အားမရှိဘူးလေ.. ဒီညလေးမှာ တစ်ယောက်တည်း ထူးခြားစွာ နှင်းပျောက်နေတဲ့ ဆောင်းရဲ့ အအေးဒဏ်ကို အံကြိတ်ခံရင်း ကော်ဖီဆိုင်လေးကနေ ထွက်ခဲ့မိတယ်...။ မျက်လုံးအိမ်က စီးကျလာသမျှ မျက်ရည်တွေကို ဟန့်တားနိုင်စွမ်း မရှိတော့ပါဘူး...။


အစ်မ၀ါဝါခိုင်မင်း (အမှတ်တရလေးများ) ရဲ့ စိတ်ကူးများနဲ့ကျမ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တဂ့်ထားတဲ့ ပိုစ့်လေးကို စိတ်ကူးယဉ်ပြီး ရေးလိုက်တာပါ။ စိတ်ကူးထဲက အိမ်ထောင်ဘက်ဆိုတာ မရှိတော့ဘူးလေ...။ မမမေးသလို နောက် ငါးနှစ်တာ ကာလမှာတော့ ကိုယ်ပိုင် သင်တန်းကျောင်းလေး တစ်ခု ပိုင်ဆိုင်ချင်ပါတယ်။ နောက်ငါးနှစ်မှာ မဖြစ်လာရင်တောင် နောက်တော့ ဖြစ်လာအောင် ကြိုးစားကြည့်မယ်လို့ စဉ်းစားထားပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်လေးမို့ပါ။ ဒါကြောင့် ရှေ့ဆက်ပြီး ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ရင်း ရပ်တည်နေထိုင်သွားဖို့ သေချာသလောက် ဖြစ်နေလို့ပါ။ မမ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..။ အောက်က သီချင်းလေးနဲ့ အဆုံးသတ်လိုက်ပါတယ်နော်...။

ပြီးခဲ့သောဒီဇင်ဘာ.......



ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, December 21, 2009

မေတ္တာရပ်ခံခြင်း (www.dandaryee.com)

ကျမရဲ့ ဘလောဂ့်လေးကို blogspot ကနေ .com ပြောင်းလိုက်တာ မောင်နှမများရဲ့ လင့်လေးတွေ အားလုံး ပျောက်သွားပါတယ်ရှင်။း)
ဒါကြောင့် အခုလင့်လေးတွေကို မှတ်မိသလောက် ပြန်ချိတ်နေပါတယ်နော်။ ခင်မင်ရသော ဘလောဂ့်ကာ မောင်နှမများရဲ့ လင့်လေးများ ပြန်လည်ပေးပါရန် တောင်းပန်ပါတယ်ရှင်...။ ဒဏ္ဍာရီရဲ့ လင့်လေးကိုလည်း www.dandaryee.com အဖြစ်ပြောင်းလဲပေးပါရန် မေတ္တာရပ်ခံပါတယ်...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, December 18, 2009

မပြောင်းလဲသော ၂၄ နှစ်တာ

ဒီနေ့မနက် အဒေါ်ရဲ့ စာသင်ကျောင်း ဖြစ်တဲ့ ရွာလေးတစ်ရွာကို လိုက်လည်ရမယ်ဆိုလို့ ပျော်ပြီး တညလုံးတောင် အိပ်မပျော်ဘူး။ အဒေါ်က ကျောင်းပြီးကာစ ဆရာမ ပေါက်စလေးပေါ့။ သူကတော့ ပြောပါတယ် ဟိုရောက်ရင် ဂျီမတိုက်ရဘူး၊ ရထားသံလမ်းနဲ့ လယ်ကွင်းတွေကို ဖြတ်ပြီး လမ်းလျှောက်ရမယ်တဲ့။ ကျမလည်း ကလေးဆိုတော့ လိုက်ရပြီးရော.. ရတယ်ပေါ့။ ဒီလိုနဲ့ တူအရီး နှစ်ယောက် အင်းစိန်ဘူတာကနေ စာပို့ရထားတွဲကြီး စီးပြီး အဲဒီရွာလေးကို သွားကြတာပေါ့။ အင်းစိန်ဘူတာမှာ တီလေးတို့ ကျောင်းက ဆရာမ ၃ ယောက်လည်း စောင့်နေကြတယ်။

