Monday, October 19, 2009

တစ်နေ့တာ လူမှုဘဝ

နံနက်စောစော ပျားပန်းခတ်မျှ ရှုပ်ရှက်ခတ်နေတဲ့ လူတွေကြားထဲမှာ ဈေးခြင်းကိုဆွဲပြီး ဈေးထဲဝင်ခဲ့တယ်။ စစချင်းရောက်လိုက်တာ ဟင်းသီး ဟင်းရွက်တန်း။ ဘာဝယ်ရင်ကောင်းမလဲ ..... စဉ်းစားရင်း ချဉ်ပေါင်ရွက်စည်းလေးကို ကိုင်ကာ ဈေးမေးလိုက်တယ်။

"ဘယ်လောက်လဲ ? "
" ၈၀ ပါ အမ"
" အင်း အင်း ၃ စည်းနော်၊ မျှစ်ကရော ဘယ်ဈေးလဲ ? "
" ၁၀ သား ၁၂၀ ပါ"
" ဒါဆို မျှစ် ၁၅ ကျပ်သားပေး"

ဒီလိုနဲ့ ချဉ်ပေါင် ၃ စည်းနဲ့ မျှစ် ၁၅ ကျပ်သား ၀ယ်လိုက်တယ်။ ရှေ့ဆက်သွားရင် အသားတန်းဘက်ရောက်တယ်။ ၀က်သား၊ ကြက်သား၊ ဆိပ်သား၊ ပုဇွန်၊ ငါးဖယ်၊ ငါး စသည်ဖြင့်တော့ စုံလို့။ အိမ်မှာ မိသားစု များများ မရှိဘူး။ ဖေဖေ၊ မေမေ၊ ကိုကြီးနဲ့ ကျမ။ ဒီထဲကမှာ ကိုကြီး တယောက်တည်း ထမင်းဘူး ထည့်ပေးရတယ်။ ကျန်တဲ့ မိသားစုကတော့ အိမ်မှာပဲပေါ့။ ဈေးသွားရတဲ့ ကျမ အမြဲ ခေါင်းကိုက်ရတယ်။ မေမေက ၀က်သားမစားဘူး၊ ကိုကြီးက ငါးလုံးဝမစားဘူး။ ဖေဖေနဲ့ ကျမကတော့ ဂျီးမများ၊ အားလုံးစားတယ်။ ဒီတော့ ဈေးဝယ်ရတဲ့ ကျမ စိတ်ညစ်ရပါတယ်။ တကယ် တကယ် ....

အင်း ...... ဒီလိုနဲ့ အသားတန်းမှာ လျှောက်မိတာ ၂ ခေါက်လောက် ရှိတော့မယ်။ ကုန်းဈေးနှုန်းရဲ့ တက်ချက်ကလည်း မပြောချင်တော့ဘူး။ လွန်ခဲ့တဲ့ ၆ လလောက်ကဆို ဈေးဘိုး ၃၀၀၀ လောက်ဆို ၂ ရက်စာလောက် ရတယ်။ အခုတော့ ၁ ရက်စာ ၀ယ်ဖို့တောင် စဉ်းစားနေရတယ်။ ကဲ မတတ်နိုင်ဘူးလေ အသက်ရှင်နေသမျှ မစားလို့မှ မရတာနော်။ ဆုံးဖြတ်အပြီး အားလုံး အဆင်ပြေမယ့် ပုဇွန် ပဲဝယ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုကြီး ထမင်းဘူး အတွက်လည်း အဆင်ပြေတယ်။ ချဉ်ပေါင်နဲ့ မျှစ်ကို အရည်သောက်ချက်ပြီး ပုဇွန်ဆီပြန်နဲ့ပေါ့။

"ပုဇွန် ဘယ်ဈေးလည်း အမ"
"၁၃၀၀ ညီမလေး"
"မလျှော့ဘူးလား အမရယ်..."
"ဘယ်လောက်သားယူမလဲ ညီမ၊ ၅၀ သားလောက်ဆိုရင်တော့ ၁၂၀၀ နဲ့ယူသွားလေ"
"ဟာ ... များတယ် အမ၊ ကျမက ၂၀ သားပဲ ယူမှာ"
"ကဲကဲ ဒါဆိုလည်း ၁၂၅၀ နဲ့ယူသွားနော်၊ ညီမ ရွေးလိုက်"
"ရော့ အမ ၂၅၀၀ နော်"

