Tuesday, May 4, 2010

ခဏတာ

ရန်ကုန်ပြန်မယ်ဆိုပြီး ရည်ရွယ်နေတာ ကြာပါပြီ...။ ပြန်ရမလို မပြန်ရမလို ခွင့်ကမရနဲ့ သင်္ကြန်တောင် ပြီးပေါ့။ ခွင့်တင်ထားတာလည်း ကြာပြီ.. ဒီနေ့မှ ခွင့်ကကျတယ်။ ဒါနဲ့ ပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်လေ။ ခင်မင်ရတဲ့ ဘလော့်တွေရယ် စာဖတ်နေကြ ဘလော့်လေးတွေနဲ့ ခဏတာတော့ ခွဲရဦးမယ်။ စာတွေ ဆက်မရေးဖြစ်ပေမယ့် အခါအခွင့်သင့်တိုင်း စာဖတ်သူအဖြစ်နဲ့ စာတွေဆက်ဖတ်နေမှာပါ။

ဘလော့်လေးနဲ့ ခဏတာ ဝေးနေရသလို စာရေးတာကိုလည်း ခဏတာ နားဦးမယ်နော်။ ဒါကြောင့် ဘလော့်တွေကို အလည်မရောက်ဖြစ်ခဲ့ရင်လည်း စိတ်မဆိုးကြေးနော်...။ ဒဏ္ဍာရီ ခင်မင်လေးစားရတဲ့ ဘလော့်ပေါ်က သူငယ်ချင်းတွေရယ် စာဖတ်သူ မိတ်ဆွေတွေ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, April 19, 2010

တွယ်ရာမဲ့သော မေတ္တာရိပ်မွန်

သင်္ကြန်ရက်အတွင်း ရုံးတက်နေရတာကြောင့် သင်္ကြန်ဆိုတဲ့ ခံစားချက်ကို ခဏမေ့ထားပြီး နေခဲ့ရတယ်။ အိမ်မှာအတူနေတဲ့ ညီမလေး တစ်ယောက်က သင်္ကြန်အကြပ်နေ့ ညနေ သူတို့ Nursing Home ကိုလိုက်ခဲ့ပါလားတဲ့။ အိမ်မှာနေတဲ့သူတွေ အားလုံးကို သူက လိုက်ခဲ့ဖို့ ခေါ်တယ်။ သင်္ကြန်ရက်အတွင်း သီးသန့် ကုသိုလ်မယူနိုင်တာရယ် အခုလို သက်ကြီးရွယ်အိုတွေကို ပြုစုနေတဲ့ နေရာလေးကို သွားပြီး လေ့လာရင်း ကုသိုလ် ယူချင်တာရယ်ကြောင့် လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုံးကနေ ညနေစောပြန်ပြီး ကျမတို့ သူငယ်ချင်း (၅) ယောက် Nursing Home ကိုလိုက်သွားခဲ့ကြတယ်လေ။

အဲဒီညီမလေး အလုပ်လုပ်တဲ့နေရာက အသက်ကြီးတဲ့ အဘွားတွေကို ပြုစုစောင့်ရှောက်တဲ့ သတ်သတ်လွတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းပေါ့။ အမျိုးသမီး သီးသန့် ထားတဲ့ Nursing Home နေရာလေးပါ။ လူနာ (၇၂) ယောက်ရှိပြီး စုစုပေါင်း မြန်မာဝန်ထမ်း (၅) ယောက်အပါအ၀င် နပ်(စ) (၁၁) ယောက်ရှိပါတယ်။ Health Assistant (၁၅) ယောက်ရှိပြီး လူနာအဘွားတွေကို နေ့စဉ် ပြုစုစောင့်ရှောက်တဲ့ နေရာလေးပါ။ ဗုဒ္ဓဘာသာ တရုပ်သီလရှင်တွေလည်း ရှိပါတယ်။ အားလုံးက သဘောကောင်းကြပြီး ကျမတို့ အဖွဲ့ကိုလည်း ၀မ်းသာအားရ နွေးနွေးထွေးထွေး ကြိုဆိုကြတယ်လေ။

ညနေဘက် စရောက်ရောက်ချင်း အောက်ဆုံးထပ်က လူနာတွေ အခန်းကို အရင်ဝင်ကြည့်ကြတယ်။ သူတို့ ဆေးပညာ အခေါ်ကတော့ Categories (4) အဆင့်ရှိတဲ့ လူနာတွေပေါ့။ အသက် (၈၀) ကျော်ကနေ (၁၀၀) ပတ်ဝန်းကျင်တွေအထိ ရှိကြပါတယ်။ ခံစားမှုမရှိတော့ပဲ Rice Tube နဲ့ အသက်ဆက်ရှင်နေကြရတဲ့ သူတွေပါ။ ကြည့်ရင်း စိတ်မကောင်း ဖြစ်ရပါတယ်။ အပေါ်ထပ်မှာရှိတဲ့ လူနာတွေကတော့ အသက်ကြီးပေမယ့် အိပ်ရာထဲလဲနေတဲ့ အဆင့် မရှိကြပါဘူး။ ဒါပေမယ့် အားလုံး wheel chair နဲ့ပဲ သွားလာကြရပါတယ်။ မတော်တဆ ချော်လဲရင် ဒီအရွယ်တွေဟာ အရိုးတွေ ပြန်ဆက်ဖို့ မလွယ်တော့လို့ပါ။

အဲဒီမှာ ရှိကြတဲ့ အဘွားတွေ အားလုံးဟာ မိသားစုတွေက အကြောင်းအမျိုးမျိုးကြောင့် မစောင့်ရှောက်နိုင်ကြပဲ ဒီနေရာလေးကို လာရောက် ပို့ထားကြတာလေ။ အသက်အရွယ်ကြီးတာရယ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တာရယ်ကြောင့် ရောက်လာကြတဲ့ သူတွေလည်း ရှိပါတယ်။ တချို့လည်း မိသားစုတွေက တလတခါ လာကြည့်ကြပြီး တချို့ကြတော့လည်း လာထားပြီး ကတည်းက မလာကြတော့ဘူးတဲ့လေ။ လစဉ်ကုန်ကျစရိပ်ကို မိသားစုတွေက ထောက်ပံ့ပေးကြပါတယ်။ စေတနာရှင် အလှူရှင်တွေကလည်း လာရောက်လှူဒါန်းတာမျိုးတွေ ရှိပါတယ်။

မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာရိပ်နဲ့ ကင်းဝေးပြီး တွယ်ရာမဲ့နေတဲ့ အဘွားတွေရဲ့ ဘ၀ကို မြင်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ နပ်(စ)တွေကလည်း စိတ်ရှည်ကြပါတယ်။ သူတို့ ဖြစ်ချင်တာတွေကို တတ်နိုင်သမျှ လုပ်ပေးကြတယ်။ ညနေ ထမင်းစားချိန်မှာ ထမင်းကျွေးတော့ တချို့က မစားချင်ကြဘူး။ သတ်သတ်လွတ်ဆိုတော့ တခါတလေ သူတို့လည်း ငြီးငွေ့မှာပေါ့လေ။ ချော့ပြီး အဟာရဖြစ်အောင် ထမင်းကျွေးကြရတယ်။ တချို့တွေလည်း နပ်(စ)တွေကို ပြန်အော်ကြတာ ကြားရတယ်။ စိတ်အလို မကျတာတွေ များတော့လည်း သူတို့ပြောလို့ရတဲ့သူကို ပြောတဲ့ သဘောပေါ့။ နပ်(စ)တွေကတော့ နေ့စဉ်ကြုံတွေ့နေကြ ဖြစ်လို့ မထူးဆန်းတော့ဘူးလေ။ တခါတလေတော့ သူတို့လည်း စိတ်မောရတာပေါ့လေ။