ရွာဆိုပေမယ့် ရန်ကုန်နဲ့ သိပ်မဝေးဘူးနော်။ မြို့ပတ်ရထားက အဲဒီရွာဘက်ကို မဖြတ်လို့ စာပို့ရထား စီးပြီး သွားရတာတဲ့။ အုတ်ဖိုရွာဘူတာမှာ ဆင်းပြီး တီလေးတို့ စာသင်တဲ့ ကျောင်းကို ၁ နာရီကျော် လမ်းလျှောက်ရမယ်တဲ့။ တီလေး သူငယ်ချင်း ဆရာမတွေက နင့်တူမလေး လျှောက်နိုင်ပါ့မလား ဆိုပြီး မေးတော့ ကျမက အပျော့ပေါ့ဆိုပြီး မျက်စောင်းတောင် ထိုးလိုက်သေးတယ်။

ဒီလိုနဲ့ ရထားကြီးလည်း ထွက်သွားရော အဲဒီရထားသံလမ်းအတိုင်း လမ်းဆက်လျှောက်ရတယ်။
ရထားလမ်းဆိုပေမယ့် တချို့နေရာတွေက အောက်မှာ ရေမြောင်းအကျယ်ကြီးတွေရှိတယ်။ ရေဆို ကြောက်တတ်တဲ့ ကျမ အဲဒီသံလမ်းပေါ် ဘယ်လိုလျှောက်ရမှန်းမသိဘူး။ ဇလီဖားတုံး တစ်တုံးကနေ နောက်တစ်တုံးကို ကူးလို့ ချော်ကျလို့ကတော့ ရေထဲကို (((ပလုံ)) ပဲ...။ တီလေးနဲ့ ဆရာမတွေက သူတို့လက်ကို တွဲပြီး ခုန်ဆိုတာကို မခုန်ပဲ လေးဘက်ထောက်ပြီး တစ်တုံးကနေ တစ်တုံးကို ကူးတာပေါ့။ မြို့ကနေ လာတယ်ဆိုပြီး ဂါဝန်လေးနဲ့ ပဲကများပေါ့။ မြင်ယောင်သာ ကြည့်ကြတော့။း)

လျှောက်ရင်းနဲ့ ရထားလမ်းကနေ လမ်းဘေး လယ်ကွင်းထဲကို ဆင်းလျှောက်ရပါလေရော...။
အဲဒီမှာမှ စမြင်ဘူးတာ လယ်ကသင်းရိုးဆိုတာ။ လယ်ကွက် တစ်ကွက်နဲ့တစ်ကွက်ကြား ခြားထားတဲ့ ကုန်းမြေလေး တစ်လျှောက် လျှောက်လာရတာ တစ်ခါတလေ ဗွက်အိုင်တွေက ကလေးခြေလှမ်းနဲ့ဆိုတော့ မကျော်နိုင်ဘူး။ ဒီတော့ နင်းပစ်လိုက်ရော...။ ဗွက်ထဲ နင်းပြီး စပါးပင်တွေကို လက်နဲ့ရိုက်ပြီး လမ်းလျှောက်ရတာ အရမ်းပျော်စရာကောင်းတယ်။ လျှောက်ရင်းနဲ့ ခြေတောက်တွေ လက်တွေ ယားလာပါရော..။

ရွာထဲလည်း ရောက်ရော တွေ့တဲ့ အိမ်မှာ အရင် ရေ၀င်ဆေးကြရတယ်။ ကျောင်းဆိုတာကိုလည်း ရောက်ရော ကျမ တကယ် မျက်လုံးပြူးရပါတယ်။ ကျောင်းရှေ့မှာ ကြာပန်းတွေ ရောင်စုံနဲ့ ရေကန်အကြီးကြီးကိုလည်း မြင်လိုက်ရတယ်။ ဓနိမိုး၊ ကျူထရံ စိမ်းစိမ်းလေးကို ကာထားတဲ့ ရှည်မျောမျော တထပ် အဆောက်အဦးလေး။ လှေခါးလေး သုံးထစ်တက်ပြီး ၀ါးတွေကို ခွဲပြီး ခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ စားပွဲခုံတန်းလေးတွေ။ ကျောင်းသားတွေက အခင်းဝါးကြမ်းမှာ ထိုင်လို့။ အဲဒါ ကျောင်းတဲ့ လေ...။

