Friday, December 18, 2009

မပြောင်းလဲသော ၂၄ နှစ်တာ

ဒီနေ့မနက် အဒေါ်ရဲ့ စာသင်ကျောင်း ဖြစ်တဲ့ ရွာလေးတစ်ရွာကို လိုက်လည်ရမယ်ဆိုလို့ ပျော်ပြီး တညလုံးတောင် အိပ်မပျော်ဘူး။ အဒေါ်က ကျောင်းပြီးကာစ ဆရာမ ပေါက်စလေးပေါ့။ သူကတော့ ပြောပါတယ် ဟိုရောက်ရင် ဂျီမတိုက်ရဘူး၊ ရထားသံလမ်းနဲ့ လယ်ကွင်းတွေကို ဖြတ်ပြီး လမ်းလျှောက်ရမယ်တဲ့။ ကျမလည်း ကလေးဆိုတော့ လိုက်ရပြီးရော.. ရတယ်ပေါ့။ ဒီလိုနဲ့ တူအရီး နှစ်ယောက် အင်းစိန်ဘူတာကနေ စာပို့ရထားတွဲကြီး စီးပြီး အဲဒီရွာလေးကို သွားကြတာပေါ့။ အင်းစိန်ဘူတာမှာ တီလေးတို့ ကျောင်းက ဆရာမ ၃ ယောက်လည်း စောင့်နေကြတယ်။

ရွာဆိုပေမယ့် ရန်ကုန်နဲ့ သိပ်မဝေးဘူးနော်။ မြို့ပတ်ရထားက အဲဒီရွာဘက်ကို မဖြတ်လို့ စာပို့ရထား စီးပြီး သွားရတာတဲ့။ အုတ်ဖိုရွာဘူတာမှာ ဆင်းပြီး တီလေးတို့ စာသင်တဲ့ ကျောင်းကို ၁ နာရီကျော် လမ်းလျှောက်ရမယ်တဲ့။ တီလေး သူငယ်ချင်း ဆရာမတွေက နင့်တူမလေး လျှောက်နိုင်ပါ့မလား ဆိုပြီး မေးတော့ ကျမက အပျော့ပေါ့ဆိုပြီး မျက်စောင်းတောင် ထိုးလိုက်သေးတယ်။

ဒီလိုနဲ့ ရထားကြီးလည်း ထွက်သွားရော အဲဒီရထားသံလမ်းအတိုင်း လမ်းဆက်လျှောက်ရတယ်။
ရထားလမ်းဆိုပေမယ့် တချို့နေရာတွေက အောက်မှာ ရေမြောင်းအကျယ်ကြီးတွေရှိတယ်။ ရေဆို ကြောက်တတ်တဲ့ ကျမ အဲဒီသံလမ်းပေါ် ဘယ်လိုလျှောက်ရမှန်းမသိဘူး။ ဇလီဖားတုံး တစ်တုံးကနေ နောက်တစ်တုံးကို ကူးလို့ ချော်ကျလို့ကတော့ ရေထဲကို (((ပလုံ)) ပဲ...။ တီလေးနဲ့ ဆရာမတွေက သူတို့လက်ကို တွဲပြီး ခုန်ဆိုတာကို မခုန်ပဲ လေးဘက်ထောက်ပြီး တစ်တုံးကနေ တစ်တုံးကို ကူးတာပေါ့။ မြို့ကနေ လာတယ်ဆိုပြီး ဂါဝန်လေးနဲ့ ပဲကများပေါ့။ မြင်ယောင်သာ ကြည့်ကြတော့။း)