ထမင်းစားပြီးတော့ သူတို့သွားချင်တဲ့ နေရာတွေကို wheel chair နဲ့လိုက်ပို့ပြန်တော့လည်း ရှိသမျှ သူတို့ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို wheel chair မှာချိတ်ခိုင်းတယ်။ ဒီတခါတော့ ကျမတို့ သူငယ်ချင်းတွေ ပြုံးမိပါတယ်။ ကျွတ်ကျွတ်အိပ်တွေ ထည့်ထားတဲ့ အိပ်ကအစ ပါတယ်။ ဖိနပ်ဆိုလည်း ရှိသမျှ အားလုံးချိတ်ရတယ်။ ဗူးတွေ ခွက်တွေ ထည့်ထားတဲ့ အိပ်တွေရော စုံပလုံစိလို့ပါပဲ။ ဒီတော့ wheel chair လည်းတွန်းရော ကျမ မတွန်းနိုင်တော့ဘူး။ ဘာလေးသလဲ မမေးနဲ့ ရှိသမျှ စည်းစိမ်တွေ တင်ထားတာလေ။း)

တခါတလေ သွားကူကြတဲ့ ကျမတို့က သူတို့ ခိုင်းသမျှ စိတ်ရှည်လက်ရှည်နဲ့ လုပ်ပေးတော့ သူတို့လည်း ပျော်ကြတယ်။ တချို့အဘွားတွေက သီချင်းတောင် ဆိုပြကြတယ်။ ဟော်ကန်း (Hokkien) ဘာသာနဲ့ ဆိုပြတော့ ရီသာနေရတယ် တလုံးမှ နားမလည်ကြဘူး။း) ည (၈) နာရီလောက်မှာ သူတို့အားလုံးရဲ့ အခန်းတွေကို ပြန်ပို့ပြီး နှုတ်ဆက်ကြတယ်။ အားလုံးက နောက်တခါလည်း လာခဲ့ဖို့ ခေါ်ကြပါတယ်။

သူတို့ကို ကြည့်ပြီး ကျမတို့တိုင်းပြည်က မိဘတွေ၊ အဖိုးအဘွားတွေနဲ့ နှိုင်းယှဉ်ပြီး သတိရသွားမိတယ်။ ကျမတို့ တိုင်းပြည်မှာဆိုရင်တော့ အသက်ကြီးလာရင် ဘုရားတရားလေးနဲ့ အေးချမ်းစွာ နေထိုင်ကြရတယ်။ သားသမီး၊ မြေး၊ မြစ်တွေနဲ့ မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာကို အပြည့်အ၀ ခံစားကြရတယ်။ ဆင်းရဲ၊ ချမ်းသာမရွေး မိသားစုနဲ့အတူ နေထိုင်နိုင်ကြတယ်လေ။ ကုသိုလ်ကံခြင်း မတူကြတာပေါ့နော်။

ဒီမှာတော့ အသက်ကြီးလို့ မိသားစုက မစောင့်ရှောက်နိုင်တော့ရင် Nursing Home တွေကို ပို့လိုက်ကြတာ များတယ်။ ကုန်ကျစရိပ်ကို ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ပို့လိုက်ကြတာပေါ့။ အမှန်တော့ အသက်ကြီးသူတွေအတွက် ငွေကြေးဥစ္စာထက် မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာကို လိုအပ်ကြပါတယ်။ သူတို့မိသားစုက လာတွေ့မယ့် နေ့တွေကို အမြဲတမ်း မျှော်နေလေ့ ရှိကြတယ်။ သူတို့ကို ကြည့်ပြီး နွေးထွေးတဲ့ မေတ္တာတွေ အမြဲတမ်း ခံစားနိုင်ပါစေလို့ ဆုတောင်းပေးနေမိပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, April 12, 2010

ရနံ့မပြယ်သော

နွေဦးရဲ့ လေရူးနဲ့အတူ ရွက်ဝါကြွေကျ ပုရစ်ဖူးစစနဲ့ ရွက်သစ်လေးတွေလည်း ဝေချိန်..။ လေတိုးသံ သဲ့သဲ့နဲ့အတူ နွေဦးလေပြေ တချက်အဝေ့ မျက်နှာပေါ် ဝဲကျလာတဲ့ ဆံနွယ်တွေကို ညင်သာစွာသိမ်းရင်း ပူလိုက်တာ နွေရယ်လို့... ရင်ထဲကနေပဲ ညည်းတွား လိုက်မိပါတော့တယ်...။ ဒီလိုနွေနဲ့ သင်္ကြန်ရာသီတွေ ရောက်ရင် သူမရင်ထဲက ဝေဒနာတွေက နွေရာသီထက် အဆပေါင်းများစွာ ပူလောင်ခဲ့ရတာ နှစ်တွေလည်း ကြာခဲ့ပြီပေါ့..။ နွေညရဲ့ မပီပြင်တဲ့လရောင် ၀ိုးတ၀ါး အောက်မှာ အိမ်ရှေ့ခြံထောင့်က ပိတောက်ပင်ကြီးကလည်း ပိတောက်ဖူးဝေလို့။ ရွက်ဝါတွေခင်းထားတဲ့ အိမ်အ၀င် လမ်းလေးကလည်း လွမ်းမောဖွယ် ပန်းချီကားချပ်လေးလို...။

သင်္ကြန်ကာလမှာ လှိုင်လှိုင်ပွင့်တဲ့ ပန်းပိတောက်တွေက လတန်ခူးရဲ့ သက်သေတွေပေါ့..။ ပန်းဆိုရင် မပန်တတ်တဲ့ သူမအတွက် ရနံ့မွေးမွေးနဲ့ ရွှေဝါရောင် ပိတောက်ခက်တွေကိုတော့ မြတ်မြတ်နိုးနိုး ရှိခဲ့ဘူးတယ်လေ။ မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ ရောက်လို့လာပြန်ပြီ...။ စားပွဲပေါ်က ယွန်းဘူးလေးကို ညင်သာစွာ ဖွင့်ရင်း ရနံ့မပြယ်သေးတဲ့ ပိတောက်ပန်းခြောက်လေးကို လွမ်းဆွေးစွာကြည့်နေမိတယ်...။
မျက်ဝန်းတွင်းမှ စိမ့်ထွက်လာတဲ့ မျက်ရည်ကြည်တွေက အတိတ်ပုံရိပ်တွေနဲ့အတူ ပါးပြင်ပေါ် ခပ်နွေးနွေး စီးဆင်းလို့လာတယ်...။
**** (၁)****

သင်္ကြန်အကျနေ့ မနက်စောစော အိမ်ကိုရောက်လာတဲ့ သူ့ကို သူမ ငေးကြည့်နေမိတယ်။ ယောပုဆိုး အပြာလေးနဲ့ တွဲဖက်ပြီး ရှပ်အင်္ကျီအဖြူ ကော်လံလည်ကတုံး လက်ရှည်လေးနဲ့ သူက အရင်နေ့တွေကထက် ပိုပြီး သပ်ရပ်နေသလိုပဲ။ သူမမျက်စိထဲမှာတော့ သူက အမြဲတမ်း ခန့်ညားနေစမြဲပါ။

