ရောင်ခြည်ဆိုတာ နွယ့် ဘ၀မှာမရှိသလောက် ရှားပါးခဲ့တယ်။ ၁၀ တန်းအောင်ပြီးလို့ အများတန်းတူ တက္ကသိုလ် တက်ချင်ပေမယ့် နွယ့်အိမ်ရဲ့ စီးပွားရေး အခြေအနေအရ ဓါတုဗေဒ ဘာသာကိုပဲ ရွေးပြီး အဝေးသင် တက်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အမှန်ကတော့ နွယ့်ရဲ့ အမှတ်က သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တက်ခွင့်ရခဲ့တယ်လေ။ မောင်နှမ ငါးယောက်ထဲက အကြီးဆုံးဖြစ်တဲ့ နွယ်က အငယ်တွေကို ဦးစားပေးဖို့ ဆုံးဖြတ်လိုက်ရတာ။
ဒီတော့ နွယ့်အတွက် ပညာရေးက စလို့ ကံမကောင်းခဲ့ဘူး။ အဝေးသင်တက်ရင်း စက်ရုံတခုမှာ အလုပ် ၀င်လုပ်ခဲ့ပြီး ညဘက်ကိုတော့ နွယ် လမ်းထဲက ၉ တန်းနဲ့ ၁၀ တန်း ကလေးတွေကို ဂိုက်လိုက်သင်တယ်။ တခါတလေ နွယ့်ရဲ့ ဘ၀ကို နွယ် ကိုယ်တိုင် စိတ်ကုန်တဲ့ အခါမျိုးတွေ ရှိတာပေါ့။ မိသားစုရဲ့ တာဝန်ကို ယူပြီး မိဘကို တလှည့် ပြန်လုပ်ကျွေးရလို့ နွယ်ကျေနပ် နေခဲ့ရတာပါ။ ဒီအသိလေးကြောင့် နွယ် ရပ်တည်နေနိုင်ခဲ့တယ်။ မိသားစု တာဝန်ရဲ့ ၇၀ ရာခိုင်နှုန်းက နွယ့်ကို အားကိုးနေရတာ။ မေမေနဲ့ ဖေဖေကို ကြည့်ပြီး နွယ် မောပန်းခဲ့သမျှတွေ ပြေပျောက်ခဲ့ဘူးတယ်။ အိမ်ပြန်ရောက်တိုင်း မေမေ တိုက်တဲ့ ရေတခွက်ကို သောက်ပြီး အမောဖြေခဲ့ရတာ နွယ့်ဘ၀ပါ။
ကျောင်းပြီးတော့ လစာကောင်းမယ့် အလုပ်ကို နွယ်ရှာရတယ်။ ဘွဲ့မရသေးတော့လည်း အလုပ်တွေက ဘွဲ့ရမှတဲ့။ ဟော ... အခု ဘွဲ့ရပြီးပြန်တော့ ကွန်ပျူတာ တတ်မှ၊ စာရင်းကိုင် တတ်မှတဲ့။ နွယ်က စာရင်းကိုတော့ လုပ်ငန်း အတွေ့အကြုံရှိပေမယ့် သူများတွေလို သင်တန်းဆင်း လက်မှတ်တွေ ဘာတွေ မရှိဘူးလေ။ ဒီတော့ နွယ်တစ်ယောက် အလုပ်ရဖို့ ခက်ပြန်ရော။ နွယ်ဘာလုပ်ရမလဲ ? သင်တန်းတက်ဖို့ ဆိုတာကလည်း ဘယ်မလဲ သင်တန်းကြေး? နွယ် တို့လို ဘွဲ့ရပြီးသား အလုပ်လက်မဲ့တွေ ဒုနဲ့ဒေးပါ။ အခုတော့ နွယ် အလုပ်လျှောက်တိုင်း မေးလိုက်တဲ့ သင်တန်းတွေ၊ တောင်းလိုက်တဲ့ လက်မှတ်တွေ။ ဒါဆိုရင် နွယ်တို့လို သင်တန်း မတက်နိုင်တဲ့ သူတွေအတွက် အလုပ်မရှိတော့ဘူးလား ? ဟုတ်တယ် တကယ့်ကို အလုပ်မရှိတာပါ။