မြို့ကကျောင်းတွေလို ဆရာမကြီး ရုံးခန်းတို့ ဆရာ၊ ဆရာမတွေ အခန်းမပြောနဲ့ စာသင်ခန်းတောင် မရှိဘူး။ ခုံတန်းလေးတွေမှာပဲ သူငယ်တန်းကနေ လေးတန်းအထိ အတန်းလေးတွေ ခွဲပြီး ထိုင်နေကြတယ်။
ကျောင်းဝတ်စုံ အဖြူအစိမ်းကိုလည်း လူတိုင်းမ၀တ်ကြဘူး။ အဲဒီ တဲလေးထဲမှာပဲ သူငယ်တန်းကနေ လေးတန်းအထိ စုစုပေါင်းမှ ကျောင်းသား ၃၀ ကျော်လောက်ပဲ ရှိမယ်။ မှတ်မှတ်ရရ လေးတန်းကျောင်းသားက ၅ ယောက်ပဲ ရှိတယ်။ အဲဒီထဲက ကောင်မလေး တစ်ယောက်နဲ့ ကျမနဲ့ ခင်မင်ခဲ့လို့ပါပဲ။ နောက်ပြီး ထူးဆန်းတာက ဗလာစာအုပ် တအုပ်ထဲမှာပဲ စာမျက်နှာလေးတွေ ခွဲပြီး ဘာသာစုံကို စာအုပ်တစ်အုပ်ထဲမှာပဲ ရေးနေကြတာ တွေ့ရတယ်။

နောက်ထူးဆန်းတာက ကျောင်းကို ကလေးတွေလည်း ခေါ်လာတယ်။ အိမ်မှာ ကလေးထိန်းမယ့်သူ မရှိလို့တဲ့။ ကလေးကို ဘေးချပြီး အကိုလုပ်သူ ဒါမှမဟုတ် အမလုပ်သူက စာသင်ရတယ်။ တခါတလေ ကျောင်းရှေ့ကနေ မောင် ---- ရေ... မ ----ရေ ဆိုပြီးတော့လည်း လာခေါ်တာက ရှိသေးတယ်။ အဲလို ခေါ်ရင် ဆရာမကို ခွင့်တိုင်ပြီး စာသင်ရင်းတန်းလန်း ဆင်းသွားကြရော။ မြင်ရတွေ့ရသမျှ ကျမအတွက် တကယ့်ကို အထူးအဆန်းတွေပါ။ လယ်ထဲကို မိဘတွေနဲ့အတူ အလုပ်လုပ်ဖို့ စာသင်နေတာကို လာခေါ်ကြတာတဲ့လေ။ ဆရာမတွေကလည်း လွှတ်လိုက်ရတာပဲ။

နေ့လည်း ထမင်းစားချိန်ရောက်တော့ ကလေးတွေ အားလုံး ဆင်းသွားကြတယ်။
ကျမတို့ တူအရီးနဲ့ ဆရာမတွေလည်း ထမင်းစားမယ်ဆိုပြီး ပြင်ဆင်နေတုန်း ရွာထဲက ကလေးတွေက တစ်ယောက်တမျိုး ဟင်းတွေလာပေးကြတာ တွေ့ရတယ်။ မှတ်မိသလောက် ငါးသေးသေးလေးကို ပင်စိမ်းရွက်လေး အုပ်ပြီး ချက်ထားတာရယ်၊ ဖါးကို မကျီးရွက်နဲ့ ကြော်တာရယ်၊ ပဲပြုတ်ကို မျှစ်နဲ့ ကြော်ထားတာရယ်၊ ငါးခြောက်ဖုတ်ကို ဆီလေးဆမ်းထားတာရယ် .. အစုံပါပဲ။