သူမလည်း ဘုန်းကြီးကျောင်းသွားဖို့ ယောဂီဝတ်စုံလေးကိုပဲ ရွေးချယ်လိုက်ပြီး မျက်နှာပေါ်ကို ရှင်မတောင် သနပ်ခါး ပါးပါးလေးနဲ့အတူ ပါးကွက်လေးကွက်လိုက်တယ်။ ခါးလည်လောက်ရှိတဲ့ ဆံနွယ်တွေကို ကြက်ဆံမြီးလေး (၂) ချောင်းခွဲကျစ်ပြီး ဘယ်ညာ နှစ်ဘက်ချကာ ရိုးရှင်းတဲ့ သူမရဲ့အသွင်။ ယဉ်ယဉ်လေးနဲ့ အေးချမ်းတဲ့ သူမအလှကို ဒီတခါတော့ သူငေးကြည့်နေတော့မှာ သေချာပါတယ်လေ...။


အိမ်ကနေ စထွက်တော့ သူမောင်းတဲ့
ကားရဲ့ရှေ့ခန်းမှာ ဖွားဖွားက ထိုင်ပြီး သူမနဲ့ မေမေကတော့ နောက်ခန်းမှာ ထိုင်လို့ပေါ့။ ဘုန်းကြီးကျောင်း အသွား လမ်းမှာ များပြားလိုက်တဲ့ ကားတွေ... မနက် ၉ နာရီကျော်ပဲ ရှိသေးတယ် မူးတဲ့သူတွေက မူးနေကြပြီ။ ကားတွေကလည်း မောင်းချင်သလိုမောင်း၊ ကားပေါ်က လူတွေကလည်း အော်တဲ့သူကအော်၊ ကတဲ့သူက ကနဲ့.... ပျော်နေလိုက်ကြတာ သင်္ကြန်ဆိုတာထက်များ ပိုနေကြသလား မသိ။ ဖွားဖွားကလည်း တတွတ်တွတ်နဲ့ သတိထားမောင်းဖို့ ပြောနေသလို၊ သူကလည်း စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးပဲ မောင်းလာတယ်..။ ဘုန်းကြီးကျောင်း မြန်မြန်ရောက်ပါစေလို့ ဆုတောင်း နေမိတော့တယ်။

ဘုန်းကြီးကျောင်းကို ရောက်တော့ သူက ကျောင်းသားလေးတွေနဲ့အတူ ဓမ္မာရုံနဲ့ ကျောင်းပတ်လည် တံမြက်စည်း လှည်း၊ သန့်ရှင်းရေးသွားလုပ်နေတယ်။ သူမကတော့ ဆွမ်းစားဆောင်မှာ သံင်္ဃာတော်နဲ့ ဥပုဒ်သည် ယောဂီတွေအတွက် နေ့ဆွမ်းပြင်ဖို့ ကူလုပ်နေတယ်လေ။ သံင်္ဃာတော်နဲ့ ဥပုဒ်သည် ယောဂီတွေကို နေ့ဆွမ်းကပ်ကြတယ်။ အားလုံး ဆွမ်းစားအပြီး ပန်းကန်တွေ ဆေးကြ၊ ဆေးပြီးသား ပန်းကန်တွေကို အ၀တ်နဲ့ အခြောက်ပြန်သုပ်ကြနဲ့ တက်ညီလက်ညီ ကုသိုလ်ယူကြပါတယ်..။


နေ့လည်ဘက် ခဏနားပြီး သန့်ရှင်းရေး ဆက်လုပ်ကြပြန်ရောလေ။ ကျောင်းထဲမှာ ရှိသမျှ ကုဋီတွေကို ဆေးကြောပြီး ကုသိုလ်ယူကြပြန်ပါတယ်။ ဝေယာဝစ္စ အဖွဲ့ဝင်တွေထဲမှာ လူကြီး၊ လူငယ်၊ လူလတ်ပိုင်းတွေ အားလုံးပါဝင်ကြတယ်။ သင်္ကြန်ရက်မှာ အပျော်အပါးထက် ကုသိုလ်တရား ပွားများကြတဲ့ လူငယ်တွေ များစွားကိုလည်း မြင်တွေ့ရတယ်။ တနေ့တာလုံး လုပ်အားပေးကြရပေမယ့် ကုသိုလ်အရေးမို့ မောပန်းတယ်လို့ မထင်မိဘူးပေါ့။


ညနေဘက် မပြန်ခင် ဆရာတော်ကို အတူတူ သွားကန်တော့ပြီး ဘုရားပန်းတွေ ရေလဲပေးကြတယ်။ ရေကန်နားက ပိတောက်ပင်ကြီးမှာလည်း ပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်လို့ပေါ့။ မထင်မှတ်ပဲ သူပေးလာတဲ့ ရွှေဝါရောင် ပိတောက်ခက်လေးကလည်း မွှေးရနံ့တွေ သင်းပျံ့နေပါတယ်..။ ကန်ထဲက ရေကိုယူပြီး သူမ မျက်နှာရှေ့လေးကို လှမ်းပက်လို့ သင်္ကြန်ကျလိုက်တယ်လေ။ သူမလည်း ဖလားထဲက ရေနည်းနည်းနဲ့ သူ့နောက်ကျောကို လှမ်းပက်ရင်း ပျော်ရွှင်နေမိပါတယ်။ တနေ့တာလုံး သူနဲ့အတူ အေးချမ်းစွာ ကုသိုလ်ယူရင်း သင်္ကြန်ရက်တွေကို ပြီးဆုံးစေခဲ့တာ ကြည်နူးစရာပါပဲ..။


**** (၂)****

သင်္ကြန်နောက်ဆုံးနေ့ ဘုန်းကြီးကျောင်းကအပြန် လမ်းတလျှောက် သူက ကားကို ခပ်ဖြည်းဖြည်း မောင်းရင်း နှစ်သစ်ကူး အတာသင်္ကြန်ရဲ့ အတက်ချိန်ကို တွေ့မြင်ခဲ့ရတယ်။ နောက်ဆုံးနေ့ ဆိုတော့ အရင်နေ့တွေကထက် ကားတွေပိုများလာသလို မောင်းတော့လည်း ပွတ်ကာသီကာနဲ့ အသည်းယားစရာ။ စည်းနဲ့ကမ်းနဲ့ မောင်းတဲ့ ကားတွေ မရှိသဘောက် ဗရမ်းဗတာ မောင်းချင်သလို မောင်းနေကြတာလည်း မြင်ခဲ့ရသေးတယ်လေ။

နေ၀င်ရီတယော မှောင်စပျိုးချိန်အထိ အချို့မဏ္ဍပ်တွေဆို ရေပက်လို့ ကောင်းနေကြတုန်း။ အမူးလွန်ပြီး လမ်းဘေးမှာ သောင်းကျန်းနေလိုက်ကြတာ မြင်မကောင်း ရှုမကောင်း.. မူးတဲ့သူကမူး၊ အိပ်တဲ့သူကအိပ်၊ ကတဲ့သူက ကနဲ့ မမောနိုင်မပန်းနိုင်ပါပဲ။ မျက်စိထဲမှာ သင်္ကြန်ဆိုတာကို အေးချမ်းပြီး ပျော်စရာ ကောင်းတယ်လို့ မမြင်မိတော့တာ အမှန်ပါ။ တနေ့လုံး ဘုန်းကြီးကျောင်းမှာ ယူခဲ့တဲ့ ကုသိုလ်တွေနဲ့ ရခဲ့တဲ့ ငြိမ်းအေးမှုတွေကို သူတို့ကို ပေးချင်လိုက်တာလို့ စိတ်ထဲမှာ တွေးနေမိတော့တယ်။ မူးရူးနေသူတွေကိုကြည့်ပြီး သူနဲ့ နိုင်းယှဉ်မိသွားတယ်။ သူကတော့ ပျော်ပါးချင်စိတ်မရှိပဲ ပကတိရိုးစင်း သိမ်မွေ့နေတာက ဂုဏ်ယူလေးစားစရာပါ။