ဒီလိုနဲ့ ပုဇွန် ၂၀ သားပါလာတယ်။ ဒီနေ့ဈေးဖိုးကတော့ ဟင်းသီးဟင်းရွက်နဲ့ ပုဇွန်နဲ့တင် ၂၉၂၀ ကုန်ပြီ။ ကျန်တာ ဘာမှ မပါသေးဘူး။ အိမ်မှာက ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်က လဆန်းဆို တလစာ ၀ယ်ပြီးသား။ အသားတန်းက ပြန်အထွက် ဟင်းရွက်တန်းအ၀မှာ တို့စရာအတွက် ရှောက်ရွက်လေး ၂ စည်း ၀ယ်လိုက်တယ်။ တစည်းကို ၅၀ တဲ့။ ကဲ ဒါဆို ဒီနေ့ဈေးဖိုး ၃၀၂၀ ကုန်ပြီ။ ဈေးခြင်းထဲမှာ ဘာမှ မပါဘူး။

မိသားစု လေးယောက်ပဲ ရှိတဲ့ ကျမတို့လို မိသားစုလေးတောင် ဆန်မပါ ဆီမပါ ဘာမှ မပါ ဈေးဘိုးတင် တရက်ကို ၃၀၀၀ ကျော်ကျတယ်။ ဒါတောင် ကျောင်းသားတွေ ကလေးတွေ မရှိဘူး။ မိသားစုတွေ များပြီး လက်လုပ်လက်စား မိသားစုတွေ အခုလို ခေတ်ကြီးမှာ ဘယ်လိုတွေ စားသောက်နေထိုင် နေရပါသလဲ။ အတွေးတွေက .......

လစဉ် အိမ်မှာ ဆန်ဝယ်ရင် လိုက်ပို့နေကျ ဆိုက်ကားသမား ဦးလေးကြီး ပြောဘူးတာပါ။ မိသားစုတွေများ ၀င်ငွေလေး နည်းနည်းနဲ့ ကလေးတွေ ကျောင်းစားရိတ်၊ ဒီကြားထဲ ကျူရှင်ဆိုတာ ရှိသေးတယ်။ အတန်းပိုင်းဆရာတွေက သူတို့ ဆီမှာ ကျူရှင် မတက်ရင် အဲဒီကလေးကို အတန်းထဲမှာ အမျိုးမျိုး အကြောင်းရှာတယ်။ ဒီတော့ စားစရာ မရှိရင် နေရမယ် ကျူရှင်ဘိုးတော့ ရအောင်ပေးပေါ့တဲ့။ အော် ကျမတို့ တိုင်းပြည်လေးမှာ ဆရာ ဆိုတာ နာသုံးနာနဲ့ ပြည့်ဝတယ်လို့ ဆိုရိုးရှိခဲ့တယ်နော်။ အခုတော့ ဒါဟာ ဆိုရိုးတစ်ခု အဖြစ်နဲ့ ကျန်ခဲ့တာလား။

အတွေးတွေကို ရပ်လို့ လမ်းကို ခတ်သွက်သွက်လေး လျှောက်လိုက်မိတယ်။ ကိုကြီး ထမင်းဘူးအမှီ ချက်ရမှာလေး။း)
ကျမတို့ တိုင်းပြည်လေးက ကုန်ဈေးနှုန်းတွေနဲ့ အပြေးအလွှား ရုန်းကန်နေရတဲ့ လူမှုဘ၀ကြီးကို မြင်တွေ့ရသမျှ စာစီကုံးလိုက်မိပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

14 comments:

သိင်္ဂါကျော် said...

ကုန်ဈေးနှုန်းကတော့ ဒီလိုပါပဲလေ....။

(တို့နဲ့ template တူနေတယ် သိလား.. အကြိုက်တူလို့ ဖြစ်မယ်၊ မပြင်နိုင်သေးလို့ ဒီတိုင်းပဲ ထားထားတယ်၊ လာလည်ဦးနော်...)

mabaydar said...

ဟုတ်တယ်ညီမရေ... မြန်မာပြည်မှာတော့ တစ်ခုခုသုံးချင်ရင် အုပ်လိုက်ပေးနေရတယ်... မလွယ်ပါဘူး... ခုတော့ ၅၀၀၀ တန်တွေရှိနေပြီဟုတ်?

Waing said...