လျှောက်ရင်းနဲ့ ရထားလမ်းကနေ လမ်းဘေး လယ်ကွင်းထဲကို ဆင်းလျှောက်ရပါလေရော...။
အဲဒီမှာမှ စမြင်ဘူးတာ လယ်ကသင်းရိုးဆိုတာ။ လယ်ကွက် တစ်ကွက်နဲ့တစ်ကွက်ကြား ခြားထားတဲ့ ကုန်းမြေလေး တစ်လျှောက် လျှောက်လာရတာ တစ်ခါတလေ ဗွက်အိုင်တွေက ကလေးခြေလှမ်းနဲ့ဆိုတော့ မကျော်နိုင်ဘူး။ ဒီတော့ နင်းပစ်လိုက်ရော...။ ဗွက်ထဲ နင်းပြီး စပါးပင်တွေကို လက်နဲ့ရိုက်ပြီး လမ်းလျှောက်ရတာ အရမ်းပျော်စရာကောင်းတယ်။ လျှောက်ရင်းနဲ့ ခြေတောက်တွေ လက်တွေ ယားလာပါရော..။

ရွာထဲလည်း ရောက်ရော တွေ့တဲ့ အိမ်မှာ အရင် ရေ၀င်ဆေးကြရတယ်။ ကျောင်းဆိုတာကိုလည်း ရောက်ရော ကျမ တကယ် မျက်လုံးပြူးရပါတယ်။ ကျောင်းရှေ့မှာ ကြာပန်းတွေ ရောင်စုံနဲ့ ရေကန်အကြီးကြီးကိုလည်း မြင်လိုက်ရတယ်။ ဓနိမိုး၊ ကျူထရံ စိမ်းစိမ်းလေးကို ကာထားတဲ့ ရှည်မျောမျော တထပ် အဆောက်အဦးလေး။ လှေခါးလေး သုံးထစ်တက်ပြီး ၀ါးတွေကို ခွဲပြီး ခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ စားပွဲခုံတန်းလေးတွေ။ ကျောင်းသားတွေက အခင်းဝါးကြမ်းမှာ ထိုင်လို့။ အဲဒါ ကျောင်းတဲ့ လေ...။

မြို့ကကျောင်းတွေလို ဆရာမကြီး ရုံးခန်းတို့ ဆရာ၊ ဆရာမတွေ အခန်းမပြောနဲ့ စာသင်ခန်းတောင် မရှိဘူး။ ခုံတန်းလေးတွေမှာပဲ သူငယ်တန်းကနေ လေးတန်းအထိ အတန်းလေးတွေ ခွဲပြီး ထိုင်နေကြတယ်။
ကျောင်းဝတ်စုံ အဖြူအစိမ်းကိုလည်း လူတိုင်းမ၀တ်ကြဘူး။ အဲဒီ တဲလေးထဲမှာပဲ သူငယ်တန်းကနေ လေးတန်းအထိ စုစုပေါင်းမှ ကျောင်းသား ၃၀ ကျော်လောက်ပဲ ရှိမယ်။ မှတ်မှတ်ရရ လေးတန်းကျောင်းသားက ၅ ယောက်ပဲ ရှိတယ်။ အဲဒီထဲက ကောင်မလေး တစ်ယောက်နဲ့ ကျမနဲ့ ခင်မင်ခဲ့လို့ပါပဲ။ နောက်ပြီး ထူးဆန်းတာက ဗလာစာအုပ် တအုပ်ထဲမှာပဲ စာမျက်နှာလေးတွေ ခွဲပြီး ဘာသာစုံကို စာအုပ်တစ်အုပ်ထဲမှာပဲ ရေးနေကြတာ တွေ့ရတယ်။

နောက်ထူးဆန်းတာက ကျောင်းကို ကလေးတွေလည်း ခေါ်လာတယ်။ အိမ်မှာ ကလေးထိန်းမယ့်သူ မရှိလို့တဲ့။ ကလေးကို ဘေးချပြီး အကိုလုပ်သူ ဒါမှမဟုတ် အမလုပ်သူက စာသင်ရတယ်။ တခါတလေ ကျောင်းရှေ့ကနေ မောင် ---- ရေ... မ ----ရေ ဆိုပြီးတော့လည်း လာခေါ်တာက ရှိသေးတယ်။ အဲလို ခေါ်ရင် ဆရာမကို ခွင့်တိုင်ပြီး စာသင်ရင်းတန်းလန်း ဆင်းသွားကြရော။ မြင်ရတွေ့ရသမျှ ကျမအတွက် တကယ့်ကို အထူးအဆန်းတွေပါ။ လယ်ထဲကို မိဘတွေနဲ့အတူ အလုပ်လုပ်ဖို့ စာသင်နေတာကို လာခေါ်ကြတာတဲ့လေ။ ဆရာမတွေကလည်း လွှတ်လိုက်ရတာပဲ။