ကျမလည်း တအံ့တသြနဲ့ တီလေးကို မေးကြည့်တော့ နေ့တိုင်း အဲလိုပဲ ဆရာမတွေစားဖို့ လာပေးကြတာတဲ့လေ။ ဆင်းရဲကြပေမယ့်
သဒ္ဓါတရားကတော့ တကယ့်ကို ချီးမွမ်းလောက်တယ်။ ကျမကတော့ တီလေးထည့်လာပေးတဲ့ ထမင်းချိုင့်နဲ့ အဲဒီထဲက ကိုယ်ကြိုက်တဲ့ ဟင်းကို ရွေးစားပြီး ကျောင်းရှေ့က ရေကန်ကြီးကို လျှောက်ကြည့်နေမိတယ်။ ဆင်းကြည့်နေတုန်း လေးတန်းက ကောင်မလေးက ကျမကို လာခေါ်ပြီး ရေကန်စပ်ကို ခေါ်သွားတယ်။ သူက ရေကန်ထဲက ကြာပန်းတွေနဲ့ ကြာခွက်တွေ ဆင်းခူးပါရော။ ကျမလည်း သူပြောသလို ကြာခွက်လေးတွေကို ခွာစားကြည့်တာ အထဲက အဆံလေးတွေက ချိုနေတာပဲ။ ကြာပန်းတွေကလည်း လှမှလှ။

နောက် ကျောင်းပြန်တက်တော့ မနက်က လာတက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲက အချို့မရှိတော့ဘူး။ မနက်က လာခေါ်လို့ လိုက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူ ထဲက တချို့ပြန်လာတက်တာ တွေ့ရတယ်။ ဆရာမတွေကလည်း တစ်ယောက်ချင်းဆီ စိတ်ရှည်လက်ရှည် သင်ပေးနေတာ မြင်ရတော့ မြို့က ကျောင်းက ဆရာမတွေထက် ပင်ပန်းတယ်ဆိုတာ သိလာရတယ်။ ဒါပေမယ့် တကယ့်ကို ပျော်စရာကောင်းတဲ့ ကျောင်းလေးပါ။

ညနေ ကျောင်းဆင်းတော့ ရွာထိပ်အထိ ဆရာမတွေ ခြင်းကိုဆွဲပြီး လိုက်ပို့ကြတယ်။
ရွာထိပ်က အိမ်က ဘယ်သူ့အိမ်လည်းတော့ မသိဘူး။ အဲဒီအိမ်က ပိုက်ဆံနည်းနည်းရှိတယ် ထင်ရတယ်။ အိမ်ကလည်း အကြီးကြီး ဆရာမတွေကို ခေါ်ပြီး ရေနွေးကြမ်းနဲ့ လက်ဖက်တို့ ကောက်ညှင်းပေါင်းတို့ ချကျွေးတာ စားရင်း ရထားလာမယ့် အချိန်နဲ့ မှန်းပြီး အဲဒီအိမ်မှာ စောင့်နေရတာတော့ မှတ်မိတယ်။ ဒီလိုနဲ့ လာခဲ့တဲ့လမ်းအတိုင်း ပြန်လျှောက်ပြီး အုတ်ဖိုဘူတာမှာ စာပို့ရထားကြီးကို အလာကို စောင့်ရင်း ရထားစီးပြီး ပြန်ခဲ့ရတယ်။

အိမ်ပြန်ရောက်တော့ အိမ်ကသူတွေကို မမောနိုင် မပန်းနိုင် ကျမတွေ့ခဲ့သမျှ ထူးဆန်းတာတွေ ဆိုပြီး ပြန်ပြောပြမိတယ်။ အိမ်ကလူတွေကတော့ လူကြီးတွေဆိုတော့ သိပြီးသားပေမယ့် ကျမက အထူးအဆန်းနဲ့ အားရပါးရ ပြောပြနေတော့ ရယ်ပြီး နားထောင်ပေးကြတာပေါ့။ ကျမအတွက်တော့ ငယ်သေးတဲ့ အရွယ်မှာ ကျမစာသင်နေရတဲ့ ကျောင်းနဲ့ ကျမရောက်ခဲ့တဲ့ ကျေးရွာက ကျောင်းလေးဟာ တကယ့်ကို ကွာခြားပြီး ထူးဆန်းနေသလို ခံစားနေရတယ်။

တီလေးကိုလည်း အိမ်ရောက်မှ မေးချင်တာတွေ သိချင်တာတွေ မေးရတော့တယ်။ ကျောင်းဝတ်စုံ မ၀တ်ရင် ဒဏ်ကြေး မကောက်ဘူးလားတို့၊ စာသင်နေတုန်း အိပ်ပြန်လို့ရလားတို့၊ မုန်းစားဆင်းပြီး ပြန်မလာရင် မရိုက်ဘူးလာတို့ပေါ့။ တီလေးက ရီပြီး အဲဒါတွေ တီလေးတို့ ကျောင်းမှာ မရှိဘူးလို့ပဲ ပြန်ဖြေရှာတယ်။ ကျမ အတွေးထဲမှာတော့ တီလေးတို့ ဆရာမတွေက သဘော ကောင်းလိုက်တာပေါ့လေ။

