Thursday, October 29, 2009

ကိုယ်ယုံကြည်ရာ

"ကိုယ်ယုံကြည်ရာ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျမရဲ့ မကြာသေးသော ဘလောဂ့် သက်တမ်းလေးမှာပဲ ညီမလေး နေ့အိမ်မက်က ကဗျာဆန်ဆန် အမည်ထဲမှာ "ရ" ပါသမျှကို တဂ်ပိုစ့်လေးနဲ့ မိတ်ဆက်လိုက်ပါတယ်။ အခုလို ဘလောဂ့်လေး စတင်ရေးခဲ့မိတဲ့ အချိန်မှာ ပထမဆုံး တဂ့်ပိုစ့်လေး ရေးခွင့်ရလို့ ညီမလေးကို ကျေးဇူးတင်ပါတယ်။

ကျမရဲ့ "ကိုယ်ယုံကြည်ရာ" ဆိုတာကတော့ "တဂ့်" ဆိုတဲ့ပိုစ့်လေး အကြောင်းပါ။ ဘလောဂ့်ရေးကြတဲ့ ရည်ရွယ်ချက်ဆိုတာ လူတစ်ဦးတစ်ယောက်နဲ့ တစ်ယောက် ဆန္ဒလေးတွေကလည်း မတူညီကြပါဘူး။ အချို့က မိမိရဲ့ ခံစားချက်လေးတွေကို စိတ်ရဲ့ ထွက်ပေါက်အဖြစ် ရေးကြတယ်။ အဲဒီ အပေါ်မှာ စာဖတ်သူတွေကလည်း အမျိုးမျိုး နားလည်ပေးကြတယ်။ အချို့ကြတော့လည်း မိမိသိသမျှ တတ်သမျှ လေးတွေကို မျှဝေချင်လို့ ရေးကြတယ်။ အချို့ကြပြန်တော့လည်း မိမိရေးတဲ့ စာတွေအပေါ်မှာ စာဖတ်သူကို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်လေးတွေ ပေးချင်ကြလို့ ရေးကြတယ်။ အချို့ကတော့ အပြုသဘော၊ အပျက်သဘော ဝေဖန်ချင်လို့ ရေးကြတယ်။ ဘယ်လို ဦးတည်ချက်နဲ့ပဲရေးရေး မိမိရေးသားတဲ့ စာတွေဟာ စာဖတ်သူကို အနည်းဆုံးတော့ သုတ၊ ရဿ ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။

ဒီနေရာမှာ အဓိက ပြောချင်တာလေးကတော့ အခုလို ဘလောဂ့်အသိုင်းအ၀န်းလေးမှာ ချစ်စရာ ဓလေ့လေး တစ်ခုဖြစ်တဲ့
"တဂ့်" ဆိုတဲ့ ပိုစ့်လေးတွေပါပဲ။ ကိုယ့်ကို တဂ့်တဲ့သူဟာ သူ့ရင်ထဲမှာ ကိုယ်နဲ့ပတ်သက်ပြီး ခံစားချက် တခုခုရှိလို့ တဂ့်တာ ဖြစ်နိုင်တယ်။ ပုဂ္ဂိုလ်ရေးအရ ခင်မင်လို့ တဂ့်တာလား..? ကိုယ်ရေးတဲ့စာတွေကို သူနှစ်သက်လို့ တဂ့်တာလား...? ဒါမှမဟုတ် တူညီတဲ့ ခေါင်းစဉ်လေး တစ်ခုတည်း အပေါ်မှာ မတူညီကြတဲ့ စာရေးသူတွေရဲ့ အတွေး၊ အမြင်လေးတွေကို ဖတ်ချင်လို့ တဂ့်တာလား...? ဆိုတာပါပဲ။

ကျမရဲ့ ကိုယ်ယုံကြည်ရာ ခံယူချက်ကတော့ ကိုယ့်ကို တဂ့် ပြီဆိုတာနဲ့ သူ့ရဲ့ အမှတ်တစ်ရ သတိတရ တဂ့်လိုက်တဲ့ အတွက် ပထမဆုံး သူ့ကို ကျေးဇူးတင်မိပါတယ်။ ဒီတော့ တဂ့်ပိုစ့် ဆိုတာကလည်း မိမိရဲ့ ရွေးချယ်မှု အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ့်ကို တဂ့်လိုက်တဲ့ အပေါ်မှာရော ခေါင်းစဉ်အပေါ်မှာပါ ကိုယ်ကမကြိုက်ဘူး၊ မနှစ်သက်ဘူး ၊ ယုံကြည့်မှု မရှိဘူး ဆိုရင် အဲဒီတဂ့်ပိုစ့်ကို မရေးပဲ နေလို့ရပါတယ်။ ဘယ်သူကမှ အတင်းရိုက်ပြီး မရေးခိုင်းပါဘူး။ ဒါဟာ မိမိရဲ့ ဆန္ဒနဲ့ ရွေးချယ်မှု အခွင့်အရေးပါ။ ဒါပေမယ့် ရေးမယ်ဆိုရင်လည်း တဂ့်ပိုစ့်လေးရဲ့ ခေါင်းစဉ်နဲ့ မိမိကို တဂ့်တဲ့သူ အပေါ်မှာရော၊ စာဖတ်သူတွေ အပေါ်မှာပါ လေးစားရပါမယ်။ ကိုယ်ရေးလိုက်တဲ့ စာတွေဟာ တဖက်က တဂ့်လိုက်တဲ့သူ အပေါ်မှာ ကျေနပ်မှု၊ စာဖတ်သူတွေအပေါ်မှာလည်း လေးစားမှု ရှိရပါမယ်။ ကိုယ့်လိုပဲ အတူတူ တဂ့်ပိုစ့် ရေးကြတဲ့သူတွေ အပေါ်မှာလည်း မတူညီတဲ့ ခံစားချက် အယူအဆလေးတွေထဲက ကောင်းတဲ့၊ ဗဟုသုတရစေမယ့် အချက်လေးတွေကို အတုယူရပါမယ်။ ဒါဆိုရင် တူညီတဲ့ ခေါင်းစဉ်လေး တစ်ခုရဲ့ အောက်မှာ မတူညီတဲ့ အတွေးအခေါ်လေးတွေ ခံယူချက်လေးတွေကို အကောင်းဆုံး မှတ်သားနိုင်မှာပါ။ ပိုစ့်တခုကို တစ်ဦးတစ်ယောက်ထဲ ရေးသားခြင်းထက်စာရင် အခုလို အများက ရေးထားတဲ့ တဂ့်ပိုစ့်လေးတွေဟာ ပိုပြီး တန်ဖိုးရှိတယ်လို့ ကျမယုံကြည်ပါတယ်။