အိမ်ပြန်ရောက်လို့ ဖွားဖွားနဲ့ မေမေ့ကို သူ နှုတ်ဆက်အပြီး မနက်ဖြန်မနက် စောစော ဘုရားသွားဖို့အတွက် သူမကို ပြောခဲ့သေးတယ်။ နှစ်ဆန်းတရက် ဘုရားဖူးချင်တဲ့ သူမရဲ့ ဆန္ဒကိုသူ ကြိုများ သိနေလား မသိပါဘူး။
ခေါင်းလေးညိတ်ပြီး ပြန်ဖြေလိုက်တော့ ငယ် တာ့တာနော် ဆိုတဲ့ အပြုံးလေးနဲ့ နှုတ်ဆက်ပြီး ပြန်သွားခဲ့တယ်..။ ဒီစကားလုံးလေးနဲ့ အပြုံးလေးက သူမအတွက် တစ်သက်လုံး လွမ်းစရာဖြစ်နေတော့မှာ သူမ ကြိုမသိခဲ့ဘူး။

**** (၃) ****


နှစ်ဆန်းတစ်ရက်နေ့မှာ သူမနဲ့သူ ဘုရားကို မသွားဖြစ်ခဲ့သလို ဘယ်တော့မှလည်း ပြန်လည်ဆုံဆည်းခွင့် မရှိတော့တာ ယနေ့ထိတိုင်ပေါ့။ သင်္ကြန်ရက် ပြုခဲ့သမျှ ကုသိုလ်တွေ အားလုံးဟာ သူ့ဘ၀အတွက် နောက်ဆုံး ကုသိုလ်တွေများလား။ ဖြစ်ခဲ့သမျှ အရာတွေအားလုံးဟာ အိပ်မက်တွေသာ ဖြစ်လိုက်ပါတော့။ အမြဲတမ်း အေးဆေး တည်ငြိမ်ပြီး မြန်မာဆန်တဲ့ သူ့အတွက် ကံကြမ္မာက ရက်စက်လိုက်တာနော်။ ပါးပြင်ပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေနဲ့အတူ နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားပါလျှက် သူမရှိုက်သံလေးက တုန်ရီလို့ ထွက်ကျလာခဲ့တယ်။ “မနက်ဖြန် နှစ်ဆန်းတရက်နေ့ ဘုရားသွားရအောင်” ဆိုတဲ့ သူ့ရဲ့ စကားသံက သူမနားထဲမှာ ပဲ့တင်ထပ်လို့ နေပါပြီ။

နွေညတွေနဲ့ သင်္ကြန်ကာလ ရောက်ရင် သူမရဲ့ အတွေးတွေ အတိတ်က အရိပ်ဆီကို မြင်ယောင်နေမိဆဲ...။ ပါးပြင်ထက်က ပူနွေးနေတဲ့ မျက်ရည်စက်လေးပေါ်ကို ရုတ်တရက် အေးစက်စက် အထိအတွေ့ လေးကြောင့် သူမ အသိဝင်လာပြီး ပြုတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်မိတယ်။ အော်.... သင်္ကြန်မိုး ဖွဲဖွဲလေးတွေက မျက်နှာပေါ်ကို ခုန်ပေါက် ရောက်လာကြတာကိုး...။ အိမ်ရှေ့က ပိတောက်ပင်ကြီး မှာလည်း ပိတောက်ဖူးတွေက သင်္ကြန်မိုး ဖွဲဖွဲလေးတွေကြောင့် ပွင့်စပြုနေပြီ။ ပိတောက်ပွင့်သစ်တွေ ဘယ်လောက်ပဲ မွေးပျံ့လှပနေပါစေ ယွန်းဘူးလေးထဲက ရနံ့မပြယ်သေးသော ပိတောက်ခြောက်လေးကိုသာ မြတ်နိုးစွာ သိမ်းဆည်းရင်း..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဒီဝထ္ထုတိုလေးက (၁၉၉၂) ခုနှစ် သင်္ကြန်အတက်နေ့မှာ ယာဉ်တိုက်မှုကြောင့် ကြွေလွှင့်ခဲ့ရတဲ့ လူငယ်တစ်ဦးရဲ့ အဖြစ်အပျက်လေးကို ခံစားတင်ပြထားခြင်း ဖြစ်ပါတယ်....။

နှစ်သစ်အတာသင်္ကြန်မှာ ဘေးဘရာတွေ ကင်းစင်ကွာလို့ အေးချမ်းကြပါစေ........။

Monday, March 29, 2010

Myanmar Only

ဒီနေ့ ရုံးရောက်ရောက်ချင်း Project တခုအတွက် ၀န်ထမ်းအသစ်တွေ ခေါ်မယ်ဆိုတဲ့ သတင်းကြားရတယ်။ ဘာ post တွေများ ခေါ်မှာလဲလို့ အလုပ်ကြော်ငြာကို အပြေးအလွား ကြည့်လိုက်မိတယ်။ လိုချင်တာက Project Leader နဲ့ T&C Manager ။ လုပ်ငန်းအတွေ့အကြုံက Testing and Commission နဲ့ Building and Construction အပိုင်းကို အနည်းဆုံး (၆) နှစ်နဲ့အထက် ရှိရမယ်။ သတ်မှတ်ထားတဲ့ ပညာအရည်အချင်းက Masters Degree/ University/ Diploma or Professional Experience ဖြစ်ရမယ်။ လစာက အနည်းဆုံး (S$5000-6500) ကြားပေးမှာတဲ့။

ဖတ်ရင်းနဲ့ ကိုယ့်မိတ်ဆွေတွေကို သတိရသွားမိတယ်။ ကိုယ့်ရဲ့ အသိတွေထဲက အလုပ်ရှာနေတဲ့ သူတွေလည်းရှိတော့ ရစေချင်လွန်းလို့ ဖုန်းလေးကိုတောင် အဆင်သင့် ပြင်ထားလိုက်တယ်။ ရာထူးနဲ့ ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံအရ ကိုယ့်လူမျိုးတွေထဲမှာ တကယ်အရည်အချင်း ရှိတဲ့သူတွေ အများကြီး။ ဒါပေမယ့် ကြော်ငြာကို ဆက်ဖတ်ရင်း အောက်ဆုံးနားကတစ်ချက်တည်းနဲ့တင် ပြောချင်တဲ့ ကိုယ့်ပါးစပ် ပိတ်သွားတယ်။ အဲဒီတစ်ချက်က Singaporean ဖြစ်ရမယ်တဲ့လေ.....။ အော်.. Singaporean မှ ခန့်မှာကိုး..။

နေ့လည်း (၂) နာရီထိုးမှာ Resume အစောင် (၂၀) ကျော်လောက် လက်ခံရတယ်။ ကိုယ်က လာသမျှ Resume လက်ခံပြီး ကုမ္ပဏီသူဌေးဆီ ပို့ပေးနေရတယ်။ သူဌေးက စကော့တလန် နိုင်ငံသား၊ ပညာတတ်။ သူ့လုပ်ငန်းသစ်အတွက် တကယ်အရည်အချင်းရှိတဲ့ ပညာတတ်တွေကိုသာ လိုချင်ပုံပေါ်တယ်။ ကိုယ်ကလည်း ဝန်ထမ်းသစ် တိုးတော့မယ်ဆိုတော့ စိတ်ဝင်တစားနဲ့ သူတို့ Resume တွေကို စပ်စုကြည့်နေမိတယ်။ ပြောလို့ပြောတာ မဟုတ်ဘူး တကယ်နော်... အဲဒီ စလုံးအယောက် (၂၀) ထဲမှာ တယောက်မှ Graduate မပါဘူး။ လာသမျှ Resume တွေအားလုံးက Diploma ပဲ ရှိကြတယ်။ ဒါပေမယ့် ရွေးချယ်စရာလည်း မရှိတော့ ဒီထဲကပဲ ရွေးမှာပဲ... ဒါတော့ အသေအချာပဲ။ ရစေချင်လိုက်တာနော်.....ကိုယ့်လူမျိုးတွေ...။ သူဌေးလည်း လျှောက်လွှာတွေကို ကြည့်ပြီး စိတ်တော့ လေသွားပုံရတယ်။ နောက်တထစ် လျှော့လိုက်တယ်... University/ Diploma ရှိရင် ရပြီတဲ့လေ..။