နေ့လည်း ထမင်းစားချိန်ရောက်တော့ ကလေးတွေ အားလုံး ဆင်းသွားကြတယ်။
ကျမတို့ တူအရီးနဲ့ ဆရာမတွေလည်း ထမင်းစားမယ်ဆိုပြီး ပြင်ဆင်နေတုန်း ရွာထဲက ကလေးတွေက တစ်ယောက်တမျိုး ဟင်းတွေလာပေးကြတာ တွေ့ရတယ်။ မှတ်မိသလောက် ငါးသေးသေးလေးကို ပင်စိမ်းရွက်လေး အုပ်ပြီး ချက်ထားတာရယ်၊ ဖါးကို မကျီးရွက်နဲ့ ကြော်တာရယ်၊ ပဲပြုတ်ကို မျှစ်နဲ့ ကြော်ထားတာရယ်၊ ငါးခြောက်ဖုတ်ကို ဆီလေးဆမ်းထားတာရယ် .. အစုံပါပဲ။

ကျမလည်း တအံ့တသြနဲ့ တီလေးကို မေးကြည့်တော့ နေ့တိုင်း အဲလိုပဲ ဆရာမတွေစားဖို့ လာပေးကြတာတဲ့လေ။ ဆင်းရဲကြပေမယ့်
သဒ္ဓါတရားကတော့ တကယ့်ကို ချီးမွမ်းလောက်တယ်။ ကျမကတော့ တီလေးထည့်လာပေးတဲ့ ထမင်းချိုင့်နဲ့ အဲဒီထဲက ကိုယ်ကြိုက်တဲ့ ဟင်းကို ရွေးစားပြီး ကျောင်းရှေ့က ရေကန်ကြီးကို လျှောက်ကြည့်နေမိတယ်။ ဆင်းကြည့်နေတုန်း လေးတန်းက ကောင်မလေးက ကျမကို လာခေါ်ပြီး ရေကန်စပ်ကို ခေါ်သွားတယ်။ သူက ရေကန်ထဲက ကြာပန်းတွေနဲ့ ကြာခွက်တွေ ဆင်းခူးပါရော။ ကျမလည်း သူပြောသလို ကြာခွက်လေးတွေကို ခွာစားကြည့်တာ အထဲက အဆံလေးတွေက ချိုနေတာပဲ။ ကြာပန်းတွေကလည်း လှမှလှ။

နောက် ကျောင်းပြန်တက်တော့ မနက်က လာတက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲက အချို့မရှိတော့ဘူး။ မနက်က လာခေါ်လို့ လိုက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူ ထဲက တချို့ပြန်လာတက်တာ တွေ့ရတယ်။ ဆရာမတွေကလည်း တစ်ယောက်ချင်းဆီ စိတ်ရှည်လက်ရှည် သင်ပေးနေတာ မြင်ရတော့ မြို့က ကျောင်းက ဆရာမတွေထက် ပင်ပန်းတယ်ဆိုတာ သိလာရတယ်။ ဒါပေမယ့် တကယ့်ကို ပျော်စရာကောင်းတဲ့ ကျောင်းလေးပါ။

