နွယ်စီးလာတဲ့ ကားက မီးပွိုင့်မှာ ရပ်ထားတဲ့ အချိန်၊ အမှတ်တမဲ့ လမ်းဘေးကို လှမ်းကြည့်မိလိုက်တော့ ... ကလေး နှစ်ယောက် ရန်ဖြစ်နေတာကို မြင်လိုက်ရတယ်။ ကြည့်ရတာတော့ မိန်းကလေး နှစ်ယောက်၊ တစ်ယောက်က နဲနဲကြီးမယ် ထင်ရတာပဲ။ ငယ်တဲ့ကလေးရဲ့ လက်ထဲက အရုပ်လေးကို အကြီးက အတင်းဆွဲလုနေတယ်။ နောက်ဆုံးတော့ အငယ်လေးက အလျှော့ပေးပြီး အရုပ်လေးကို လွှတ်လိုက်တာပေါ့။ ပြီးတော့ နှမြောတသတဲ့ မျက်လုံးလေးတွေနဲ့ အရုပ်လေးကို စိုက်ကြည့်ပြီး နောက်ပြန်လှည့် လျှောက်သွားတာ တွေ့လိုက်ရတယ်။ ဒီအဖြစ်လေးကို ကြည့်ပြီး နွယ့် ငယ်ဘ၀တုန်းက အဖြစ်လေးကို သတိရသွားမိတယ်။
ဖေဖေက အစိုးရ၀န်ထမ်းဆိုတော့ ပြောင်းသမျှ နယ်တွေကို လိုက်ရင်း နွယ် (၂) တန်းအရောက် အဲဒီနယ်မြို့လေးမှာ ကျောင်းစတက်ရတယ်။ ကျောင်းသူ အသစ်ဆိုတော့ စစချင်းတော့ နွယ့်ကို ဘယ်သူကမှလည်း မခေါ်ဘူး၊ သူငယ်ချင်းလည်းမရှိဘူး။ နွယ်ကလည်း တစ်ယောက်တည်း နေတတ်တဲ့သူဆိုတော့ သိပ်တော့ မထူးဆန်းသလိုပဲ။ ကျောင်းစတက်ပြီး ဒုတိယမြောက်နေ့မှာ နွယ်ထိုင်တဲ့ ခုံအနောက်က ကောင်မလေး တစ်ယောက်က နွယ့် နောက်ကျောကို ခဲတံနဲ့ထိုးပြီး ...
"နင့် ခဲဖျက်ငါ့ကို ခဏငှားပါ" တဲ့
"အင်း ရော့ ... " ဆိုပြီး
နွယ်ကလည်း ဘာမှမပြောပဲ ပေးလိုက်တယ်။ ဆံပင်ကောက်ကောက် မျက်လုံးပြူးပြူးနဲ့ ကုလားမလေးး၊ သူ့ကြည့်ရတာ ကြောက်စရာ ကောင်းသလိုပဲ။ နွယ်က အစထဲက လူကြောက်တော့ ပြီးပါလေရော ... ဒါနဲ့ပဲ ညနေကျောင်းဆင်းတဲ့ အထိ ခဲဖျက်ပြန်မပေးဘူး။ နွယ်က ပြန်တောင်းတော့ မသိချင်ယောင် ဆောင်နေတယ်။ နွယ်လည်း ထပ်မတောင်းရဲတော့ဘူး။ အခြားသူတွေကလည်း သူက လူကောင်ကြီးတော့ သူ့ဆို ဘယ်သူကမှ မပြောရဲကြဘူး။ အဲဒီကစလို့ သူနွယ့်ဆီက နေ့တိုင်း ခဲတံတောင်းလိုက်၊ ခဲဖျက်တောင်းလိုက်၊ ပေတံတောင်းလိုက် နောက်ဆုံး ဗလာစာအုပ် အသစ်ကအစ တောင်းလာတယ်။ နွယ်က မပေးရင် သူက နွယ့်ကို အနိုင်ကျင့်တယ်။ နောက်ကနေ ခဲတံနဲ့ ထိုးတယ်၊ ပေတံနဲ့ ခေါက်တယ်၊ ဆိတ်ဆွဲတယ်လေ။ နွယ်ကလည်း ကြောက်တော့ သူတောင်းသမျှ ပေးလိုက်ရော။ နေ့တိုင်း ခဲဖျက်ပျောက်လိုက်၊ ခဲတံပျောက်လိုက်နဲ့ နွယ်အိမ်ပြန်ရောက်ရင် မေမေက ဆူတာခံရတယ်။ ဒါက နွယ်ကိုယ်တိုင် ခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။