ဒါကြောင့် အခု ညီမလေး နေ့အိမ်မက် တဂ့်လိုက်တဲ့ "ကိုယ်ယုံကြည်ရာ" ဆိုတဲ့ တဂ့်ပိုစ့်လေးကို ကျမ ခံစား ယုံကြည်မိတဲ့ "တဂ့်" ဆိုတဲ့ ပိုစ့်လေး အကြောင်းအဖြစ် ရေးလိုက်မိပါတယ်။ ညီမလေး နေ့အိမ်မက်ရေ .... နေ့တိုင်း အဝေးကြီးကနေလာပြီး စီဘောက်မှာ ကြွေးလာတောင်းရတာ ပင်ပန်းနေမှာစိုးလို့ အကြွေးဆပ်လိုက်တယ်နော်။ မမရဲ့ တိုတောင်းလှတဲ့ ဘလောဂ့်သက်တမ်းလေးမှာ မထမဦးဆုံး တဂ့်ပိုစ့်လေးအဖြစ် အမြဲတမ်း အမှတ်တရ ဖြစ်နေမှာပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Tuesday, October 27, 2009

သံစဉ်မဟောင်းတဲ့ တယောအို

အေးမြငြိမ့်ညောင်း ချိုသာလှတဲ့ သံစဉ်တေးသွားတွေ
ထွက်ပေါ်စေဖို့ ငါ့ရဲ့ကိုယ်ပေါ်က သံစဉ်ကြိုးလေးတွေကို
တိုက်ခတ်ရင်း ဆော့ကစားနေကြတယ်

တနေရာက ကြိုးလေးတချောင်းကို တိုက်ခတ်လိုက်တိုင်း
မတူညီတဲ့ ငါ့ရဲ့သံစဉ်တွေက လှပတဲ့ စည်းချက်လေးတွေကို
ကျူးရင့်ရင်း ငါဖန်ဆင်းပေးနိုင်ခဲ့တယ်

အိုမင်းလို့ ဟောင်းနွမ်းခဲ့ပေမယ့် သံစဉ်ကြိုးလေးတွေ
သစ်လွင်နေဆဲ ငါ့ရဲ့ သံစဉ်တိုင်းဟာ နားဆင်သူတွေကို
လန်းဆန်းရင်း အမောတွေကို ပြေစေခဲ့သူပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, October 23, 2009

တန်ဘိုး

ဒီနေ့ညနေလည်း ထနောင်းတစ်ယောက် အိမ်ပြန် နောက်ကျပြန်ပြီ။ အလုပ်ကအပြန် မိုးကလည်းရွာ၊ ဘတ်(စ)ကားကလည်း ဘယ်လိုမှ တက်လို့မရဘူး။ ကားတွေကလည်းကြပ် လူတွေကလည်းများနဲ့ နောက်ဆုံးတော့ လာတဲ့ကားကို တွယ်တက်ပြီးတော့ လိုက်ခဲ့ရတယ်။ တနေ့တနေ့ အလုပ်သွားရတဲ့ နေရာနဲ့ ထနောင်းအိမ်က အဝေးကြီး။ ဘတ်(စ)ကား မှတ်တိုင်က လမ်းခုလပ်ဆိုတော့ ထနောင်းတို့ မှတ်တိုင်ရောက်ရင် ကားတွေက ကြပ်ပြီး တက်မရတော့ဘူး။ မတတ်နိုင်ဘူးလေ ထနောင်းရဲ့ အိမ်ပြန်ချိန်က ဘတ်(စ)ကား အခြေအနေပေါ် မူတည်နေရတာကိုး။ ထနောင်း အိမ်ပြန်နောက်ကျရင် စိတ်ပူနေရသူက မေမေပါ။

ထနောင်း အလုပ်က စတိုးဆိုင် တခုက စာရင်းကိုင်ပါ။ ဒီနေ့မနက်တော့ စောစောထ ထမင်းဘူးထည့်၊ ပြီးတော့ အလုပ်က ဆိုင်ရှင် လာစစ်မယ်ဆိုတာနဲ့ အရင်နေ့ကထက် နဲနဲသပ်သပ်ရပ်ရပ်လေး ပြင်ဆင်ပြီး စောစောထွက်လာခဲ့တယ်။ ဒီကြားထဲ မိုးကရုတ်တရက် ရွာချလိုက်တယ်။ အိတ်ထဲက ထီးကို ကမန်းကတန်း ထုပ်ရင်း ဖွင့်စောင်းလိုက်ပြီး ကားမှတ်တိုင်ကို ခတ်သွက်သွက်လေး လျှောက်ခဲ့တယ်။ မိုးကလည်း တိတ်ဖို့မဆိုနဲ့ ပိုလို့တောင် သည်းလာလိုက်သေး၊

အဲဒီအချိန်မှာပဲ ဆလွန်းကားတစ်စီး လမ်းပေါ်တင်နေတဲ့ ရေအိုင်ကို အရှိန်နဲ့ ဖြတ်မောင်းလိုက်တာကြောင့် ရွှံ့ရေတွေဟာ "ဗွမ်း " ခနဲ ထနောင်း တကိုယ်လုံးကို စင်ပါရော။ လန့်ဖြန့်ပြီး ကြည့်လိုက်မိတော့ ရှေ့နားက စတိုးဆိုင်ရှေ့မှာ ကားက ထိုးရပ်လိုက်တယ် ..... ထနောင်း ဒေါသနဲ့ ရှက်စိတ်တွေက ထူပူပြီး တက်လာတယ်။ မျက်လုံးထဲမှာလည်း ဘာမှ မမြင်တော့ဘူး။ အဲဒီကားအနား အရောက် ကားတံခါးပွင့်လာပြီး အသက် (၅၀) ကျော်အရွယ် အန်တီကြီး တယောက် ဆင်းလာတာ တွေ့လိုက်တယ်။ ၀တ်ထားတာလည်း ခေတ်နဲ့အညီ ဆိုတာထက်ကို ပိုပြီးခေတ်ဆန်နေတယ်။ ထနောင်းကို တချက်ကြည့်ပြီး မျက်နှာလွှဲသွားတယ်။ ထနောင်းရဲ့ ဒေါသ အထဋ်အထိပ် ရောက်သွားတယ်။

"အန်တီ "
"အော် ...... ဘာလဲ"
ထူးလိုက်တဲ့ လေသံနဲ့ မျက်နှာထားက တလောကလုံး သူ့ကျွေးထားရတဲ့ မျက်နှာထား။ ထနောင်းလည်း သည်းမခံနိုင်တော့ဘူး။
"အန်တီ လုပ်တာ ကျမကို ဗွက်တွေအားလုံး စိုကုန်ပြီ ... "
"အော် ... ဒို့က ကားမောင်းလာတာလေ၊ အောက်က ဗွက်အိုင်ကို မမြင်ဘူး ... မင်းမြင်ရင် မင်းနောက်ဆုပ် ရှောင်လိုက်ပါလား ..."
"ဟင် ...... အန်တီ့ စကားက တာဝန်မဲ့လှချည်လား ... "
"ဒီမှာ .... ဒို့က တမင်လုပ်တာ မဟုတ်ဘူး ... ဘာလဲ ... မင်းစိုသွားတဲ့ အ၀တ်အစားတွေ အတွက် ပြန်လျှော်ပေးရမလား ..
"အန်တီ ..... အဲလို မပြောပါနဲ့။ အခု ကျမက အလုပ်သွားရမှာ၊ အန်တီကြောင့် ကျမအ၀တ်အစားတွေ ညစ်ပတ်ကုန်တာကို ပြောပြတာ "
"အိုကေလေ ... ဒါဆိုလည်း .... ရော့ ..... ဒီမှာ .... ဘယ်လောက်မှန်းတော့ မသိဘူး .. မင်းဟာမင်း ရည်ကြည့်လိုက်တော့ ... မင်းကိုယ်ပေါ်က အ၀တ်အစားထက် ပိုကောင်းတဲ့ နှစ်စုံလောက် ရနိုင်ပါတယ် ... "