ညနေ ကျောင်းဆင်းတော့ ရွာထိပ်အထိ ဆရာမတွေ ခြင်းကိုဆွဲပြီး လိုက်ပို့ကြတယ်။
ရွာထိပ်က အိမ်က ဘယ်သူ့အိမ်လည်းတော့ မသိဘူး။ အဲဒီအိမ်က ပိုက်ဆံနည်းနည်းရှိတယ် ထင်ရတယ်။ အိမ်ကလည်း အကြီးကြီး ဆရာမတွေကို ခေါ်ပြီး ရေနွေးကြမ်းနဲ့ လက်ဖက်တို့ ကောက်ညှင်းပေါင်းတို့ ချကျွေးတာ စားရင်း ရထားလာမယ့် အချိန်နဲ့ မှန်းပြီး အဲဒီအိမ်မှာ စောင့်နေရတာတော့ မှတ်မိတယ်။ ဒီလိုနဲ့ လာခဲ့တဲ့လမ်းအတိုင်း ပြန်လျှောက်ပြီး အုတ်ဖိုဘူတာမှာ စာပို့ရထားကြီးကို အလာကို စောင့်ရင်း ရထားစီးပြီး ပြန်ခဲ့ရတယ်။

အိမ်ပြန်ရောက်တော့ အိမ်ကသူတွေကို မမောနိုင် မပန်းနိုင် ကျမတွေ့ခဲ့သမျှ ထူးဆန်းတာတွေ ဆိုပြီး ပြန်ပြောပြမိတယ်။ အိမ်ကလူတွေကတော့ လူကြီးတွေဆိုတော့ သိပြီးသားပေမယ့် ကျမက အထူးအဆန်းနဲ့ အားရပါးရ ပြောပြနေတော့ ရယ်ပြီး နားထောင်ပေးကြတာပေါ့။ ကျမအတွက်တော့ ငယ်သေးတဲ့ အရွယ်မှာ ကျမစာသင်နေရတဲ့ ကျောင်းနဲ့ ကျမရောက်ခဲ့တဲ့ ကျေးရွာက ကျောင်းလေးဟာ တကယ့်ကို ကွာခြားပြီး ထူးဆန်းနေသလို ခံစားနေရတယ်။

တီလေးကိုလည်း အိမ်ရောက်မှ မေးချင်တာတွေ သိချင်တာတွေ မေးရတော့တယ်။ ကျောင်းဝတ်စုံ မ၀တ်ရင် ဒဏ်ကြေး မကောက်ဘူးလားတို့၊ စာသင်နေတုန်း အိပ်ပြန်လို့ရလားတို့၊ မုန်းစားဆင်းပြီး ပြန်မလာရင် မရိုက်ဘူးလာတို့ပေါ့။ တီလေးက ရီပြီး အဲဒါတွေ တီလေးတို့ ကျောင်းမှာ မရှိဘူးလို့ပဲ ပြန်ဖြေရှာတယ်။ ကျမ အတွေးထဲမှာတော့ တီလေးတို့ ဆရာမတွေက သဘော ကောင်းလိုက်တာပေါ့လေ။

ဒါပေမယ့် အခုအချိန်မှာတော့ ဒါတွေဟာ ထူးဆန်းတာတွေ၊ တီလေးတို့ သဘောကောင်းတာတွေ မဟုတ်ပဲ ကျေးရွာတွေရဲ့ ပညာရေး စနစ်တွေမှာ ကြီးမားတဲ့ လိုအပ်ချက်တွေ အဖြစ် မြင်တွေ့လာရတယ်။ ကျမတို့ရောက်ခဲ့တဲ့ ရွာလေးက ရန်ကုန်နဲ့ အလှမ်းမဝေးဘဲ ဘာဖြစ်လို့များ ဒီလောက်တောင် နောက်ကျ ကျန်နေရလဲဆိုတာ စဉ်းစားနေမိတယ်။ တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တာတွေ မဖြည့်ဆည်း ပေးနိုင်ကြဘူးလေ။ တကယ် လိုအပ်နေတဲ့ နေရာတွေမှာ ပညာရေး အထောက်အကူပြု ပစ္စည်းတွေ မဖြည့်ဆည်းပေး နိုင်ကြဘူး။ ဆရာ၊ ဆရာမတွေ မြို့မှာ များနေသလောက် အဲဒီလို ကျေးရွာတွေမှာ အလုံအလောက်မရှိကြဘူး။