တွေးနေရင်းနဲ့ နွယ်ဆင်းရမယ့် မှတ်တိုင်အရောက် ကားပေါ်ကဆင်းပြီး လမ်းလျှောက်လာခဲ့တယ်။ လမ်းထိပ် နားအရောက် လင်မယားနှစ်ယောက် ရန်ဖြစ်နေတာ တွေ့ရပြန်ရော ... ဘာအတွက် ရန်ဖြစ်နေတယ်ဆိုတာ မသိပေမယ့် ယောကျာင်္းက မိန်းမကို ရိုက်လိုက်တာများ ထိုက်ရက်တောင် ကျသွားတယ်။ မိန်းမဆိုတော့လည်း ပြန်ခံမလုပ်နိုင်တော့ ပါးစပ်ကပဲ နိုင်အောင် ပြောနေတော့တာပေါ့။ သူကပြောလေ .... ယောကျာင်္းက ရိုက်လေပဲ။ သူတို့ကို ကြည့်ရင်း နွယ်တကယ် စိတ်ညစ်သွားတယ်။ ဒီနေ့ တနေ့လုံး ဒါမျိုးတွေပဲ မြင်နေရတယ်လေ။
အိမ်ပြန်ရောက်တဲ့အထိ နွယ့်အတွေးထဲမှာတော့ အရုပ်လေးကို အနိုင်ကျင့်ပြီး ယူသွားတာရယ်... ယောကျာင်္းတန်မဲ့ အင်အားနဲ့ မိန်းမကို အနိုင်ယူပြီး ရိုက်နှက်နေတာတွေရယ်... နွယ်ကိုယ်တိုင်လည်း ကလေးဘ၀က သူများ အနိုင်ကျင့်တာ ခံခဲ့ရတာတွေ ပြန်မြင်ယောင်လာမိတယ်။ အားမတန်လို့ မာန်လျှော့ပေးလိုက်တာလား? နွယ့်လိုပဲ ကြောက်ပြီး ပေးလိုက်ရတာလား? ဆိုတာတွေ ငယ်ငယ်တုန်းက မတွေးခဲ့ဘူးပေမယ့် အခုအချိန်မှာ နွယ်တွေးတတ်လာပြီ။ လောကကြီးမှာ တချို့သော လူတွေဟာ ငယ်စဉ်ကတည်းက အခုလို အကျင့်မျိုးတွေနဲ့ ကြီးပြင်းလာပြီး အင်အားနဲ့ အနိုင်ယူတာတွေ၊ တစ်ဦးပေါ်တစ်ဦး ညှာတာမှုမရှိဘဲ ကြီးနိုင်ငယ်ညှင်းတွေ ဖြစ်လာကြတာပဲ။ ဒီလိုမျိုးတွေသာ မရှိခဲ့ကြရင် အေးချမ်းပြီး ဘယ်လောက် ကောင်းလိုက်မလဲလို့ စဉ်းစားရင်း ...... အခု အဖြစ်အပျက်လေးကို တွေ့ပြီး ငယ်ဘ၀က စာမျက်နှာလေးကို သတိရသွားမိတာပါ။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

14 comments:
ဟုတ်ပါတယ်...
တချို့ကတော့ စိတ်ထားလေးကောင်းရက်နဲ့ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲကြတယ်..
တချို့ကြပြန်တော့လည်း မွေးရာပါဗီဇကို ဘယ်လိုမှဖျက်လို့မရဘူး...
ကြီးနိုင်ငယ်ညှင်းတွေမရှိရင်တော့ လောကကြီးအေးချမ်းမှာ အမှန်ပါပဲဗျာ...
မင်္ဂလာပါ နွယ် ရေ..
ငယ်ငယ်တုန်းကတော့ ကုလားမလေး မျက်လုံးပြုးပြူးနဲ့ ဆံပင်ကောက်ကောက်လေး မို့ နွယ်က ကြောက်ပြီး သူတောင်းရာကို ပေးခဲ့တယ်.. အခုနေများဆိုရင်တော့ ကုလားမ ခေါင်းကွဲပြီသာမှတ်... (ခင်လို့စတာနော်..)..
ကလေးအရွယ်တွေပဲဖြစ်ဖြစ်...လင်မယားအရွယ်တွေပဲဖြစ်ဖြစ်..တစ်ဦးပေါ်တစ်ဦး မေတ္တာထား ဆက်ဆံကြရင်ဖြင့် ဒီကမ္ဘာကြီးဟာ..နွယ် ပြောသလို အရမ်းကို အေးချမ်းနေမှာပါ...
ခင်မင်စွာဖြင့်
ကိုမျိုး
ပြောရင်းနဲ့တောင် ကြောက်လာပြီး ကုလားမကို.း)
တစ်ခါတစ်လေတော့လည်း အတွေးတွေ ဝင်တတ်ပါတယ်
စိတ်ဆင်းရဲစရာတွေ တွေ့ရတတ်သလို စိတ်ချမ်းသာ စရာတွေလည်း တွေ့တတ်ပါတယ်..
ဘာပဲဖြစ်ဖြစ်ပေါ့လေ..
တွေ့သမျှ မြင်သမျှတွေကို လောကကြီးက သင်ပေးတဲ့ သင်ခန်းစာလို့ သတ်မှတ်မယ်ဆိုရင် ဘဝမှာ ရင့်ကျက်မှုတွေ အများကြီး ရလာမှာပါ..