နောက်ဆုံး လိုတဲ့အရည်အချင်းမရတော့ ရှိသလောက် အရည်အချင်းကိုသာ ယူရတော့မှာပေါ့။ သူက စလုံးမှ လိုချင်တာကိုး...။ ထင်ပါတယ် ... အင်တာဗျူး ရောက်ရင်လည်း ဘာတွေများ ထပ်ပြီး လျှော့ရအုံးမလဲ မသိ..။ ဒါပေမယ့် လုပ်ငန်းအတွေ့အကြုံကတော့ တကယ်ရှိမှ ဖြစ်မှာဆိုတော့ မလျှော့လောက်တော့ဘူးလို့ ထင်တာပဲ...။ စိတ်ထဲကတော့ ကြိတ်ပြီး လိုတာမရတော့လည်း ရတာယူပေါ့ ဘော့(စ်)ရယ်လို့ ပြောနေမိတယ်..။

ကိုယ့်တိုင်းပြည်မှာ ဘွဲ့ရ ပညာတတ်တွေ၊ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်တဲ့သူတွေ အများကြီး။ တကယ်တော်တဲ့ အင်ဂျင်နီယာတွေ တကယ်ကို အများကြီး။ အဲဒီလူတွေထဲက စလုံးမှာ SPass လစာ (S$1800) နဲ့ လုပ်နေရတဲ့သူတွေ တပုံကြီး။ လစာနည်းသလို အလုပ်ရှာရတာလည်း ခက်လိုက်တာ။ စည်းတွေ ဘောင်တွေကလည်း များမှများ။ တချို့လည်း လစာကောင်းကြပါတယ်။ ခပ်ရှားရှားပေါ့။ အခုတော့ သူတို့နိုင်ငံမှာ ဘွဲ့ရလည်း မဟုတ်၊ လုပ်ငန်းအတွေ့အကြုံလည်း ပြောပလောက်အောင် မရှိ။ Diploma တစ်ခုလောက်နဲ့ အင်ဂျင်နီယာဆိုတဲ့ ရာထူးယူထားသူက တစ်လကို လစာ (S$5000) ရအုံးမယ်။ တွေးပြီး ရင်နာလိုက်တာ..။

ဒီနေ့ တနေ့လုံး ရုံးမှာ အလုပ်လုပ်ရတာ စိတ်ကို မကြည်တော့တာ။ သူဌေးကိုပဲ စိတ်တိုသလိုလို... စလုံးတွေကိုပဲ မနာလို ဖြစ်နေသလိုလို... နောက်ဆုံးတော့ အသုံးမကျတဲ့ ခေတ်စနစ်ကြီးကိုပဲ ဒေါသတွေ ပုံချရင်း စာပွဲပေါ်က အလုပ်ကြော်ငြာစာရွက် တစ်ရွက်ကို ခပ်ဆတ်ဆတ် ဆွဲယူလိုက်တယ်။ ပြီးတော့ Singaporean Only ဆိုတာကို ဘောပင်နဲ့ ခြစ်ပြီး Myanmar Only လို့ ပြင်ရေးလိုက်တယ်။ ပြီးတော့ စာရွက်ကို မကျေမနပ် လုံးခြေရင်း....။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, March 22, 2010

အသိတရား (သို့) လူ့တန်ဘိုး

ဒီနေ့ညနေလည်း ထနောင်းတစ်ယောက် အိမ်ပြန် နောက်ကျပြန်ပြီ။ အလုပ်ကအပြန် မိုးကလည်းရွာ၊ ဘတ်(စ)ကားကလည်း ဘယ်လိုမှ တက်လို့မရဘူး။ ကားတွေကလည်းကြပ် လူတွေကလည်းများနဲ့ နောက်ဆုံးတော့ လာတဲ့ကားကို တွယ်တက်ပြီးတော့ လိုက်ခဲ့ရတယ်။ တနေ့တနေ့ အလုပ်သွားရတဲ့ နေရာနဲ့ ထနောင်းအိမ်က အဝေးကြီး။ ဘတ်(စ)ကား မှတ်တိုင်က လမ်းခုလပ်ဆိုတော့ ထနောင်းတို့ မှတ်တိုင်ရောက်ရင် ကားတွေက ကြပ်ပြီး တက်မရတော့ဘူး။ မတတ်နိုင်ဘူးလေ ထနောင်းရဲ့ အိမ်ပြန်ချိန်က ဘတ်(စ)ကား အခြေအနေပေါ် မူတည်နေရတာကိုး။ ထနောင်း အိမ်ပြန်နောက်ကျရင် စိတ်ပူနေရသူက မေမေပါ။

ထနောင်း အလုပ်က စတိုးဆိုင် တခုက စာရင်းကိုင်ပါ။ ဒီနေ့မနက်တော့ စောစောထ ထမင်းဘူးထည့်၊ ပြီးတော့ အလုပ်က ဆိုင်ရှင် လာစစ်မယ်ဆိုတာနဲ့ အရင်နေ့ကထက် နဲနဲသပ်သပ်ရပ်ရပ်လေး ပြင်ဆင်ပြီး စောစောထွက်လာခဲ့တယ်။ ဒီကြားထဲ မိုးကရုတ်တရက် ရွာချလိုက်တယ်။ အိတ်ထဲက ထီးကို ကမန်းကတန်း ထုပ်ရင်း ဖွင့်စောင်းလိုက်ပြီး ကားမှတ်တိုင်ကို ခတ်သွက်သွက်လေး လျှောက်ခဲ့တယ်။ မိုးကလည်း တိတ်ဖို့မဆိုနဲ့ ပိုလို့တောင် သည်းလာလိုက်သေး၊

အဲဒီအချိန်မှာပဲ ဆလွန်းကားတစ်စီး လမ်းပေါ်တင်နေတဲ့ ရေအိုင်ကို အရှိန်နဲ့ ဖြတ်မောင်းလိုက်တာကြောင့် ရွှံ့ရေတွေဟာ (((ဗွမ်း ))) ခနဲ ထနောင်း တကိုယ်လုံးကို စင်ပါရော။ လန့်ဖြန့်ပြီး ကြည့်လိုက်မိတော့ ရှေ့နားက စတိုးဆိုင်ရှေ့မှာ ကားက ထိုးရပ်လိုက်တယ် ..... ထနောင်း ဒေါသနဲ့ ရှက်စိတ်တွေက ထူပူပြီး တက်လာတယ်။ မျက်လုံးထဲမှာလည်း ဘာမှ မမြင်တော့ဘူး။ အဲဒီကားအနား အရောက် ကားတံခါးပွင့်လာပြီး အသက် (၅၀) ကျော်အရွယ် အန်တီကြီး တယောက် ဆင်းလာတာ တွေ့လိုက်တယ်။ ၀တ်ထားတာလည်း ခေတ်နဲ့အညီ ဆိုတာထက်ကို ပိုပြီးခေတ်ဆန်နေတယ်။ ထနောင်းကို တချက်ကြည့်ပြီး မျက်နှာလွှဲသွားတယ်။ ထနောင်းရဲ့ ဒေါသ အထွဋ်အထိပ် ရောက်သွားတယ်။