မြို့မှာ ကျောင်းတွေဟာ မိုးပျံအောင် ဆောက်နိုင်သလောက် ကျေးရွာတွေမှာ မိုးမလုံ၊ အကာမလုံ ဖြစ်နေခဲ့ကြတယ်။
ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ကျမပြန်သွားပြီး အဲဒီရွာလေးက ကျောင်းကို ရောက်ခဲ့လို့ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်ကျော်က ရေကန်ကြီးဟာ အရင်လို ကြာပန်းတွေ ကြာခွက်တွေ မရှိတော့ဘူး။ ဒိုက်တွေ အပြည့်နဲ့ စိမ်းနေတဲ့ ရေကန်အဖြစ်ပဲ မြင်ခဲ့ရတယ်။ ဓနိမိုး၊ ကျူထရံ စိမ်းစိမ်းလေးတွေက ဟောင်းနွမ်းပြီး ပြုပြင်မယ့်သူ မရှိလို့ ယိုယွင်းနေခဲ့တယ်။

နှစ်ပေါင်း ၂၄ နှစ်တာ ကာလာမှာ အစိုးရ ပညာသင်ကျောင်းအဖြစ် တိုးတက်လာရမယ့် အစား ဘုန်းတော်ကြီးသင် ပညာရေးစနစ် ဖြစ်နေတာကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရတယ်။
ရွာထဲက တတ်နိုင်သူတွေကတော့ မြို့တက်ပြီး ပညာသင်ပေမယ့် ချို့တဲ့တဲ့ ကလေးတွေကတော့ အဲဒီကျောင်းလေးမှာပဲ ဆက်လက် ပညာသင်နေကြတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ် ကျော်က ပညာရေးစနစ်ဟာ အခု အချိန်မှာ တိုးတက်လာရမယ့်အစား ပိုလို့တောင် ဆုတ်ယုတ်သွားတာကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရပါတယ်။

တတ်နိုင်သလောက် ကူညီပေးခဲ့ ပေမဲ့ စိတ်ထဲမှာတော့ ကျေးရွာက ကလေးတွေရဲ့ ပညာရေးကို စိတ်မကောင်းစွာနဲ့ ရင်မောပြန်ခဲ့ရတယ်လေ။
ဒါတွေကို ကျမတို့ သိသလို၊ မြင်သလို နားလည် ခံစားတတ်ပြီး တိုးတက် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်။ နေရာတိုင်းက ပညာသင်ကြားရမယ့် ကလေးတွေကို တန်းတူ ပညာတွေ သင်စေချင်၊ တတ်စေချင်တယ်။ အမှန်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ် ကျော်ဆိုတာ ပြောင်းလဲမှုတွေ များစွာ တိုးတက်လာရမယ့် အစား ပိုလို့တောင် ဆုတ်ယုတ်သွားတာကို စိတ်မကောင်းစွာ မြင်တွေ့လိုက်လို့ပါပဲလေ....။ ကျေးရွာက ကလေးတွေရဲ့ ပညာသင်ကြားရတဲ့ ဘ၀၊ လူနေမှုဘ၀ အဆင့်အတန်းကို ကျမ ဘ၀မှာ လက်တွေ့ကျကျ သိမြင်ခဲ့ရလို့ အဲဒီကျေးရွာလေးနဲ့ စာသင်ကျောင်းလေးကို မျက်စိထဲ ယခုထိ မြင်ယောင်နေမိတာပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

16 comments:

နေ့အိပ်မက် said...