ဒါပေမယ့် အခုအချိန်မှာတော့ ဒါတွေဟာ ထူးဆန်းတာတွေ၊ တီလေးတို့ သဘောကောင်းတာတွေ မဟုတ်ပဲ ကျေးရွာတွေရဲ့ ပညာရေး စနစ်တွေမှာ ကြီးမားတဲ့ လိုအပ်ချက်တွေ အဖြစ် မြင်တွေ့လာရတယ်။ ကျမတို့ရောက်ခဲ့တဲ့ ရွာလေးက ရန်ကုန်နဲ့ အလှမ်းမဝေးဘဲ ဘာဖြစ်လို့များ ဒီလောက်တောင် နောက်ကျ ကျန်နေရလဲဆိုတာ စဉ်းစားနေမိတယ်။ တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တာတွေ မဖြည့်ဆည်း ပေးနိုင်ကြဘူးလေ။ တကယ် လိုအပ်နေတဲ့ နေရာတွေမှာ ပညာရေး အထောက်အကူပြု ပစ္စည်းတွေ မဖြည့်ဆည်းပေး နိုင်ကြဘူး။ ဆရာ၊ ဆရာမတွေ မြို့မှာ များနေသလောက် အဲဒီလို ကျေးရွာတွေမှာ အလုံအလောက်မရှိကြဘူး။

မြို့မှာ ကျောင်းတွေဟာ မိုးပျံအောင် ဆောက်နိုင်သလောက် ကျေးရွာတွေမှာ မိုးမလုံ၊ အကာမလုံ ဖြစ်နေခဲ့ကြတယ်။
ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ကျမပြန်သွားပြီး အဲဒီရွာလေးက ကျောင်းကို ရောက်ခဲ့လို့ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်ကျော်က ရေကန်ကြီးဟာ အရင်လို ကြာပန်းတွေ ကြာခွက်တွေ မရှိတော့ဘူး။ ဒိုက်တွေ အပြည့်နဲ့ စိမ်းနေတဲ့ ရေကန်အဖြစ်ပဲ မြင်ခဲ့ရတယ်။ ဓနိမိုး၊ ကျူထရံ စိမ်းစိမ်းလေးတွေက ဟောင်းနွမ်းပြီး ပြုပြင်မယ့်သူ မရှိလို့ ယိုယွင်းနေခဲ့တယ်။

နှစ်ပေါင်း ၂၄ နှစ်တာ ကာလာမှာ အစိုးရ ပညာသင်ကျောင်းအဖြစ် တိုးတက်လာရမယ့် အစား ဘုန်းတော်ကြီးသင် ပညာရေးစနစ် ဖြစ်နေတာကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရတယ်။
ရွာထဲက တတ်နိုင်သူတွေကတော့ မြို့တက်ပြီး ပညာသင်ပေမယ့် ချို့တဲ့တဲ့ ကလေးတွေကတော့ အဲဒီကျောင်းလေးမှာပဲ ဆက်လက် ပညာသင်နေကြတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ် ကျော်က ပညာရေးစနစ်ဟာ အခု အချိန်မှာ တိုးတက်လာရမယ့်အစား ပိုလို့တောင် ဆုတ်ယုတ်သွားတာကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရပါတယ်။

တတ်နိုင်သလောက် ကူညီပေးခဲ့ ပေမဲ့ စိတ်ထဲမှာတော့ ကျေးရွာက ကလေးတွေရဲ့ ပညာရေးကို စိတ်မကောင်းစွာနဲ့ ရင်မောပြန်ခဲ့ရတယ်လေ။
ဒါတွေကို ကျမတို့ သိသလို၊ မြင်သလို နားလည် ခံစားတတ်ပြီး တိုးတက် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်။ နေရာတိုင်းက ပညာသင်ကြားရမယ့် ကလေးတွေကို တန်းတူ ပညာတွေ သင်စေချင်၊ တတ်စေချင်တယ်။ အမှန်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ် ကျော်ဆိုတာ ပြောင်းလဲမှုတွေ များစွာ တိုးတက်လာရမယ့် အစား ပိုလို့တောင် ဆုတ်ယုတ်သွားတာကို စိတ်မကောင်းစွာ မြင်တွေ့လိုက်လို့ပါပဲလေ....။ ကျေးရွာက ကလေးတွေရဲ့ ပညာသင်ကြားရတဲ့ ဘ၀၊ လူနေမှုဘ၀ အဆင့်အတန်းကို ကျမ ဘ၀မှာ လက်တွေ့ကျကျ သိမြင်ခဲ့ရလို့ အဲဒီကျေးရွာလေးနဲ့ စာသင်ကျောင်းလေးကို မျက်စိထဲ ယခုထိ မြင်ယောင်နေမိတာပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Thursday, December 10, 2009