"အန်တီ "
"အော် ...... ဘာလဲ"
ထူးလိုက်တဲ့ လေသံနဲ့ မျက်နှာထားက တလောကလုံး သူကျွေးထားရတဲ့ မျက်နှာထား။ ထနောင်းလည်း သည်းမခံနိုင်တော့ဘူး။
"အန်တီ လုပ်တာ ကျမကို ဗွက်တွေအားလုံး စိုကုန်ပြီ ... "
"အော် ... ဒို့က ကားမောင်းလာတာလေ၊ အောက်က ဗွက်အိုင်ကို မမြင်ဘူး ... မင်းမြင်ရင် မင်းနောက်ဆုပ် ရှောင်လိုက်ပါလား ..."
"ဟင် ...... အန်တီ့ စကားက တာဝန်မဲ့လှချည်လား ... "
"ဒီမှာ .... ဒို့က တမင်လုပ်တာ မဟုတ်ဘူး ... ဘာလဲ ... မင်းစိုသွားတဲ့ အ၀တ်အစားတွေ အတွက် ပြန်လျှော်ပေးရမလား ..
"အန်တီ ..... အဲလို မပြောပါနဲ့။ အခု ကျမက အလုပ်သွားရမှာ၊ အန်တီကြောင့် ကျမအ၀တ်အစားတွေ ညစ်ပတ်ကုန်တာကို ပြောပြတာ "
"အိုကေလေ ... ဒါဆိုလည်း .... ရော့ ..... ဒီမှာ .... ဘယ်လောက်မှန်းတော့ မသိဘူး .. မင်းဟာမင်း ရည်ကြည့်လိုက်တော့ ... မင်းကိုယ်ပေါ်က အ၀တ်အစားထက် ပိုကောင်းတဲ့ နှစ်စုံလောက် ရနိုင်ပါတယ် ... "

ထနောင်း အံ့သြမှင်သက်မိပြီး ဘာမှကို ပြန်ပြောချိန် မရလိုက်တဲ့ အချိန်မှာ သူက ကားပေါ်ကို ပြန်တက်သွားပြီး စောင့်ပြီး မောင်းထွက်သွားပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ၁၀၀၀ တန်အုပ်ကို သားရေးကွင်းနဲ့ စည်းထားတဲ့ အစည်းတစည်း။ ထနောင်းရဲ့ မီးတောက်နေတဲ့ မျက်ဝန်းတွေက သူ့ကားနောက်ကိုသာ မြင်ခွင့်ရလိုက်တယ်။ မောင်းလာတဲ့ကား၊ ၀တ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ရုပ်ရည်နဲ့ ပြောခဲ့တဲ့ စကားတွေက ဘယ်လိုမှ မလိုက်ဘက်။ ရှက်စိတ်နဲ့ရော မခံချင်တဲ့စိတ်နဲ့ပါ ကျလာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှာ မိုးရေတွေနဲ့ အပြိုင်ပေါ့ ...

လူတွေရဲ့ စိတ်ဓါတ်၊ အဆောင်အယောင်တွေ ဆင်မြန်းပြီး ဒီလို စိတ်ဓါတ်တွေကို ငွေနဲ့ ဖုံးကွယ်နေကြတယ်။ လူဆိုတာ စဉ်းစားဥာဏ် ရှိတယ်ဆိုပေမယ့် အသိတရား မရှိတဲ့ လူတွေလည်း လောကမှာ ဒုနဲ့ဒေးပါလား။ ငွေကြေးဥစ္စာ ပြည့်စုံပေမယ့် အသိတရား မရှိတဲ့သူ၊ အသိခေါက်ခက် အ၀င်နက်ပြီး တန်ဘိုးမရှိတဲ့ လူတွေအများသားလေ။ လူတွေရဲ့ တန်ဘိုးဟာ ဘာလဲ? စိတ်ဓါတ်လား? ငွေကြေး အဆောင် အယောင်တွေလား? အသိတရားလား? အသက်အရွယ် ကြီးရင့်မှုနဲ့ရော ဆိုင်ပါ့မလား? ဟန်ဆောင် အပြုံးတုတွေနဲ့ လူတွေကို လူရယ်လို့ မထင်နိုင်အောင် သတိနဲ့ အသိ ကင်းမဲ့ နေလိုက်ကြတာ။ ထနောင်းကတော့ ဒီလိုဘ၀တွေထက် လက်တွေ့ ထနောင်းရဲ့ ဘ၀ပဲကို ဂုဏ်ယူတယ်။ ကိုယ့်ကို ကိုယ် တန်ဘိုးရှိအောင် နေထိုင်ရင်း လောကကြီးကို အသိတရားနဲ့ မြင်နိုင်ကြပါစေလို့ ဆုတောင်းနေမိတယ်။

ဒီပိုစ့်လေးက ဒဏ္ဍာရီ ရေးခဲ့ဘူးတဲ့ "တန်ဘိုး" ဆိုတဲ့ ပိုစ့် အဟောင်းလေးပါ။ အခု ပြန်တင်လိုက်တဲ့ ရည်ရွယ်ချက်ကတော့ အမငယ်နိုင် နဲ့ ညီမလေးအင်ကြင်း တို့က တဂ့်ထားတဲ့ "အသိတရား" ဆိုတဲ့ တဂ့်ပိုစ့်လေးကြောင့်ပါ။ တကယ့်လက်တွေ့ဘ၀မှာ ဖြစ်ခဲ့ဘူးတဲ့ အသိတရားမရှိတဲ့သူ တစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးနဲ့ ထူးခြားစွာ တိုက်ဆိုင်နေလို့ ပြန်လည်မွန်းမံပြီး တင်ပြလိုက်ရတာပါ။ အမငယ်နိုင် နဲ့ ညီမလေးအင်ကြင်း တို့ကိုလည်း အခုလို မျှဝေခွင့်ရလို့ ကျေးဇူးအထူး တင်ပါတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Tuesday, March 16, 2010

ဘာတွေးရမယ်...မသိ

ဘာတွေးရမယ် မသိ.... တွေးတောနေမိတယ်။ လူတွေရဲ့ စိတ်ဆိုတာလည်း ဆန်းကြယ်သားပဲလေ။ တွေးတောခြင်းဆိုတာ တကယ်တမ်းတော့ လူ့ခန္တာထဲမှာ စဉ်ဆက်မပြတ် လည်ပတ်နေစမြဲပါ။ ကိုယ်တိုင်က တွေးနေမှန်းမသိပဲကို တွေးတောနေတတ်ကြတာ။ အတွေးတွေကတော့ ကောင်းသော တွေးခြင်းနဲ့ အတ္တဆန်ဆန် တွေးတောခြင်းတွေပဲပေါ့။

ချမ်းသာတဲ့ သူတွေမှာလည်း ဒီထက်မက ချမ်းသာချင်တဲ့ အတွေးတွေရှိမယ်။ လက်ရှိ စီးပွားရေးထက် ဘာတွေထပ်ချဲ့ရင် ကောင်းမလဲ? ဘယ်လို တိုးတက်အောင် လုပ်ရင် ကောင်းမလဲ? ဆိုသလို တွေးနေကြမှာပဲ။ ဒီလိုပဲ ဆင်းရဲတဲ့ သူတွေမှာလည်း ချမ်းသာချင်တဲ့ အတွေးတွေရှိမှာပဲ။ ဒီဆင်းရဲတွင်းထဲက ဘယ်လိုရုန်းထွက်ရပါ့မလဲ? ဘယ်လို ချမ်းသာအောင်လုပ်ရမလဲ? ဆိုသလို တွေးနေကြမှာပဲလေ။