ထနောင်း အံ့သြမှင်သက်မိပြီး ဘာမှကို ပြန်ပြောချိန် မရလိုက်တဲ့ အချိန်မှာ သူက ကားပေါ်ကို ပြန်တက်သွားပြီး စောင့်ပြီး မောင်းထွက်သွားပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ၁၀၀၀ တန် သားရေးကွင်းနဲ့ စည်းထားတဲ့ အစည်းတစည်း။ ထနောင်းရဲ့ မီးတောက်နေတဲ့ မျက်ဝန်းတွေက သူ့ကားနောက်ကိုသာ မြင်ခွင့်ရလိုက်တယ်။ မောင်းလာတဲ့ကား၊ ၀တ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ရုပ်ရည်နဲ့ ပြောခဲ့တဲ့ စကားတွေက ဘယ်လိုမှ မလိုက်ဘက်။ ရှက်စိတ်နဲ့ရော မခံချင်တဲ့စိတ်နဲ့ပါ ကျလာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှာ မိုးရေတွေနဲ့ အပြိုင်ပေါ့ ...

လူတွေရဲ့ စိတ်ဓါတ်၊ အဆောင်အယောင်တွေ ဆင်မြန်းပြီး ဒီလို စိတ်ဓါတ်တွေကို ငွေနဲ့ ဖုံးကွယ်နေကြတယ်။ ငွေကြေးဥစ္စာ ပြည့်စုံပေမယ့် အသိတရား မရှိတဲ့သူ၊ အသိခေါက်ခက် အ၀င်နက်ပြီး တန်ဘိုးမရှိတဲ့ လူတွေအများသားလေ။ လူတွေရဲ့ တန်ဘိုးဟာ ဘာလဲ? စိတ်ဓါတ်လား? ငွေကြေး အဆောင် အယောင်တွေလား? အသက်အရွယ် ကြီးရင့်မှုနဲ့ရော ဆိုင်ပါ့မလား? ဟန်ဆောင် အပြုံးတုတွေနဲ့ လူတွေကို လူရယ်လို့ မထင်နိုင်အောင် သတိနဲ့ အသိ ကင်းမဲ့ နေလိုက်ကြတာ။ ထနောင်းကတော့ ဒီလိုဘ၀တွေထက် လက်တွေ့ ထနောင်းရဲ့ ဘ၀ပဲကို ဂုဏ်ယူတယ်။ ဒီလို လူမျိုါ်တွေ ထနောင်းတို့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ များပြားလိုက်မလဲနော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Tuesday, October 20, 2009

ဘ၀တစ်ခုအရင်းပြုလို့

ကျမရဲ့ မျှော်လင့်ခြင်း ရောင်ခြည်လေးတွေ စတင်ပေါ်ထွက်လာတဲ့ အချိန်ပေါ့။ ကျမချစ်တဲ့ မိဘနဲ့ ကျမကို အားကိုးတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အပြည့်အ၀ မဟုတ်သော်လည်း တနည်းနည်းတော့ ဆပ်ချင်တဲ့ ကျမရဲ့ ဆန္ဒလေး ပြည့်ဝတော့မှာမို့ အတိုင်းမသိ ၀မ်းသာကြည့်နူး နေမိပါတယ်။ ဘွဲ့ရပြီးကတည်းက ရန်ကုန်မှာ အလုပ်ကလည်း ရှာလို့မရသေး။ အင်္ဂလိပ်စာ သင်တန်းလေးကို သူငယ်ချင်းတွေနဲ့ အတူတက်ရင်း အလုပ်ရဖို့ ကြိုးစား ရှာဖွေနေခဲ့ရတာ။ အခုတော့ ကျမရဲ့ အိပ်မက်လေး အကောင်အထည် ဖော်နိုင်ဖို့ အခွင့်ရေး ရခဲ့ပြီ။ ပျော်လိုက်တာလည်း အရမ်းပေါ့။ မိဘကျေးဇူးကို ဆပ်ခွင့်ရမယ့် အပြင် ကျမရောက်ဘူးချင်သော နိုင်ငံခြားဆိုတဲ့နေရာကို သွားပြီး သူငယ်ချင်းတွေနဲ့အတူ အလုပ် လုပ်ရ ပါတော့မယ်။ သူငယ်ချင်းတွေနဲ့ လိုအပ်တာလေးတွေ လိုက်ဝယ်ကြနဲ့ပေါ့။ အတွေးနဲ့တင် ရင်တွေခုန်လို့ ညတိုင်း အိပ်မပျော်နိုင်တော့ဘူး။

မနက် စောစောထပြီး ပြင်ဆင်စရာတွေ ပြင်ဆင်၊ ယူရမယ့် စာရွက်စာတမ်းတွေကို ကိုယ်နဲ့တပါတည်း လွယ်မယ့်အိပ်ထဲမှာ သေချာထည့် အားလုံး စစ်ဆေးပြီး အသင့်ပြင်ထားလိုက်တယ်။ ဖေဖေနဲ့ မေမေကလည်း ပြုံးလို့၊ ပျော်လို့။ ကျမ ဖေဖေနဲ့ မေမေကို ထိုင်ပြီး ကန်တော့လိုက်တဲ့ အချိန်မှာတော့ ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာနဲ့ မျက်ရည်တွေက အလိုလို စီးကျလာပါတယ်။ မေမေက ကျမခေါင်းလေးကို ဖွဖွကိုင်ရင်း လိုအပ်တာတွေ မှာနေရှာပါတယ်။ နိုင်ငံရပ်ခြားမှာ နေရင် ရတနာသုံးပါး ကိုင်းရှိုင်းဖို့နဲ့ အနန္ဒော အနန္ဒ ငါးပါးကိုလည်း မမေ့ဖို့ တဖွဖွ မှာနေရှာတယ်။ မေမေပြောသမျှကို ခေါင်းညိတ်မှတ်သားရင်း ရင်ထဲမှာလည်း မိဘကျေးဇူးကို ဆပ်နိုင်ပါစေလို့ ကျမကြိတ်ပြီး ဆုတောင်းနေမိတယ်။