နောက်ဆုံးတော့ လက်ရှိလုပ်နေတဲ့ စက်ရုံအလုပ်ကို ထွက်ပြီး စာသင်တဲ့ အလုပ်ကိုပဲ ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၉ တန်း ၁၀ တန်းတွေကို ဂိုက်လိုက်သင်တဲ့ ၀င်ငွေက စက်ရုံအလုပ်ထက် ၀င်ငွေပိုကောင်းတယ်။ စိတ်မကောင်းတာကတော့ နွယ်တို့လို ဘွဲ့ရပြီး အလုပ်မရကြတဲ့ ဘ၀တူ လူတန်းစားတွေကိုပါပဲ။ အခုတော့ "စုသက်နွယ်" ဆိုတဲ့ နွယ် တစ်ယောက် မှုန်ပြပြနဲ့ အနာဂတ်ဆိုတာ ရှာဖွေရင်း ဘ၀လမ်းကို ဆက်ပြီး လျှောက်လှမ်းနေဆဲပေါ့။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

15 comments:
ဟုတ်တယ် ဘွဲ့ရ ပြီး ဘွဲ့နဲ့ အလုပ်မရတဲ့ သူတွေထဲမှာ
ကျွန်တော်လဲ ပါခဲ့တယ် .. . .ခံစားရတဲ့ အက်ဆေးလေးပါပဲဗျာ . . . . ဘ၀က ကိုယ့်ကို ဒီလို နေခိုင်းနေတော့လည်း လတ်တလော ကိုယ် နေပေးရတော့မှာပေါ့ဗျာ . . .
အဲ့ဒီလို ဘ၀မျိုးတစ်ကယ်ကြုံခဲ့ဖူးပါတယ်ဗျာ...
ခင်မင်လျှက်...
ဏီလင်းညို
ဒီလိုအချိန်တွေ ဖြတ်သန်းခဲ့ဖူးတယ်...
တချို့အခိုက်အတန့်တွေမှာ ဘဝက နည်းနည်းမောပါတယ်လေ..။
မှုန်ပြပြ နေ့ ရက်တွေအောက်က
အခိုက်အတန့်  ဒီကာလမှာ
ဘ၀အမောတွေ ပြေပျောက်လို့ 
တောက်ပတဲ့  အနာဂတ်ကို
ထက်မြက်တဲ့  အတွေး၊
စူးရှတဲ့ အမြင်တွေနဲ့ 
အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေလို့ 
တောင်းဆုပြုခဲ့ တယ် ...
ခင်မင်စွာနဲ့ 
ပန်းခင်းလေး
အင်းပါလေ..
ပထမစာပိုဒ်လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..
ကျွန်တော့်ဘဝလဲ အဲလိုဖြတ်သန်းခဲ့ရဖူးတယ်.. ကိုယ်ချင်းစာမိပါတယ်.. ဘာပဲဖြစ်ဖြစ် အားမငယ်ပါနဲ့ စိတ်ရင်းစေတနာအမှန်မို့ ဘယ်သောအခါမှ ဒုက္ခမရောက်ဘူး.. ဒုက္ခရောက်ရင်လည်း ကူညီမစမဲ့သူ အလိုလို ပေါ်လာလိမ့်မယ်..။
ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာ မဖြစ်လို့ ဖြစ်သင့်တာ လုပ်လိုက်တာ နည်းလမ်းမှန်ပါတယ်.. တချို့ဆို ဖြစ်ချင်တာတွေမဖြစ်လို့.. လမ်းမှားရောက်ပြီး ဘဝပျက်သွားသူတွေ အများကြီးပဲလေ.. မိဘကို သိတတ်တဲ့တဲ့ စိတ်ဒါတ်လေးကို ချီးကျူးမိပါတယ်..။
ဘယ်လိုပြောရမလဲ..
ခေတ်က ရှေ့ကိုပြေးနေတာလေ.. ကိုယ့်နိုင်ငံက နောက်ပြန်ဆွဲနေတော့.. ကျောင်းစာနဲ့တင် မလုံလောက်သလိုဖြစ်နေတယ်.. ကျောင်းပြီးလို့လည်း ဘာမှ လုပ်လို့မရတာ လက်ခံပါတယ်.. အသိမှတ်ပြုခံရရုံလေးတစ်ခုပေါ့..
ဒါပေမယ့် ကျောင်းမပီးလို့ နိုင်ငံခြားရောက်တော့ အလုပ်မှာ အဆင်မပြေတာတွေလည်း ရှိပါတယ်..