အတွေးတွေထဲကမှ အတ္တကင်းတဲ့ အတွေးလေးကတော့.... အော်ဒီနေ့တော့ ငါတို့ မိဘမဲ့ ကလေးကျောင်းကို ငွေဘယ်လောက် လှူလိုက်မယ်လေ။ ဘိုးဘွား ရိပ်သာကိုဖြင့် ဘယ်လောက် လှူလိုက်ရင် ကောင်းမယ်ဆိုတဲ့ အတွေးမျိုးပေါ့။ ဘုန်းကြီးကျောင်းကိုတော့ မိသားစုတွေစုပြီး အလှူလိုက်ရင် ကောင်းမယ်။ ငါလုပ်လိုက်တဲ့ ကုသိုလ်တွေ အားလုံးကိုလည်း မျှဝေပေးလိုက်မယ် ဆိုပြီး တွေးကြည့်တာပေါ့။

အတ္တတွေနဲ့ တွေးတဲ့သူတွေ ကြပြန်တော့..... ငါ ဒီစီးပွားရေးကို လုပ်လိုက်ရင်တော့ ဘယ်လောက် အကျိုးအမြတ် ရနိုင်တယ်။ သူ့ကိုတော့ ငါ ဘယ်လောက်ပဲ ပြန်ပေးမယ်ဆိုပြီး သူများကို လက်ဝါးကြီးအုပ်၊ ခေါင်းပုံဖြတ်တဲ့ အတွေး။ ငါဒီနေရာမှာ ဒီလိုရာထူးရှိမှ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့မိတ်ဆွေတွေ စီးပွားဖြစ်မယ်။ ဒီတော့လည်း ဘယ်သူတွေ ဘာပြောပြော၊ ဘယ်သူတွေ ဘယ်လိုနေနေ ငါကတော့ မဖယ်ပေးတော့ဘူး။ မျက်စိစုံမှတ်လို့ အတ္တကြီးကြီးနဲ့ပဲ ဆက်နေလိုက်တော့မယ် ဆိုသလို အတွေးမျိုးလေ။

ဒါကြောင့် တခါတလေ လူတွေဟာ ဘာကိုတွေးမှန်းမသိကို .. တွေးနေကြတာပေါ့။ တချို့က တရက်အတွက် တွေးမယ်၊ အချို့ကတော့ တနှစ်စာအတွက် တွေးမယ်၊ အချို့လည်း တဘ၀လုံးစာအတွက် တွေးနေကြတာပဲလေ။

ငါ မနက်ဖြန် ဘာလေးဝတ်သွားရင် ကောင်းမလဲ? ဘာစားရင်ကောင်းမလဲ? ..... ဆိုတဲ့ တရက်စာ အတွေးမျိုး။

ငါ နောက်နှစ်မှာ ဒီစာမေးပွဲ အောင်ရမယ်၊ ဒါမှမဟုတ် ငါရာထူးတက်ရမယ်... ဆိုတဲ့ တနှစ်စာ အတွေးမျိုး။

ငါ သူ့ကို အိမ်ထောက်ဖက် အဖြစ် ရွေးချယ်သင့်ရဲ့လား? သူဟာ ငါ့ဘ၀တခုလုံးကို ပြည့်စုံအောင် ထားပေးနိုင်တဲ့သူရော ဟုတ်ရဲ့လား? သူနဲ့ လက်ထပ်လိုက်ရင် ငါ့ဘ၀တခုလုံး အေးချမ်းသွားနိုင် ပ့ါမလား?... ဆိုတဲ့ တဘ၀စာ အတွေးမျိုးတွေပေါ့။

ဒီလိုပဲ လူတွေဟာ အတွေးတွေနဲ့ ဘ၀လမ်းကို လျှောက်လှမ်းရင်း တွေးမှန်းမသိ တွေးနေကြသူများပေါ့။ ကျမလည်း ဒီလိုပဲ အခု ဘာကိုတွေးရမှန်းမသိလို့ အတွေးဆိုတာကို တွေးတောရင်း ပိုစ့်လေး အဖြစ်ချရေးလိုက်တာပါ။

ဒီပိုစ့်လေးကိုတော့ ညီမလေးချော (အစိမ်းရောင်လွင်ပြင်) Tag လိုက်တဲ့ "ရင်ထဲကအတွေးစများ" အဖြစ် ကျမရဲ့ ရင်ထဲက အတွေးလေးကို ချရေးလိုက်တာလေ။ လူသားအားလုံး လှပတဲ့ အနာဂတ်လေးတွေ အတွက် မှန်ကန်တဲ့ အတွေးများကို တွေးတောနိုင်ကြပါစေ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, March 8, 2010

သက်ဆုံးတိုင်သည့် သစ္စာရှင် (သို့) Hachiko

Drama ဇတ်လမ်း အေးအေးလေးတွေ နှစ်သက်တဲ့ သူတွေအတွက် ရုံးပိတ်ရက်လေးမှာ ကြည့်ခဲ့တဲ့ Hachiko: A Dog's Story ဆိုတဲ့ ရုပ်ရှင်ကားလေးကို မျှဝေလိုက်ပါတယ်။ Richard Gere သရုပ်ဆောင်တဲ့ ရုပ်ရှင်ကား တော်တော်များများကို မလွတ်တမ်း ကြည့်ဖြစ်တဲ့ ကျမကတော့ Pretty Woman (1990) မှာကတည်း သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို ကြိုက်ခဲ့တာပါ။ အခု ဒီဇတ်လမ်းလေးကလည်း Drama ရိုးရိုးလေးနဲ့ စကားပြောခန်း သိပ်မပါပဲ သရုပ်ဆောင်ချက်လေးတွေ ပတ်ဝန်းကျင် အနေအထားလေးတွေကို ရိုက်ပြပြီး လိုချင်တာကို ပုံဖေါ်သွားတဲ့ ရုပ်ရှင်လေးပေါ့။

ချမ်းအေးလွန်းတဲ့ ဆောင်းညလေးမှာ ဘူတာရုံလေးနားကနေ ကောက်ရခဲ့တဲ့ ခွေးလေးတကောင်ကို သံယောစဉ်တွယ်ခဲ့သူ။ သားသမီး တယောက်လို ကျွေးမွေးခဲ့ပြီး ကြင်နာခဲ့တဲ့ သခင် အဖြစ်နဲ့ အနုပညာ ကောလိပ်က Professor အဖြစ် Richard Gere က သရုပ်ဆောင်ထားပါတယ်။ သခင်ဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိဘဲ ခွေးပေါက်စလေး ဘ၀နဲ့ ရောက်ခဲ့ပြီး ကျွေးမွေးခဲ့တဲ့ သခင်ကို သွားလေရာ တကောက်ကောက်နဲ့ ရုံးပို့ ရုံးကြို တာဝန်ကျေတဲ့ ခွေးလေးအဖြစ် Hachiko တို့က သရုပ်ဆောင်ထားတာပါ။ Richard Gere ရဲ့ သရုပ်ဆောင်ချက်ကလည်း တကယ့်ကို မေတ္တာပြည့်ဝတဲ့ သခင်တယောက်ရဲ့ သရုပ်ကို ပီပြင်စေတယ်။ နှစ်ကာလတွေ ပြောင်းလဲသွားတာကို ဘူတာရုံလေးရှေ့က သစ်ပင်လေးနဲ့ ရိုက်ပြသွားတဲ့ ရိုက်ကွက်လေးက တကယ့်ကို အသက်ဝင်လှတယ်။ ခွေးလေးကိုလည်း အသက်ကြီးလာပြီး လမ်းလျှောက်တာကအစ ဖြေးဖြေးလေးနဲ့ ရိုက်ပြထားတာလေးကလည်း သဘာဝကျတယ်။