"ရန်ကုန်အပြည်ပြန်ဆိုင်ရာလေဆိပ်" ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း မြင်လိုက်ရော ကျမရင်ထဲမှာ ချစ်တဲ့မိသားစုနဲ့အတူ ကျမချစ်တဲ့ မြန်မာပြည်ကို ခွဲခွါရတော့ မှာပါလားဆိုတဲ့ အသိနဲ့ ၀မ်းနည်းစိတ်ကြောင့် မျက်ရည်များက အလိုလို ၀ဲတက်လာပါတယ်။ ကျမလေ အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော်! ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း လေဆိပ် အဆောက်အဦးထဲကို မေမေ့လက်ကိုဆွဲပြီး ၀င်လာခဲ့တယ်။ ဖေဖေက ကျမရဲ့ ခရီးဆောင် အိပ်ကို တွန်းရင် ပြုံးပြုံးကြီးနဲ့ သမီးကို ကျေနပ်အားရဟန်နဲ့ ကြည့်နေလေရဲ့။

လေဆိပ်ထဲ ရောက်တယ်ဆိုရင်ပဲ ကျမမျက်လုံးက ကျမသူငယ်ချင်းတွေကို လိုက်ရှာနေမိတယ်။ ဟော.. တွေ့ပါပြီ။ ကျမ သူငယ်ချင်းတွေနဲ့ အတူ လိုက်ပို့တဲ့သူတွေ အများကြီးကို ရုတ်တရက် တွေ့လိုက်ရတော့ အံ့သြသွားမိတယ်။ ဒါနဲ့ ကျမနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက်ကို တိုးတိုးလေး မေးလိုက်မိတယ်။


"ဟဲ့ ... ငါတို့ အခုသွားရမှာ ဘယ်နှစ်ယောက်တောင်လဲဟ ... အများကြီးပဲနော်"
"အေးလေ .... စုစုပေါင်း ၁၅ ယောက်လို့ပြောတာပဲဟ"
"ဟယ် ..... ဟုတ်လား၊ ပျော်စရာကြီးတော့ .... ဒါဆို ငါတို့ ဗမာတွေချည်းပဲပေါ့နော်။ ကောင်းလိုက်တာဟယ် ... အားကိုးလို့ရတာပေါ့နော်"
"အေးပေါ့ ......... ဒါပေမယ့် စိတ်တူကိုယ်တူမှ ကောင်းမှာပေါ့ဟာ"
"အင်းနော် ...... ဒါလည်း ဟုတ်တာပဲ .... ဘာပဲ ဖြစ်ဖြစ်ဟာ သူများတိုင်းပြည်မှာ ကိုယ့်လူမျိုးအချင်းချင်း တူတူလုပ်ရရင်တော့ အားရှိမှာပေါ့ဟာ"
"ဟုတ်တယ်နော် ....... ဟဲ့ ..... ငါတို့တွေ အလုပ်နားတဲ့ ရက်ရရင် လျှောက်လည်ကြမယ်နော်.. ပျော်တော့ ပျော်စရာကြီး ... "
ကျမလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရာကနေ ဖေဖေနဲ့မေမေ ဆီလျှောက်သွားလိုက်ပြီး မေမေ့ကို စကားတွေပြောနေလိုက်တယ်။ ဒီလိုနဲ့ ကျမတို့ကို ဦးဆောင်တဲ့သူက အထဲဝင်ကြမယ်ဆိုပြီး လာခေါ်ပါတယ်။ ကျမလည်း ဖေဖေနဲ့ မေမေကို နှုတ်ဆက်ပြီး စာရွက်စာတမ်းတွေကို ကိုင်ရင်း သူတို့နောက် လိုက်ခဲ့ပါတော့တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ အပြီးမှာ ကျမတို့ ၁၅ ယောက် လေဆိပ်အတွင်းခန်းကို ၀င်ရောက်ခဲ့ပါတယ်။ ဖေဖေနဲ့ မေမေ့ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေက ကျလာပြန်တယ်။ စိတ်ကို ပြန်တင်းရင်း မိဘကျေးဇူး ဆပ်ဖို့ ငါအလုပ် သွားလုပ်တာပဲ ဆိုတဲ့အတွေးနဲ့ ခွန်အားတွေ ပြန်မွေးလိုက်မိတယ်။
------------------------------------------------------
ပထမဆုံး အကြိမ် လေယာဉ်စီးရတာရယ်၊ နိုင်ငံခြားဆိုတဲ့ အသိရယ်ကြောင့် ရင်ခုန်လိုက်တာလည်း မပြောပါနဲ့တော့။ သူငယ်ချင်းတွေနဲ့ စကားပြောရင်း လေယာဉ်ပေါ်မှာ အကိုကြီး တစ်ယောက်နဲ့ ခင်မင်ခွင့်ရလိုက်တယ်။ အဲဒီအကိုကြီးက စင်္ကာပူမှာနေတာ ကြာပြီတဲ့။ သူက PR လို့ပြောတာပဲ၊ ကျမလည်း သိပ်တော့နားမလည်ဘူး။ ဒါနဲ့ အဲဒီအကိုကြီးက ကျမတို့ကို အလုပ်လာလုပ်တာဆိုတော့ ဘာနဲ့လာတာလဲ ဘာလဲနဲ့ မေးပါတယ်။ ကျမလည်း သိပ်နားလည်အောင် မရှင်းပြတတ်တော့ ပါလာသမျှ စာရွက်တွေ ထုပ်ပြလိုက်တယ်။ အဲဒီအကိုကြီးကလည်း ကျမတို့ စာရွက်တွေကို သေချာစစ်ပေးရင်း ........ အင်း ဟုတ်တယ်.... ဒါ စင်္ကာပူက MOM လို့ခေါ်တဲ့ အလုပ်သမားရုံးက ထုပ်ပေးတဲ့ (IPA Letter) အလုပ်လုပ်ခွင့်ရကြောင်း စာပေါ့ လို့ရှင်းပြတယ်။

ဘာပဲပြောပြော ကျမတို့ရဲ့ စာရွက်စာတမ်းတွေက အမှန်တွေဆိုတာ သိရလို့တော့ ၀မ်းသာသွားတယ်။ ပြီးတော့ ကျမတို့ကို စင်္ကာပူမှာ အလုပ်သမား တစ်ယောက် ရသင့်တဲ့ အကျိုးခံစားခွင့်တွေ၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာတွေကိုလည်း သေချာရှင်းပြတယ်။ ကျမတို့လည်း မျက်စိသူငယ် နားသူငယ်နဲ့ အကိုကြီး ပြောသမျှ လိုက်မှတ်ရင်း နားထောင်နေမိတယ်။
အခုလို ကူညီရိုင်းပင်း တတ်တဲ့ စိတ်ထားနဲ့ အဲဒီ အကိုကြီးကိုလည်း ကျေးဇူး တင်လိုက်မိပါတယ်။

စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို လေယာဉ်ကြီး ဆိုက်ရောက်ပါပြီ ဆိုတဲ့ လေယာဉ်မယ်လေးရဲ့ စကားသံနဲ့အတူ ကျမရင်မှာ အတိုင်းမသိ ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ မီးရောင်စုံတွေနဲ့ လင်းလက် လှပနေတဲ့ မြင်ကွင်းက ကျမကို အံ့သြသွားစေခဲ့ပါတယ်။ ကြီးမားလှတဲ့ လေဆိပ်ကြီးပဲ ဆိုပြီးတော့လည်း ချီးကျူးလိုက်မိတယ်။ လေယာဉ်ပေါ်ကနေ ပစ္စည်းတွေ ယူပြီး ဆင်းလာကြတယ်။ သူငယ်ချင်းတွေနဲ့ အတူ ကျမတို့အဖွဲ့ ၁၅ ယောက်ဟာ ကြီးကျယ်ခန်းနားတဲ့ လေဆိပ်အပြင်အဆင်တွေနဲ့ လေဆိပ် အဆောက်အဦးကြီးထဲကို ခြေချလိုက်တယ် ဆိုရင်ပဲ ..... စကာင်္ပူမြေကို စတင်နင်းမိပြီ ဆိုတဲ့ အတွေးနဲ့ ကြည့်နှုးပီတိ ဖြစ်ရပါတယ်။

ကျမတို့ အဖွဲ့ လူစုခွဲပြီး Immigration ၀င်ပေါက်မှာ တန်းစီရပါတယ်။ ပြီးတာနဲ့ သက်ဆိုင်ရာ အရာရှိက ကျမတို့စီက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တစ်ယောက်ချင်းစီ စစ်ဆေးပြီး အထဲကို ၀င်ခွင့်ပေးပါတယ်။ ကျမလည်း သူငယ်ချင်းတွေကို စစ်ဆေးတာ ကြည့်ပြီး ကိုယ့်အလှည့်မှာ အဆင်သင့်ဖြစ်အောင် စာရွက်စာတမ်းတွေကို လက်မှာကိုင်ရင်း ကျမအလှည့်ကို စောင့်မျှော်နေမိတယ်။
------------------------------------------------------
ရောက်ပါပြီ၊ အခု ကျမအလှည့်။ ကျမရဲ့ စာရွက်စာတမ်းတွေကို ရှေ့က သူငယ်ချင်းတွေ စစ်ဆေးသလိုပဲ စစ်ဆေးနေပါတယ်။ ဒါပေမယ့် အရာရှိက ကျမကို သေချာကြည့်လိုက် စာရွက်စာတမ်းကို သေချဖတ်လိုက် ကွန်ပျူတာကို ထပ်ခါ ထပ်ခါ ရိုက်လိုက် လုပ်နေပါတယ်။ သူများတွေတုန်းက ခဏလေး င့ါအလှည့်မှ ဘာဖြစ်လို့ ဒီလောက် ကြာရသလဲဆိုပြီး စိတ်လည်း ပူလာပါတယ်။ ခဏနေတော့ အရာရှိက ဖုန်းလှမ်းဆက်ပါတယ်။ အင်္ဂလိပ်စာကို နားလည်ပေမယ့် သူတို့ပြောတဲ့ လေယူလေသိမ်းကို နားရည်မ၀တာကြောင့် သေချာမသိလိုက်ပါဘူး။ နားလည်လိုက်တာ တခုကတော့ "Cancel" ဆိုတဲ့ စကားလုံးလေး တစ်လုံးပါပဲ။

ဒီစကားလုံးရဲ့ အဓိပ္ပါယ်ဟာ ဘယ်လိုမှ မကောင်းမှန်း နားလည်လိုက်ပါတယ်။ ကျမ အတွေးတွေက ..... ဘာလဲ .... ဘာလဲ ....
"Cancel" ဆိုတာ ဘာလဲ.... နားမလည်သလို အရာရှိ မျက်နှာကို မော့ကြည့်အခိုက်မှာ သူက
"Miss. Please"
ဆိုတဲ့ ခေါ်သံအဆုံးမှာ
ကျမကို သူနဲ့ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမလည်း အရမ်းလန့်သွားပြီး ဘေးနားကို အားကိုးတကြီး ကြည့်လိုက်မိတယ်။ ကျမရဲ့ အခက်အခဲကို မြင်တွေ့နေပေမယ့် ကျမသူငယ်ချင်းတွေကလည်း ဘာမှနားမလည်တော့ မကူညီနိုင်ကြရှာဘူး။ ကျမ သူငယ်ချင်းတွေကလည်း စိုးရိမ် ထိတ်လန့်တဲ့ မျက်ဝန်းတွေနဲ့ပဲ ကျမကို ကြည့်နေကြတယ်။ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ အကိုကြီးက ကျမနားကို ရောက်လာတယ်။ ကျမလည်း အားကိုးတကြီးနဲ့ လှမ်းခေါ်လိုက်မိတယ်။ သူကလည်း ကျမတို့နောက်ကနေ လိုက်လာပြီး အရာရှိတွေ ခေါ်လာတဲ့ အခန်းကို တပါတည်း ပါလာတယ်။

ကျမလည်း အရာရှိခေါ်ရာနောက်ကို လိုက်သွားရင်း ရုံးခန်းကြီး တခန်းထဲရောက်ခဲ့တယ်။ ရုံးခန်းထဲမှာ အရာရှိတွေ အများကြီးနဲ့ ကွန်ပျူတာတွေနဲ့ အလုပ်တွေ ရှုပ်နေကြတာတွေ့ ရတယ်။ ကျမလည်း ကြောက်ကြောက်နဲ့ မျက်ရည်တွေက ကျလာပါပြီ။ ခုန ကျမကို ခေါ်လာတဲ့ အရာရှိက နောက်ထပ် သူ့ထက်အကြီးဖြစ်မယ်ထင်တဲ့ အရာရှိကို ကျမရဲ့ အလုပ်လုပ်ခွင့် စာရွက်ကိုပြပြီး စကားတွေ ပြောနေတာတွေ့ရတယ်။ ဘာတွေပြောလဲတော့ ကျမလည်း မသိဘူး။
နောက်တော့ သူတို့ နှစ်ယောက်လုံး ကျမနားလာပြီး ကျမကို

ဒီစာရွက် ဘယ်တုန်းက ကျမလက်ထဲ ရောက်တာလဲ?
ဘာနဲ့ပို့ပေးတာလဲ?
ဘယ်သူကပို့ပေးတာလဲ?
ဘယ်ကုပ္မဏီနဲ့ လုပ်တာလဲ?
ဒီနိုင်ငံမှာ အသိမိတ်ဆွေရှိလား?