ဖတ်ပြီး သက်ပြင်းချမိတယ် မမရယ်။ မြို့ပေါ်က ပိုက်ဆံရှိတဲ့လူတွေ ပကာသနအလှူတွေအစား ဒီလိုနေရာမျိုးတွေမှာ လာလှူကြရင် ကောင်းမယ်နော်။ (စိတ်ကူးယဉ်မိတာ ပြောပါတယ်)

ထုံးစံအတိုင်းကတော့....
ဆီဆမ်း၊ သဒ္ဓါ(သဒ္ဒါက မြန်မာသဒ္ဒါတို့၊ သဒ္ဒါရုံတို့မှ သုံးရတာမမ)၊ခြင်းကိုဆွဲ၊ ပိုက်ဆံနည်းနည်း၊ ရယ်ပြီး
အလှမ်းမဝေးဘဲ၊ ဆုတ်ယုတ်၊ ကူညီပေးခဲ့ပေမဲ့

နေ့အိပ်မက်လာလာလျှာရှည်နေတာ စိတ်မဆိုးဘူးဟုတ်.. မကြိုက်ရင်ပြောနော်မမ နေ့အိပ်မက်ကလည်း အဲဒါမြင်ရင် မနေတတ် :(

konyi said...

ကျေးရွာတွေပေါင်းလို့ ၊မြို့ဆိုတာ ဖြစ်လာတယ်။ မြို့တွေပေါင်းစုပြီး နိုင်ငံတွေဖြစ်လာတယ်ဆိုရမှာပေါ့။ အဓိကက ကျေးရွာတွေပညာရေးက မြို့ထက်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အခြေခံကျတဲ့နေရာဒေသတစ်ခုဖြစ်တယ်။ မြို့မှာပဲ ပညာရေးကောင်းပြီး ၊ ကျေးရွာတွေမှာမကောင်ဘူးဆိုရင် သဘာဝမကျဘူးနော်။ သဘာဝကျအောင်တို့ အသိတရားရှိသူတိုင်း ၀ိုင်းဝန်ပြီး လုပ်ဆောင်သင့်တယ်။ အသိတရားရှိတဲ့သူတောင်မလုပ်ရင် မသိတဲ့သူလုပ်ကတော့ ပြောစရာအကြောင်းမရှိဘူးပေါ့။ အမရဲ့ အတွေးအခေါ်လေးကို ထောက်ခံပါတယ်။ စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ ကလေးလေးတွေကို မျက်လုံးထဲမှာ မြင်နေသလိုပဲ။

~ဏီလင်းညို~ said...

ညီမရေ...
ဖတ်ပြီးတော့ စိတ်မကောင်းဘူး...၊ တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ မဖြည့်ဆည်းပဲ ရေများရာ မိုးရွာနေကြတာတွေက များနေတယ်..ထင်တယ်လေ... ။ ကလေးလေးတွေ ဆိုပေမယ့် တစ်ချိန်မှာ သူတို့တွေဟာ... လူ့အသိုင်းအ၀ိုင်းမှာ ဦးဆောင်ရှင်သန်လာကြရမဲ့ သူလေးတွေလေနော်...။ အခြေခံပညာလေးကိုတောင်... အဲ့သလို ခက်ခက်ခဲခဲ သင်ယူနေခဲ့ကြရတာ... အစ်ကိုလည်းမြင်ဖူးပါတယ်...။ ဖေဖေစာသင်ခဲ့တဲ့ ရန်ကုန်မြို့ထဲက ဆင်ခြေဖုန်းရပ်ကွက်လေးထဲက မူလတန်းကျောင်းလေးတစ်ကျောင်းမှာလေ...။ (နောက်မှပဲ...ပို့စ်ရေးဖြစ်မယ်ထင်တယ်...ကလေးလေးတွေ အကြောင်းလေ...)

ခင်မင်တဲ့
ဏီလင်းညို

Welcome said...