လွမ်းမိတယ် RC2 ရယ်...

အခုတလော တက္ကသိုလ် ဆိုတဲ့ ကျောင်းတော်ကြီးရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အတိတ်ကို အမှတ်မထင် သတိရ၊ လွမ်းနေမိတယ်။ ကိုယ်တွေတုန်းကတော့ တက္ကသိုလ်ဆိုတာ တကယ့်ကို ပျော်စရာကောင်းတဲ့ ပညာသင်ရာ အရိပ်လေးပါပဲ။ RC2 မှာ ကျောင်းတက်ရတာကိုက ဂုဏ်ယူစရာလိုပေါ့။ သူငယ်ချင်းတွေ တွေ့ကြလို့ ဘယ်ကျောင်းကလဲလို့ မေးရင် RC2 မှာလေ လို့ ဖြေရတာကိုက အရသာတစ်မျိုး..။ RC1 က ဗိုလ်တထောင် ကောလိပ်၊ RC2 က လှိုင်နယ်မြေ၊ RC3 ကတော့ ကြည့်မြင်တိုင်ကောလိပ် တစ်နေ့တစ်နေ့ တစ်ယောက်ကျောင်း တစ်ယောက် မမောနိုင်အောင် လိုက်လည်ကြတာလေ။ အခုပြန်တွေးရင် မနေ့တစ်နေ့ကလို ပါပဲ...။

ကိုယ်တွေ တက်တုန်းကတော့ ပထမနှစ်မှာ Practical မလုပ်ရဘူး၊ ဒုတိယနှစ်ရောက်မှ အထူးပြု ဘာသာရပ်တွေ အလိုက် ခွဲပြီး Practical စလုပ်ကြရတာ။ ပထမဦးဆုံး Practical ဆိုတာကို စလုပ်ခဲ့ဘူးတုန်းက ရင်ခုန်စရာတွေ၊ ချွေးပြန်စရာတွေ၊ ဟာသတွေနဲ့ စခဲ့တဲ့ အဲဒီနေ့လေးကို ပိုလွမ်းနေမိတယ်။ အဲဒီနေ့က ဓါတုဗေဒ အထူးပြုတွေ
Practical စလုပ်ရမယ်တဲ့။ ဆရာမကပြောပြပြီး သွားလုပ်ရမယ့်နေရာကိုပါ တခါတည်းပြောလိုက်တယ်။ ဘယ်နေရာထင်လဲ..? RC2 ထဲက Feel စားသောက်ဆိုင်လမ်းရဲ့ ဘယ်ဘက်နားမှာ ရှိတဲ့ ကုန်းလေးပေါ်က ရာဘာတောမှာပေါ့။ အဲဒီမှာ လက်တွေ့ခန်းတွေ အများကြီးရှိတယ်၊ သူ့မေဂျာနဲ့သူ ခွဲထားတယ်လေ။ ကိုယ်တွေက ဓါတုဗေဒ လက်တွေ့ခန်းကို လိုက်ရှာရင်း ကိုယ်လုပ်ရမယ့် အခန်းကို ရောက်ခဲ့တယ်။ စာထဲမှာ သင်ရတာကတော့ Practical လုပ်မယ်ဆိုရင် လိုအပ်တာတွေက Conical Flask တို့ Test Tube တို့ဘာတို့နဲ့ပေါ့လေ။