ဆိုပြီး များပြားလှတဲ့ မေးခွန်းတွေကို ဆက်တိုက်မေးပါတော့တယ်။ ကျမလည်း ကြောက်တဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်၊ အားငယ်တဲ့ စိတ်တွေနဲ့ ဘာမှကို မဖြေနိုင်တော့ပါဘူး။ ဒီအချိန်မှာ ခုနက အကိုကြီးက ကျမအစား ၀င်ပြီး စကားပြန် လုပ်ပေးရပါတော့တယ်။ သူတို့ပြောသမျှကို နားလည်တာတွေရော နားမလည်တာတွေရော ကျမဘာမှ မသိတော့ဘူး။ နောက်ဆုံးမှာ အကိုကြီး ပြန်ရှင်းပြ သမျှကတော့ ကျမရဲ့ IPA Letter ဟာ လွန်ခဲ့တဲ့ ၅ ရက်က Cancel လုပ်ထားပြီး ဖြစ်တဲ့ အကြောင်းပြောပါတယ်။ အဲဒီအကိုကြီးကပဲ ဖုန်းနဲ့တဆင့် ကျမတို့ကို အလုပ်ရှာပေးတဲ့ စင်္ကာပူက
ကုပ္မဏီကို လှမ်းပြီး ဆက်သွယ်စုံစမ်းတဲ့ အခါမှာတော့ .... ကျမတို့ အဖွဲ့ ၁၅ ယောက်ကို အလုပ်ရှာပေးတဲ့ စင်္ကာပူက ကုပ္မဏီက ရန်ကုန်က ကုပ္မဏီကို ကြိုတင် အကြောင်းထားပြီး ဖြစ်ကြောင်း၊ ရန်ကုန်က ကုပ္မဏီက ၁၄ ယောက်စာပဲ ငွေချေထားပြီး ကျမအတွက် ကျသင့်ငွေကို မပေးထားကြောင်း၊ သူတို့ ရန်ကုန်ကို e-mail, Fax စတာတွေနဲ့လည်း အကြောင်းကြားထားပေမယ့် ဘာမှ အကြောင်းမပြန်တာကြောင့် အခုလို လုပ်လိုက်ရခြင်း ဖြစ်ကြောင်း သေချာရှင်းပြသွားတယ်တဲ့။

ကျမရဲ့ ခြေတောက်တွေ ယိုင်နဲ့သွားတယ် လက်တဖက်က အိတ်ကို တင်းတင်းစုတ်ရင် လက်တဖက်က စားပွဲကို အားပြု ထောက်ထားရတယ်။ ကျမ ဘယ်လိုမှ ရည်တည်လို့ မရတော့ဘူး။ ကျမခြေထောက်တွေ မခိုင်တော့ဘူး။ ရှိသမျှ ခွန်အားတွေကို စုစည်းရင်း အကိုကြီးကို ကျမ မေးခွန်းတခု မေးလိုက်မိတယ်။
"ဒါဆို ...... အခု ကျမ ဘာဖြစ်မှာလဲ ဟင်......... သူတို့ကျမကို ဘာလုပ်မှာလဲ အကို
"
"စိတ်အေးအေး ထားပါ ညီမရယ် ... သူတို့ ဘာမှ မလုပ်ပါဘူး။ ညီမကို နောက်လာမယ့် လေယာဉ်နဲ့ မြန်မာပြည်ကို ပြန်တင်ပေးလိမ့်မယ် ... အိမ်ရောက်ရင် မိဘတွေနဲ့ တိုင်ပင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးပါ .... ညီမတို့ကို အလုပ်ရှာပေးတဲ့ ကုပ္မဏီကိုလည်း အကျိုးအကြောင်း သေချာပြောပြပြီး ပေးထားတဲ့ ငွေကို ရသလောက် ပြန်ရအောင် ဆွေနွေးပါ ညီမ ရယ်..." ဆိုပြီး အားပေးစကား ပြောရှာပါတယ်။

အကိုကြီး ပြောသမျှ၊ ရှင်းပြသမျှ ကျမ ကြားလိုက်ရတဲ့ စကားတိုင်းဟာ ကျမကိုယ်ပေါ်ကို မိုးကြိုးတွေ ဆက်တိုက် ပြစ်ချနေသလိုပါပဲ။ အကိုကြီး ရှင်းပြနေသမျှစကားတွေဟာ ကျမဘ၀တခုလုံးကို မီးသဂြိုလ်လိုက်သလို လောက်မြိုက်နေပါပြီ။ ရင်ထဲက သောကမီးတွေနဲ့အတူ မိဘနှစ်ပါးရဲ့ မျက်နှာ၊ ရှိစုမက်စုလေးကို ချိုးခြံပြီး ဖေဖေနဲ့ မေမေပေးလိုက်ရတဲ့ ပိုက်ဆံတွေ၊ မလောက်လို့ ဦးလေးမိသားစု ဆီကနေ သွားချေးထားရတဲ့ ငွေတွေ၊ ကျမ .... ကျမ ... အတွေးတွေနဲ့ သက်မဲ့ တစ်ယောက်လို ဖြစ်သွားခဲ့တယ်။ ကျမရဲ့ မျှော်လင့်ချက်တွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေ၊ ပေးစပ်ဖို့ကျန်နေသေးတဲ့ ငွေတွေ၊ ရှိသမျှအားလုံး ပုံပေးလိုက်ရတဲ့ ကျမမိဘရဲ့ အဖြစ်တွေ။ မိဘ ကျေးဇူးကို ဆပ်ချင်လို့ ရခဲ့တဲ့ အလုပ်ကို မရွေးပဲ အလုပ်လုပ်ဖို့ ရောက်ခံတဲ့ ကျမရဲ့ဘ၀၊ ကျမကို မျှော်လင့်ချက်တွေနဲ့ ကြည့်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ မျက်ဝန်းတွေ ... ၀မ်းနည်း ကြေကွဲမှုတွေက ကျမအတွက် ဖော်ပြစရာ စကားလုံးတောင် မရှိတော့ပါဘူး။ ဆုံးရှုံးခဲ့သမျှတွေကို ကျမဘာနဲ့ ပြန်ဆပ်ရတော့မှာလဲ ...? မျော်လင့်ခြင်းတွေဟာ အခုတော့ ..... အခုတော့..... ဒါတွေ အားလုံးဟာ ကျမရဲ့ဘ၀၊ ကျမ မိသားစုဘ၀ တစ်ခုလုံးနဲ့ ရင်းပြီး မမျှော်လင့်ပဲ ကျရောက်လာတဲ့ ကြမ္မာဆိုးတခုပါပဲ။

မှတ်ချက် ။ ။ ဒီအဖြစ်အပျက်လေးဟာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ စင်္ကာပူနိုင်ငံကို အိမ်ဖော် အဖြစ် လာပြီး အလုပ်လုပ်ဖို့ ရောက်လာခဲ့တဲ့ မိန်းခလေး တယောက်အကြောင်းကို ဖြစ်ရပ်မှန်ဝထ္ထု အဖြစ် ခံစားတင်ပြထားခြင်း ဖြစ်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, October 19, 2009

တစ်နေ့တာ လူမှုဘဝ

နံနက်စောစော ပျားပန်းခတ်မျှ ရှုပ်ရှက်ခတ်နေတဲ့ လူတွေကြားထဲမှာ ဈေးခြင်းကိုဆွဲပြီး ဈေးထဲဝင်ခဲ့တယ်။ စစချင်းရောက်လိုက်တာ ဟင်းသီး ဟင်းရွက်တန်း။ ဘာဝယ်ရင်ကောင်းမလဲ ..... စဉ်းစားရင်း ချဉ်ပေါင်ရွက်စည်းလေးကို ကိုင်ကာ ဈေးမေးလိုက်တယ်။