ပျော်ရွှင်ချမ်းမြေ့သော မင်္ဂလာနံနက်ခင်း ဖြစ်ပါစေဗျာ
ခင်မင်စာဖြင့်
စည်သူ။
တရားသောဥပဒေသများသာ နေရာအနှံ့ရှိနေနိုင်မယ်ဆိုရင်.......ကြီးနိုင်ငယ်ညှဉ်းကိစ္စတွေ အထိုက်အလျောက်တော့ လျော့နည်းသွားမှာပေါ့ ညီမလေးရေ...
ပူးတေလဲ ငယ်ငယ်က ဒါမျိုးခပ်ဆင်ဆင် အဖြစ်လေးတွေ ကြုံခဲ့ရတယ်။ ပူးတေလဲ ငယ်ငယ်က လူအရမ်းကြောက်တာ။ နောက်တော့လဲ သူ့တရားသူ စီရင်သွားတာပါပဲ။
နေ့အိပ်မက်တော့ ခဲဖျက်ပြန်တောင်းလို့ မပေးရင် သူ့ဟာလု၊ မရရင် ဆရာမနဲ့သွားတိုင်မှာ... ယောင်္ကျားက ရိုက်ရင်လည်း ပြန်ရိုက်မှာပဲ.. ခံဘူး.. :P
(စွာတယ်နော်. :D)
စကားမစပ်(မစပ်လည်း အတင်းစပ်တယ်သဘောထားလိုက်) ဆိတ်ဆွဲဟုတ်ဘူးလားလို...
ဘယ်သူ့ရိုက်ရိုက်.. ဒီမှာဆိုရင်တော့ အချုပ်ကျပြီပဲကွယ်...
မိန်းမကယောင်္ကျားကို ရိုက်လဲ မိန်းမ အချုပ်ကျတာပဲလေ...
ယူပြီးမှတော့ အဆင်ပြေကြပါစေ..အားလုံး
အင်းနော်.။ စိတ်ညစ်ပါတယ် အဲလိုမျိုးတွေ တွေ့ရရင်။
"လူအချင်းချင်း လှည့်ပါတ်ခြင်းကင်းရှင်းကြပါစေ.။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ.။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ.။"
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
ဒဏ္ဍာရီရဲ့ ပိုစ့်တိုင်းမှာ အက်ဆေးရေးထားတာလေးတွေ ငြိမ်တယ်။ အကြောင်းအရာကောင်းကောင်းလေးတွေ ဆက်လက်ရေးသားဖို့ အားပေးတိုက်တွန်းတယ်ဗျာ။ နိုင်ရာစားတတ်တဲ့ စရိုက်တွေနဲ့ ပက်သက်လို့ကျနော်လည်း “အဖြည့်ခံ”ဆိုတဲ့ ၀တ္တုလေး ရေးဖူးတယ်ဗျ။ ဒါမျိုးတွေက ကမ္ဘာတည်သ၍တော့ ရှိနေအုံးမှာပဲလေ။
ခင်မင်လျက်...
မိုးမောင်
ဒီလိုပဲ..ညီမရေ...
အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်ကို အားကိုးတတ်သလို၊ ဦးချိုရှိတဲ့ သတ္တ၀ါကလည်း... ဦးချိုကို အားကိုးတတ်တယ်တဲ့...။ ငါးကြီးကလည်း..ငါးလေးတွေကို စားတတ်တယ်...တဲ့...။ နိုင်ရာစားတတ်ကြတဲ့ သဘောလေးတွေရေးထားတာကောင်းတယ်...။
(လူ “ဦးချို”..ကို ပြောတာဟုတ်ဘူးနော်..ညီမလေး...:)..)
ဒီလိုပါပဲလေ..လောကကြီးမှာ သူ့ဗီဇနဲ့ သန်ရာသန်ရာဟာ အကောင်းရော အဆိုးရော ရှိကြတာပဲမဟုတ်လား..။
ဒီလိုပါပဲလေ..လောကကြီးမှာ သူ့ဗီဇနဲ့ သန်ရာသန်ရာဟာ အကောင်းရော အဆိုးရော ရှိကြတာပဲမဟုတ်လား..။
ကြီးနိုင်ငယ်ညှင်းပြုတတ်တဲ့ စိတ်ဓာတ်ကြောင့် ကမ္ဘာပေါ်မှာ စစ်မီးတွေ မငြိမ်းနိုင်တာပေါ့...
ကိုယ်တွေကသာ ဆုတောင်းနေတာပါ...
ဒါဟာလည်း လူသားတွေရဲ့ သဘာဝမို့ လူတွေရှိနေသရွေ့ အနိုင်ကျင့်မှုတွေလည်း ရှိနေအုံးမှာပဲ...
နိုင်ရာစားလောကကြီးကတော့ ဘယ်လိုပဲနေနေ ရှိနေဦးမှာပဲလေ။ ရှေ့ပိုဆိုး......ဆိုရမလားပဲ။
Post a Comment