သိနေပေမယ့် သိပ်တော့ မပြောတတ်ဘူး။
သူတို့ရဲ့အဆိုအရ အားလုံးပြောင်းလဲပြီထင်နေတာ
ဒီပို့စ်ကြောင့် ကွက်လပ်တွေ အများကြီး ကျန်သေးတယ်ဆိုတာ မီးမှောင်းထိုးပြလိုက်သလိုပါပဲ။

မြတ်မွန် said...

ဟင်းးးးးး ဘာမှ မပြောချင်တော့ပါဘူးမမရယ်..လိုအပ်နေတာ တွေသိပ်ကို များလွန်းနေတယ်နော်..စိတ်ပဲရှိတယ် မကူညီနိုင်သေးတာ စိတ်မကောင်းဘူး..။
ချစ်ခင်လေးစားတဲ့..။

သိင်္ဂါကျော် said...

လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်.. တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ကြရမှာပေါ့နော်..

မြစ်ကျိုးအင်း said...

ပညာတတ်ပြီး စာတွေဖတ်တတ် တွေးခေါ် တတ်လာရင် ဟိုတွေးဒီတွေး တွေးမှာ စိုးလို့နဲ့ တူတယ် ။

ခေါင်မိုးကမှ မလုံတာ အားလုံး မိုးစို ကုန်ပြီလေ။
ဘယ်တော့များမှ လူတိုင်း လူတန်းစေ့ နေနိင်ကြပါ့မလဲ။

ညီညီ said...

နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းက နိုင်ငံသားတွေရဲ့ ပညာရေး မြင့်မာမှူ့ အပေါ် အများကြီး မူတည်ပါတယ်။
လူ့အခွင့်အရေး ကို တူတူတန်တန် မရတဲ့ သူတို့ဘ၀ တစ်ကယ်စာနာပါတယ်။ ကျွန်တော်ကိုယ်တိုင် ရွာကျောင်းလေးတစ်ကျောင်းမှာ 2 နှစ်တောင်တတ်ဖူးတယ်ခင်ဗျ။ ဒီထက်ဆိုးတာတွေ ရှိပါသေးရဲ့ဗျာ။ ကူညီဘို့တော့ ဆန္ဒများရှိကြရင်
ကျွန်တော်တို့ရဲ့ " မေတ္တာကမ္ဘာ ဖေါင်ဒေးရှင်း"
http://www.mettaworldfoundation.org/
မှာသွားရောက်လေ့လာပြီး လှူဒါန်းနိုင်ပါတယ်။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

ကိုရင်နော်ခင်လေးငယ် said...

စိတ်မကောင်းဖူးကွယ်...

အပိုအလို မရှိတဲ့ အရေးသားလေးတွေရဲ့
ဆွဲခေါ်သွားမှုနဲ့ အတူ.... စိတ်မကောင်းခြင်းတွေ တပွေ့တပိုက်နဲ့ သက်ပြင်းသာ ချမိတော့တယ်..

ခင်မင်မှုများစွာဖြင့်...

ညရဲ့ကောင်းကင် said...

ဟုတ်တယ်အစ်မရေ...
ကွာခြားမှုတွေပေါ့...ကွာဟာမှုတွေပေါ့...
တကယ်ဆို အလားတူအဖြစ်အပျက်တွေက များနေပြီဗျာ...
မပြောချင်တော့ဘူး...
ကိုယ်တတ်နိုင်သလောက်ပဲ ကူညီပေးနိုင်ရင် ကူညီပေးတော့မယ်...
ပြည့်နေတဲ့ အိုးကိုပဲ ရေထပ်ဖြည့်နေကြတယ်လေ...
မပြည့်တဲ့ အိုး ခမ်းခြောက်သွားမှာကို မသိချင်ယောင်ဆောင်နေကြတယ်...
ထားပါတော့ဗျာ...စိတ်မကောင်းတာတော့ အမှန်ပါပဲ....

ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်

SHWE ZIN U said...

ကျောင်းလေး ရဲ့ မြင်ကွင်းလေးက ချစ်စရာလေး ဒါပေမဲ့ မရှိသင်တော့ဘူးလေ သူတို့လေးတွေကို ..

lovelessguiter said...