"ဘယ်လောက်လဲ ? "
" ၈၀ ပါ အမ"
" အင်း အင်း ၃ စည်းနော်၊ မျှစ်ကရော ဘယ်ဈေးလဲ ? "
" ၁၀ သား ၁၂၀ ပါ"
" ဒါဆို မျှစ် ၁၅ ကျပ်သားပေး"

ဒီလိုနဲ့ ချဉ်ပေါင် ၃ စည်းနဲ့ မျှစ် ၁၅ ကျပ်သား ၀ယ်လိုက်တယ်။ ရှေ့ဆက်သွားရင် အသားတန်းဘက်ရောက်တယ်။ ၀က်သား၊ ကြက်သား၊ ဆိပ်သား၊ ပုဇွန်၊ ငါးဖယ်၊ ငါး စသည်ဖြင့်တော့ စုံလို့။ အိမ်မှာ မိသားစု များများ မရှိဘူး။ ဖေဖေ၊ မေမေ၊ ကိုကြီးနဲ့ ကျမ။ ဒီထဲကမှာ ကိုကြီး တယောက်တည်း ထမင်းဘူး ထည့်ပေးရတယ်။ ကျန်တဲ့ မိသားစုကတော့ အိမ်မှာပဲပေါ့။ ဈေးသွားရတဲ့ ကျမ အမြဲ ခေါင်းကိုက်ရတယ်။ မေမေက ၀က်သားမစားဘူး၊ ကိုကြီးက ငါးလုံးဝမစားဘူး။ ဖေဖေနဲ့ ကျမကတော့ ဂျီးမများ၊ အားလုံးစားတယ်။ ဒီတော့ ဈေးဝယ်ရတဲ့ ကျမ စိတ်ညစ်ရပါတယ်။ တကယ် တကယ် ....

အင်း ...... ဒီလိုနဲ့ အသားတန်းမှာ လျှောက်မိတာ ၂ ခေါက်လောက် ရှိတော့မယ်။ ကုန်းဈေးနှုန်းရဲ့ တက်ချက်ကလည်း မပြောချင်တော့ဘူး။ လွန်ခဲ့တဲ့ ၆ လလောက်ကဆို ဈေးဘိုး ၃၀၀၀ လောက်ဆို ၂ ရက်စာလောက် ရတယ်။ အခုတော့ ၁ ရက်စာ ၀ယ်ဖို့တောင် စဉ်းစားနေရတယ်။ ကဲ မတတ်နိုင်ဘူးလေ အသက်ရှင်နေသမျှ မစားလို့မှ မရတာနော်။ ဆုံးဖြတ်အပြီး အားလုံး အဆင်ပြေမယ့် ပုဇွန် ပဲဝယ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုကြီး ထမင်းဘူး အတွက်လည်း အဆင်ပြေတယ်။ ချဉ်ပေါင်နဲ့ မျှစ်ကို အရည်သောက်ချက်ပြီး ပုဇွန်ဆီပြန်နဲ့ပေါ့။

"ပုဇွန် ဘယ်ဈေးလည်း အမ"
"၁၃၀၀ ညီမလေး"
"မလျှော့ဘူးလား အမရယ်..."
"ဘယ်လောက်သားယူမလဲ ညီမ၊ ၅၀ သားလောက်ဆိုရင်တော့ ၁၂၀၀ နဲ့ယူသွားလေ"
"ဟာ ... များတယ် အမ၊ ကျမက ၂၀ သားပဲ ယူမှာ"
"ကဲကဲ ဒါဆိုလည်း ၁၂၅၀ နဲ့ယူသွားနော်၊ ညီမ ရွေးလိုက်"
"ရော့ အမ ၂၅၀၀ နော်"

ဒီလိုနဲ့ ပုဇွန် ၂၀ သားပါလာတယ်။ ဒီနေ့ဈေးဖိုးကတော့ ဟင်းသီးဟင်းရွက်နဲ့ ပုဇွန်နဲ့တင် ၂၉၂၀ ကုန်ပြီ။ ကျန်တာ ဘာမှ မပါသေးဘူး။ အိမ်မှာက ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်က လဆန်းဆို တလစာ ၀ယ်ပြီးသား။ အသားတန်းက ပြန်အထွက် ဟင်းရွက်တန်းအ၀မှာ တို့စရာအတွက် ရှောက်ရွက်လေး ၂ စည်း ၀ယ်လိုက်တယ်။ တစည်းကို ၅၀ တဲ့။ ကဲ ဒါဆို ဒီနေ့ဈေးဖိုး ၃၀၂၀ ကုန်ပြီ။ ဈေးခြင်းထဲမှာ ဘာမှ မပါဘူး။

မိသားစု လေးယောက်ပဲ ရှိတဲ့ ကျမတို့လို မိသားစုလေးတောင် ဆန်မပါ ဆီမပါ ဘာမှ မပါ ဈေးဘိုးတင် တရက်ကို ၃၀၀၀ ကျော်ကျတယ်။ ဒါတောင် ကျောင်းသားတွေ ကလေးတွေ မရှိဘူး။ မိသားစုတွေ များပြီး လက်လုပ်လက်စား မိသားစုတွေ အခုလို ခေတ်ကြီးမှာ ဘယ်လိုတွေ စားသောက်နေထိုင် နေရပါသလဲ။ အတွေးတွေက .......

လစဉ် အိမ်မှာ ဆန်ဝယ်ရင် လိုက်ပို့နေကျ ဆိုက်ကားသမား ဦးလေးကြီး ပြောဘူးတာပါ။ မိသားစုတွေများ ၀င်ငွေလေး နည်းနည်းနဲ့ ကလေးတွေ ကျောင်းစားရိတ်၊ ဒီကြားထဲ ကျူရှင်ဆိုတာ ရှိသေးတယ်။ အတန်းပိုင်းဆရာတွေက သူတို့ ဆီမှာ ကျူရှင် မတက်ရင် အဲဒီကလေးကို အတန်းထဲမှာ အမျိုးမျိုး အကြောင်းရှာတယ်။ ဒီတော့ စားစရာ မရှိရင် နေရမယ် ကျူရှင်ဘိုးတော့ ရအောင်ပေးပေါ့တဲ့။ အော် ကျမတို့ တိုင်းပြည်လေးမှာ ဆရာ ဆိုတာ နာသုံးနာနဲ့ ပြည့်ဝတယ်လို့ ဆိုရိုးရှိခဲ့တယ်နော်။ အခုတော့ ဒါဟာ ဆိုရိုးတစ်ခု အဖြစ်နဲ့ ကျန်ခဲ့တာလား။

အတွေးတွေကို ရပ်လို့ လမ်းကို ခတ်သွက်သွက်လေး လျှောက်လိုက်မိတယ်။ ကိုကြီး ထမင်းဘူးအမှီ ချက်ရမှာလေး။း)
ကျမတို့ တိုင်းပြည်လေးက ကုန်ဈေးနှုန်းတွေနဲ့ အပြေးအလွှား ရုန်းကန်နေရတဲ့ လူမှုဘ၀ကြီးကို မြင်တွေ့ရသမျှ စာစီကုံးလိုက်မိပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Sunday, October 18, 2009