အဲဒီနေ့ရဲ့
လုပ်ရမယ့် Practical က ဆားချက် ရမယ်တဲ့။ စားပွဲပေါ်မှာတော့ Test Tube တွေ ဖန်ဇလုံတွေ တင်ထားတာ စုံနေတာပဲ။ ဖန်ဇလုံထဲမှာလည်း ပင်လယ်ရေတွေ ထည့်ထားတယ်။ လက်တွေ့လုပ်ဖို့ အုပ်စု တစ်စုကို ၁၀ ယောက်ခွဲထားတယ်။ ကိုယ်တွေအဖွဲ့က မိန်းကလေး ၃ ယောက်ပဲပါတယ်၊ ကျန်တာက ယောကျာင်္းလေးတွေ။ အတွေးနဲ့ အားကိုးလောက်တယ်ပေါ့နော်...။ တကယ်လည်း Practical လုပ်ရော အုပ်စုတွေကို စပြီးဝေပေးတာ နို့ဆီခွက်လေးတွေ..။း) နို့ဆီခွက်တွေ ကိုင်ပြီး ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဘာလုပ်ရမလဲပေါ့လေ။ စလုပ်ခါနီးကျတော့ ဆရာမက ခုနပေးထားတဲ့ နို့ဆီခွက်လေးတွေကို ယူလာခိုင်းပြီး ဖန်ဇလုံထဲက ပင်လည်ရည်ကို Test Tube နဲ့ စုပ်ပြီး ထည့်ခိုင်းတယ်။ ပြီးတော့ လျှပ်စစ် မီးဖို ၄ လုံး ဖွင့်ထားပေးတယ်။ တလှည့်စီ ခုနနို့ဆီခွက်ကို မီးဖိုပေါ်တင်ပြီး ရေတွေခန်းလို့ ဆားပွင့်လေးတွေ ထွက်လာတဲ့အထိ စောင့်ရတယ်။ ကိုယ့်အလှည့်ရောက်တော့ ခုန အားကိုးလောက်တဲ့ မောင်မင်းကြီးသားတွေက ငါတို့လက်ပူမှာ ကြောက်လို့ နင်တို့ပဲ လုပ်တဲ့။ ကောင်းရော ...။း)

ဒီလိုနဲ့ ကိုယ်တွေ အုပ်စု ဆားချက်လိုက်ကြတာ ပင်လယ်ရေတွေခန်းလို့ ဆားပွင့်လေးတွေ နို့ဆီခွက်ထဲမှာ ပေါ်လာပါရော...။ နို့ဆီခွက်ထဲကရေ ခန်းမခန်းနဲ့ ဆားပွင့်လေးတွေ ပွင့်မပွင့် ကြည့်ရတာ ရင်ခုန်ရတာ တစ်မျိုး၊ လျှပ်စစ်မီးဖိုက အပူတွေက လက်တွေရော မျက်နှာတွေပါ ဟတ်လို့ ချွေးတွေ ပြန်တာတစ်မျိုး၊ ဆားပွင့်တွေ ထွက်လာတော့ ၀မ်းသာပြီး နို့ဆီခွက်နဲ့ လက်တွေ့ဆင်းရတဲ့ အဖြစ်ကို ရီကြရတာ အမောပါပဲ။ ဒီလိုနဲ့ ဆားတွေထွက်လာတဲ့ နို့ဆီခွက်လေးကို ယူပြီး ဆရာမကို သွားပြလိုက်တာ အဖွဲ့အားလုံး အမှတ်ပြည့် ရပါလေရော။ ပထမဦးဆုံး ပျော်စရာကောင်းတဲ့ ဓါတုဗေဒ ဘာသာရပ်ရဲ့ လက်တွေ့ခန်း ဆိုတာကို နားလည်သွားကြတယ်။း)


ဘယ်တော့မှ မမေ့တဲ့ တက္ကသိုလ်ရဲ့အမှတ်တရနဲ့ ပထမဦးဆုံး
Practical လုပ်ခဲ့တဲ့ နေ့လေးကို သတိရရင်း RC2 အလွမ်းပြေ အဖြစ် ဒီပိုစ့်လေးကို ရေးဖြစ်လိုက်တာပါ။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ

Friday, December 4, 2009

This, too, shall pass away.