လွမ်းမောစရာပါပဲ..... ဒီလိုအဖြစ်မျိုးတွေဟာ တစ်နိုင်ငံလုံးမှာ နည်းမှာတော့ မဟုတ်ဘူး ထင်ပါတယ်...ကြာလေ ကြာလေ... ဟူး..ရင်မောလိုက်တာ

ဝေလင်း said...

တကယ်စိတ်မကောင်းဘူး..ကျွန်တော်တို့ မြို့ဘက်က ရွာလေးတွေဆိုလည်း အဲလိုပဲ မူလတန်းကျောင်းတစ်ကျောင်းလုံးမှာမှ ဆရာမနှစ်ယောက်နဲ့ သင်နေရတယ်။ ရွာကကျောင်းမပြောပါနဲ့လေ မြို့ပေါ်ကပါဆိုတဲ့ ကျွန်တော်တို့မြို့က အထက်တန်းကျောင်းတောင် ၄တန်းလောက်ထိ ၀ါးခင်း ၀ါးကာ သက်ကယ်မိုးနဲ့သင်ရတုန်း...။
ကျွန်တော် ၉တန်းဆယ်တန်းနေခဲ့တဲ့ မိုးကောင်းမှာဆိုလည်း ဘုန်းကြီးကျောင်းပညာရေးကို အားထားနေရတုန်း...။ မသိပဲမသိကြတာလား၊ မသိချင်ယောင်ပဲဆောင်နေကြတာလား...။ ဒါမှမဟုတ် မြင်အောင်ပဲ မကြည့်ကြတာလား မသိတော့ပါဘူးဗျာ..တွေးမိတိုင်း သက်ပြင်းချမိတယ်..။ မြန်မာပြည်ကြီး ဘယ်ကိုသွားနေလဲကို မသိတော့ပါဘူး..။

မိုးစက်အိမ် said...

စိတ်မကောင်းဖြစ်မိတယ် အမရေ အမပြောသလိုဘဲ
၂၄ နှစ်တာကာလအတွင်း တိုးတက်မှုတွေ အများ
ကြီးဖြစ်လာသင့်ပေမဲ့  ပိုလို့ တောင် ဆုတ်ယုတ်သွား
တဲ့ အဖြစ်ကိုဖတ်ရင်း . . . နောင်အနာဂါတ်အတွက်ရင်
လေးမိပါတယ် ကလေးတွေဟာ အနာဂါတ်မျိုးဆက်
သစ်တွေပါ ဒီကလေးတွေဟာ အခုလူကြီးတွေထက်
ထက်မြက်မှ နိုင်ငံရော လူမျိုးပါ တိုးတက်လာနိုင်မှာပါ
ကျွန်တော်လည်းဘာမှ ကိုယ်တိုင်မလုပ်ပေးနိုင်သေး
တော့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး မတတ်နိုင်သေးပါဘူး
ကိုယ်သာ တစ်နေ့ လုပ်နိုင်ခဲ့ မယ်ဆိုရင်ဖြင့် အစွမ်းရှိ
သလောက်တော့ လုပ်ပေးနိုင်မည်ဟုသာမျှော်လင့်ရင်း . . .

flowerpoem said...

အလှူတွေတကယ်လိုအပ်တဲ့နေရာမှာ လှူနိုင်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ်..

KOKOGYI said...

When I was in Yangon , I did as a Volunter Teacher for NGO ,Save The Children .The NGO collected the students from poor families and provided money for schooling. But they can't provide Tuition Fee for students. So they allowed us to teach the students. I teached in Nork-Okkalapa ( near Yay Way ) and Hlaing Thar Yar ( near Insein Pauk Taw Bridge ). We can see so many children without schooling not only in villages but also in yangon city. I would like to advice you to write more articles about our children. We have responsibility to find out the way how to solve these problems . Please kindly advice me.