ဒီလို ဈေးထဲက အသံတွေ မကြားရတာ တော်တော်ကြာခဲ့ပါပြီ အခုဆိုရင် တော်တော် ပြောင်းလဲနေပြီပေါ့ တိုင်းပြည်ရဲ့ မြင်တွေ့နေရတဲ့ လူမှုဘ၀ကို အမြန်ဆုံး ပြောင်းလဲနိုင်ရင် ကောင်းမယ်နော်..

မဆုမွန် said...

ကိုယ့်ကိုကိုယ်ပြန်မြင်ယောင်သွားတယ် ညီမလေးရေ..

အခုတော့ အမေ့ကိုမြင်ယောင်မိတယ်.. ဖုန်းပြောတိုင်း ကုန်ဈေးနူန်းအရမ်းကြီးတယ် သမီးကြီးရယ်လို့ ညည်းတတ်တဲ့အမေရယ် မမကြီးရေ တကယ်ပဲ ပိုက်ဆံက ဈေးဝယ်ရင် ဘာမှ မရဘူးသိလားလို့ ပြောပြောပြတတ်တဲ့ ညီမလေးကို သတိရမိတယ်..

တကယ့်ကို အစ်မတို့တိုင်းပြည်က မိသားစုတွေ စားရေးနေရေးဝတ်ရေးအတွက် ပင်ပမ်းကြီးလွန်းလှပါတယ်..:(

မြစ်ကျိုးအင်း said...

ဒါတွေပြောရင် ဒေါတွေပွ လာတယ်။။။

ဈေးတွေက တက်တထက်တက်တယ် နိင်ငံရပ်ခြား ရောက်နေတဲ့သူတွေကလည်း ပြန်ဖို့ဝေးနေသေးတယ်။

ပြည်သူတွေကလည်း ကျောကော့အောင်ခံနေရဆဲပဲ။

may16 said...

ပိုက်ဆံအသုံးမခံပါဘူး ညီမရယ် တကယ်ကိုဆိုးဝါးပါတယ် ရှာရသာခက်တာ :(

Welcome said...

ကုန်ဈေးနှုန်း ဆိုတဲ့ အသံကြားလိုက်ရင်

မရှိခဲ့တဲ့ နှလုံးရောဂါက ထ,ထ လာသလိုပဲ ဖြစ်တယ်။

သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မစားမဖြစ် စားနေရအုန်းမှာ ဖြစ်လို့ ဒီလိုပဲ နားလည်လိုက်တယ်။

(ပုဇွန်ဟင်းချက်တာ မခေါ်ဘူး)

လင်းဒီပ said...

တွေးကြည့်ရုံနဲ့တင် မောပါတယ်လေ..။

ညီညီ said...

ဟူးးးးး. မောတယ်. မပြောတော့ပါဘူး. .


ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

သက်ပိုင်သူ said...

ကုန်ဈေးနူန်းကတော့ ပြောမနေပါနဲ့တော့ဗျာ..
အရေးအသားညက်တယ်..
နောက်လည်းလာအားပေးပါ့မယ်

အိမ့်ချမ်းမြေ့ said...

မင်္ဂလာပါ ဒဏ္ဍာရီ...
ကြိုဆိုပါတယ်။ စာတွေ အကုန်ဖတ်သွားတယ်။ အပါးတော်မြဲက ချစ်စရာ။ ဒီပိုစ်ကတော့ သက်ပြင်းချသွားတယ်။ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ။ အမြဲအားပေးနေမှာပါ။

သံလွင် HeRo said...

ဖတ်သွားပါတယ်ခင်ညာ့...
အခုလိုကုန်ဈေးနှုန်းမြင့်နေတဲ့အချိန်မှာ
လက်လုပ်လက်စားဘဝလေးတွေကိုစာနာမိတယ်
ဗျာ...အားလုံးအဆင်ပြေကြပါစေ...

ဆောင်းယွန်းလ said...

ခေတ်ရဲ့သရုပ်ကိုပီပြင်အောင်ပြနိုင်တဲ့ ပို့စ်ကောင်းလေးတခုပါ...
အဆုံးမှာတော့ ရင်မောခြင်းတွေသာ ပြည့်နှက်နေတော့တယ် ညီမရေ...

ချမ်းလင်းနေ said...

တက်နေလိုက်တာများ ဘယ်တော့မှ ပြန်မကျတဲ့ ကုန်ဈေးနှုန်း ဘယ်သူတွေကများ တောင်ပံတပ်သွားလည်း မသိဘူး။