အခုတလော ခရီးသွားနေတာကြောင့် စာအသစ်တွေ မတင်ဖြစ်တာနဲ့ ကျမ ဖတ်ခဲ့တဲ့ ဖေမြင့်ရဲ့ "စာဖတ်သမား၏ မှတ်စုများ" ဆိုတဲ့ စာအုပ်ထဲက အနှစ်သက်ဆုံးနဲ့ တန်ဘိုးရှိတဲ့ စကားလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်...။ စာဖတ်သူများလည်း နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်....။

စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲ စွဲနေမိသော စကားတခွန်းရှိတယ်...။

"This, too, shall pass away"

ဒါလည်း ပြီးသွားမှာပါ တဲ့။ သို့သော် တန်ခိုးရှိသည်၊ တန်ဘိုး ရှိသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အကြောင်းတစုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက် ဖြစ်ကာ တနုံ့နုံ့ တွေးနေမိသည့် အခါမျိုးတွင် သည်စကားလေး ခေါင်းထဲပေါ်လာလျှင် စိတ်ထဲ ပေါ့ပါး သွားတတ်သည်။

သိပ်အားတက်နေ၊ ၀မ်းမြောက်နေ တစ်ကိုယ်တည်း ပီတိတွေ ဖြာနေမိသည့် အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိ ဖော်ပေးတတ်သည်။

"ဟေ့ ... သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါ"

တန်ဖိုးရှိလှသည့် စာကား။ လောကကြီးထဲမှာ သင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကားတခွန်း။ သည်စကားကို ဘယ်သူပြောခဲ့သလဲ? သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ?

ဘတ်တလက် (John Bartlett) ရဲ့ လူသိများသော ကိုးကားစကားများ (Familiar Quotations) ကျမ်းမှာ ရှာကြည့်တော့ သုံးစွဲခဲ့သူတွေ အများအပြား ပါကလား။

" ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ။
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ။
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။" တဲ့

ကဗျာဆရာ (J.G Saxe) က ဒီစကားလေးက ပေးသော အတွေးကို ဖွင့်၍ ရေးခဲ့သည်။ သည်လိုပါပဲ ကဗျာဆရာ၊ ၀ထ္ထုရေးဆရာ တွေကလည်း ကဗျာစာသားများထဲမှာ ထည့်ပြီး သုံးခဲ့တယ်။ ကဗျာ ခေါင်းစဉ်တွေအဖြစ်လည်း သုံးကြတယ်။ မဆိုသလောက် ကွဲပြားကြတာလေးတွေတော့ ရှိတာပေါ့။

"This, too, will pass."
"This, too, will pass away."
"Even this shall pass away."
"All things shall pass away."

စသည်ဖြင့်ပေါ့။ အများသုံးခဲ့ကြတာ ဟုတ်ပါပြီ။ သို့သော် ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားတယ်။ ပုံပြင် စတင်ထွက်ပေါ်လာတဲ့ နေရာက အနောက်အာရှ ဒေသဖြစ်တယ်။

အဲဒီပုံပြင်လေးက ................... တရံရောအခါ ရှင်ဘုရင် တစ်ပါးတည်း စိတ်ပင်ပန်း ဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက် အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခု ရေးသားပြုစုပေးရန် တောင်းဆိုသည်။ ဆောင်ပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော၊ နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။ မူးမတ်တွေကလည်း ဆောင်ပုဒ်အမျိုးမျိုး တင်ပြကြတယ်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။

နောက်ဆုံး သမီးတော်က သူမ ရွေးချယ်ထားတဲ့ ဆောင်ပုဒ်ကို မြလက်စွပ် တစ်ကွင်းပေါ်မှာ ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင်က နှစ်သက်သဘောကျသွားတယ်။ လက်စွပ်ပေါ်မှာ အာရဗီ ဘာသာနဲ့ ရေးထွင်းထားတဲ့ စာသားရဲ့ အဓိပ္ပါယ်က "This, too, will pass." ဟူ၍ .... ဖြစ်တယ်တဲ့။

ကျမတို့လည်း ဒီစာသားလေးအတိုင်း စိတ်ဓါတ်ကျနေချိန်ပဲ ဖြစ်ဖြစ် ကြည်နှုးပျော်ရွှင်ချိန်တွေပဲ ဖြစ်ဖြစ် ဒီစကားလေးကို အမြဲတမ်း ဆောင်ထားပြီး ကိုယ့်ကိုကိုယ် သတိပေး နေထိုင်သွားတတ်အောင် ကြိုးစားကြတာပေါ့။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