ဒီလိုကျတော့ တန်ဘိုးရှိသွားပြန်ရော..
နောက်ထပ်တော့ မပြောတတ်တော့ပါဘူးဗျာ..
ပြောရင်းပြောရင်း နဲနဲလေး မောသွားတယ်
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
ဟုတ်ပါရဲ့.. ဘွဲ့ရပြီး ဘွဲ့နဲ့ မသက်ဆိုင်တဲ့ အလုပ်တွေ လုပ်နေရတဲ့သူတွေလည်း အများကြီး... Master ရပြီးတာတောင်မှ အလုပ်မရနိုင်သေးသူတွေလည်း အများကြီး ပါပဲ..။
မင်္ဂလာပါ နွယ် ရေ...
မိဘအတွက် အထောက်အပံ့မျာစွာ ပေးပြီး ကျွေးမွေးပြုစုနေတယ် ဆိုလို့ အရမ်းကို ၀မ်းသာပါတယ်.. ဂုဏ်လဲယူပါတယ်။
ဘွဲ့ရပြီး အလုပ်မရကြတဲ့သူတွေ.. အလုပ်ရပြီး အဆင်မပြေကြတဲ့သူတွေ ဒုနဲ့ဒေးပါ။ ကိုယ်က အကောင်းဆုံးဖြစ်အောင် နေထိုင်တယ်.. ကြိုးစားတယ်.. မိဘကို လုပ်ကျွေးပြုစုတယ်.. ဒါတွေဟာ.. ဘ၀အတွက် အမောပြေ..အားဆေးတွေပါလို့ ပြောပါရစေ...
အစစ အရာရာ အောင်မြင်ချောမွေ့ပါစေလို့ ဆုမွန်ကောင်းပြုလိုက်ပါတယ်...
ခင်မင်စွာဖြင့်
ကိုမျိုး
မိဘကို တတ်စွမ်းသလောက်ကူညီနိုင်တာလေးရယ် ၊ ဘ၀ကို အားမလျော့ပဲ လုပ်နိုင်ရင် အကောင်းဆုံးပါ.
ဒီလိုအဖြစ်မျိုးတွေ များလာတော့ ယဉ်ကျေးမှုတခုတောင်
ဖြစ်နေပြီ....။
ကိုယ်ဝါသနာပါရင် ကိုယ့်ရဲ့ စိတ်အတွေးအခေါ်နဲ့ လိုက်ဖက်တာမျိုး လုပ်ခွင့်မရတာ များနေတယ်လေ
ကျနော်တို့လည်း အတူတူပါပဲ :)
လာရောက်ဖတ်ရှုသွားပါတယ် ဒဏ္ဍာရီ..
ဒဏ္ဍာရီရေ
လုပ်သလိုမဖြစ်တဲ့ ဘဝမှာ ဖြစ်သလို လုပ်နေကြရတာ အများကြီးပါ။ အရေးကြီးတာ တစ်ခုကတော့ လမ်းပျောက်မသွားဖို့ပဲ လို့ထင်ပါတယ်
ခင်မင်စွာဖြင့်
သီဟသစ်
ဇာတ်လမ်းလေးက တန်းလန်းဖြစ်နေသလိုပဲ
ဘာတဲ့ ဆယ်တန်းအောင်ရင် ကျောင်းပြီးပြီလေ.. ဘာလဲဘွဲ့ဆိုတာက ... ဆိုက်ကားနင်းဖို့လား.. ?မားကက်တင်းဆင်းဖို့လား.. ?အရောင်းဝန်ထမ်းလုပ်ဖို့လား....?
ဒါပေမယ့်လည်း အနာဂတ်ကိုရှာဖွေရင်း လှမ်းလျှောက်နေကြတာဟာ ဘွဲ့ရတွေချည်းမှမဟုတ်တာပဲနော်..။ လူတိုင်းပါပဲ.။
အဲ... မေ့သွားလို့..ဒီလိုဖြစ်နေတာ ကျွန်တော်လည်း အပါအ၀င်ပါပဲ... လူများတော့ အားရှိတာပေါ့နော်.. :P
ဘွဲရပြီး ဘာမှ မလုပ်တဲ့သူတွေထက်စာရင် ညီမနွယ်က အသာကြီးပါဗျာ။
Post a Comment