အပါးတော်မြဲ

သူ့ရဲ့ပါးပြင်လေးကို နေ့တိုင်း နမ်းရှိုက်ခွင့် ရခဲ့တယ်။ သူ့စကားသံ ချိုမြမြလေးတွေကိုလည်း နားဆင်ခွင့်ရတယ်။ သူသွားလေရာ အပါးတော်မြဲ အဖြစ်နေခွင့်ရခဲ့တယ်။ သူတို့နှစ်ဦးရဲ့ ချစ်စကားလှလှလေးတွေကို ကြားနိုင်အောင် လုပ်ပေးရတဲ့ တာဝန်က ကျမတာဝန်လေ။ သခင်မလေးက ကျမကို ချစ်ခင်ယုယစွာ ပွတ်သပ်ရင်း စကားလှလှလေးတွေနဲ့ မှာခဲ့ဘူးတယ်။
" မင်းကိုလေ ငါ့ချစ်သူရဲ့ မွေးနေ့လက်ဆောင်လေး အဖြစ် ငါပေးလိုက်တယ်နော်။ ဒို့နှစ်ယောက်ကို အမြဲတမ်း မင်းဆက်သွယ်ပေးရမယ် သိလား " တဲ့။
သူ့ရဲ့ စကားသံလေး အဆုံးမှာ ကျမကို အနမ်းလေး တစ်ခု အမှတ်တစ်ရပေးလိုက်တယ်။ နွေးထွေးလှတဲ့ နှုတ်ခမ်းလေးနဲ့ ကြင်နာတဲ့ အနမ်းလေးတွေမှာ ကျမ သခင်မလေးကို သနားသွားတယ်။ ကျမလည်း သခင်မလေးကို " စိတ်ချပါနော်၊ နေ့တိုင်း ချစ်သူ့နဲ့ ဆက်သွယ်ပေးမှာပါ " လို့ ကတိပေးလိုက်တယ်။

ကျမကို လှပတဲ့ ပါကင်ဘူးလေးထဲမှာ ချော့သိပ်ရင်း အဝေးဆီကို ပို့လိုက်ပြီ။ မဲမှောင်နေတဲ့ အခန်းလေးထဲမှာ ဘယ်လောက် နေလိုက်ရတယ် မသိဘူး။ အချိန်ကြာမြင့်စွာ အိပ်မောကျနေခဲ့တယ်။ ရုတ်တရက် ဆူညံတဲ့ အသံတွေ အကြားမှာ လန့်နိုးသွားမိတယ်။ နွေးထွေးတဲ့ လက်တစ်စုံက ကျမကို ပွေ့ချီလိုက်တယ်။ ပြီးတော့ ကျမရဲ့ မျက်နှာပြင်ကို ညင်သာစွာ ပွတ်လိုက်ပြီး " လှလိုက်တာကွာ" ဆိုတဲ့ ယောကျာင်္းလေး တစ်ယောက် အသံ။

ရင်ထဲမှာ တမျိုးလေး ခံစားမိပြီး မော့ကြည့်လိုက်တော့ .... ရှင်းသန့် တည်ကြည်တဲ့ မျက်နှာနဲ့ ကောင်လေးတစ်ယောက်။ ကျမကို ပြုံးပြပြီး စားပွဲပေါ်မှာ အသာလေး တင်ထားလိုက်တယ်။ သူ့ရဲ့ အခန်းထဲကို ကျမ ကြည့်လိုက်မိတယ်။ ကုတင်လေးတစ်လုံး၊ ဘေးနားမှာ စာကြည့်စားပွဲ၊ စားပွဲပေါ်မှာ ကွန်ပျူတာရယ် သူ့လွယ်အိပ်လေးရယ် ...... စားပွဲလေးရဲ့ တောင့်မှာတော့ ကျမကို အံ့သြသွားစေခဲ့တဲ့ အရာ..... ကျမရဲ့ သခင်မလေးနဲ့ ချစ်သူကောင်လေးရဲ ဓါတ်ပုံ မှန်ဘောင်လေး ပေါ့။ ဓါတ်ပုံထဲမှာ ချိုသာတဲ့ သခင်မလေးရဲ့ အပြုံးနဲ့၊ တည်ကြည်တဲ့ သူတို့ နှစ်ဦးက လိုက်ဖက်လွန်းနေတယ်။

ဒီလိုနဲ့ ညဘက်ရောက်တဲ့ အချိန် ကျမဆီကို သခင်မလေးရဲ့ အချက်ပေးသံက ရောက်လာပါတယ်။ ကျမလည်း ချစ်သူကောင်လေးကြားအောင် သီချင်းလေး တပုဒ် ဆိုငြီးရင်း ခေါ်လိုက်မိတယ်။ အနားမှာ ထိုင်နေတဲ့ ချစ်သူကောင်လေးက ကျမကို သူ့ပါးလေးနဲ့ အပ်ပြီး သခင်မလေးနဲ့ ကြင်နာစွာ စကားတွေ ပြောနေတယ်။ သူတို့နှစ်ဦးရဲ့ စကားသံလေးတွေကို ပို့ဆောင်ပေးနေရတဲ့ ကျမရဲ့ တာဝန်လေးနဲ့အတူ ချစ်သူကောင်လေးသွားလေရာကို လိုက်ပါနေရတဲ့ ကျမချစ်တဲ့ သခင်မလေးရဲ့ အစား ချစ်သူကောင်လေးရဲ့ အပါးတော်မြဲ ဖြစ်ခဲ့ရပါပြီ။ ချစ်သူနှစ်ဦးရဲ့ သာယာလှပတဲ့ ဘ၀လေးတွေကို ဆက်သွယ်ပေးရတဲ့ ကျမရဲ့ ဘ၀လေးကို ကျေနပ်ရင်း တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေဆဲပေါ့။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဒဏ္ဍာရီ မိတ်ဆက်

ဒဏ္ဍာရီ ဆိုတဲ့ ဘလောဂ့်လေးကို စိတ်ရဲ့ ခံစားမှု သရုပ်ဖော် များစွာနဲ့ ရေးချယ်ခဲ့တာပါ။ ဖြစ်တည်ခဲ့ရာ ဘ၀တွေရဲ့ ရင်ထဲက ခံစားချက် အချို့ကိုတော့ သရုပ်ဖော် ပန်းချီကားလေး တစ်ချပ်အဖြစ် ဆက်လက် ချယ်မှုံး သွားမှာပါ။ စာတွေ မရေးခင် ကတည်းက ရဿစာပေတွေကို ဖတ်ခဲ့ဘူးပါတယ်။ ဒါကြောင့် ဒီဒဏ္ဍာရီ ဘလောဂ့်လေးမှာ လင့်လေးတွေကို ချိတ်ထား လိုက်ပါတယ်။ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