တရက်မှာတော့ အမှတ်မထင် စာသင်ရင်း နှလုံးရောဂါနဲ့ စာသင်ခန်းထဲမှာ ရုတ်တရက် ဆုံးပါးသွားပြီး ပြန်မလာနိုင်တော့တဲ့ သခင်ကို ဘူတာရုံလေးမှာ အချိန်မှန် စောင့်ကြိုနေခဲ့တဲ့ ခွေးလေးရဲ့ အဖြစ်။ သခင် အလုပ်သွားကို လိုက်ပို့လိုက်ပေမယ့် မှတ်မိနေတာကတော့ သူ့သခင် ပြန်မလာသေးဘူး ဆိုတာကိုပါပဲ။ သခင်ပြန်အလာကို (၉)နှစ်တိုင် စောင့်မျှော်ရင်း အဲဒီဘူတာရုံလေးရှေ့က သူစောင့်နေကြ အုတ်ခုံလေးမှာပဲ နှင်းတွေနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့နောင်ဘ၀မှာတော့ သူချစ်တဲ့ သခင်နဲ့ ပြန်ဆုံတွေ့ခွင့်ရသွား သလို ပြကွက်လေးက ပရိပ်သတ်ကို နှစ်သိမ့်ပေးလိုက်သလိုပါပဲလေ..။ ရုပ်ရှင်ပြီးသွားတဲ့အထိ ရင်ထဲမှာ နင့်ပြီး ကျန်ရစ်ခဲ့ပါတယ်။


ချစ်ခြင်း မေတ္တာတရားကို သခင်အပေါ်မှာ သက်ဆုံးတိုင်အထိ သစ္စာရှိသွားတဲ့ ဂျပန်နိုင်ငံက ခွေးလေး Hachiko ရဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းလေးကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ လူတစ်ယောက်နဲ့ ခွေးလေးတကောင်ရဲ့ သံယောစဉ် မေတ္တာကို ဖေါ်ကျူးထားတဲ့ ဇတ်လမ်းလေးပေါ့။ သူ့ရဲ့ သခင်ကတော့ Tokyo University က Professor Dr. Eisaburo Ueno ဖြစ်ပြီး May 1925 မှာ ဆုံးပါးသွားခဲ့ပါတယ်။ Hachiko ကို 1923 မှာမွေးပြီး 1934 မှာ သေဆုံးခဲ့ပါတယ်။ Hachiko ရဲ့ သစ္စာတရားကို အလေးထားတဲ့ အနေနဲ့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံ Shibuya Station ရှေ့မှာ Hachiko လေးရဲ သခင်ကို စောင့်မျှော်နေတဲ့ ရုပ်ထုလေးကို ထုလုပ်ထားတာ တွေ့ရဆဲပေါ့။ ဒီရုပ်ရှင်လေးကို မကြည့်ရသေးသူများ စိတ်ဝင်စားလို့ ကြည့်ချင်ရင်တော့ ပုံလေးကို နှိပ်ပြီး download link လေး ယူနိုင်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Monday, March 1, 2010

ပန်းတိုင်းပွင့်စေ

အဖြူရောင် ရင်ဖုံးလေးနဲ့ ကျောင်းစိမ်း လုံချည်လေးကိုဝတ်၊ ဆံထုံးလေး ထုံးရင်းက ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီး စိတ်ထဲမှာ ငယ်ငယ်က ကျောင်းသူဘ၀ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ မေမေ အသင့်ပြင်ပေးထားတဲ့ ဆွဲခြင်းလေးကို ဆွဲလိုက်တော့မှ "အော်.... ငါ ဆရာမ ဖြစ်သွားပြီ" ဆိုတဲ့ အသိက ခေါင်းထဲဝင်လာတယ်။ နွယ်ကျောင်းပြီးခါစ ဆရာမ ဘ၀နဲ့ တာဝန်ကျတဲ့ ကျောင်းလေးကို ပထမဆုံး သွားရမယ့် နေ့လေးပေါ့။ မေမေနဲ့ ဖေဖေကို နှုတ်ဆက်ပြီး နွယ် ကျောင်းလေးဆီ ဦးတည်လိုက်မိတယ်။

" အခြေခံပညာ မူလတန်းကျောင်း အမှတ် (၄၀)"

ကျောင်းအ၀င်မှာ ရေးထားတဲ့ မူလတန်း ကျောင်းလေးရဲ့ ဆိုင်းဘုတ်လေးကို ကြည့်ပြီး ကျောင်းထဲကို ၀င်လာလိုက်မိတယ်။ ကျောင်းဝင်းလေးက သိပ်မကျယ်သလို တထပ်ဆောင် အဆောက်အဦးလေးပါ။ ကျောင်းရဲ့ ညာဘက်ထောင့်စွန်းမှာ အလံတိုင်လေးနဲ့ ပန်းခြံသေးသေးလေး တခု။ ကျောင်းဝက တာဝန်ကျ ဆရာမ တစ်ယောက် ညွှန်ပြလိုက်တဲ့အတိုင်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းကို တန်းသွားပြီး ဆရာကြီးကို နွယ်နှုတ်ဆက်လိုက်ပါတယ်။ ပြီးမှ ဆရာမ တယောက်က ဦးဆောင်လို့ နွယ်စာသင်ရမယ့် အခန်းကို လိုက်ပို့ပေးတယ်လေ..။

စတုတ္ထတန်း (ခ)

စာသင်ခန်းအပေါ်က အခန်းနံပါတ် လေးကို ကြည့်ရင်း နွယ်ပြုံးလိုက်မိတယ်။

ကလင် ကလင် ကလင် ........

"မင်္ဂလာပါ တပည့်တို့"

"မင်္ဂလာပါ ဆရာမ"

ကျောင်းတက် ခေါင်းလောင်းသံနဲ့အတူ ကလေးတွေကို နွယ်နှုတ်ဆက်လိုက်တော့ နွယ့်နားထဲကို သံပြိုင်ဝင်လာတဲ့ ကလေးတွေရဲ့ နှုတ်ဆက်သံလေးက နွယ့်အတွက် ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ ရင်ထဲမှာလည်း တလှိုက်လှိုက် ဖြစ်လာတဲ့ ၀မ်းသာကြည်နှုးခြင်းတွေက ဘာနဲ့မှ နှိုင်းပြလို့ မရလောက်အောင်ပါပဲ။ စာသင်ကျောင်းလေးက ရပ်ကွက် ကျောင်းလေးဆိုတော့ ဘာမှ ခန်းနားထည်ဝါမှု၊ ကြွားဝါမှုတွေ မရှိပဲ ရိုးစင်းတဲ့ ဘ၀တွေရဲ့ အနာဂတ်လေးတွေပေါ့။ အပြုံးလေးနဲ့ နွယ့်အတန်းသားတွေကို နှုတ်ဆက်လိုက်တဲ့ အခါမှာလည်း သူတို့လေးတွေဆီက ပြန်ရတဲ့ အပြုံးတွေက ဟန်ဆောင်မှု မပါတဲ့ အပြုံးလေးတွေပဲလေ...။ နွယ်ဖြစ်ချင်တဲ့ ဖြူစင်တဲ့ ဘ၀တွေကို ပျိုးထောင်ဖို့ နွယ်အခွင့်အလမ်းရသလို မေမေ့ ဆန္ဒလည်း ပြည့်ခဲ့ပြီလေ..။

ဒီကျောင်းလေးကို နွယ်ရောက်ပြီး (၂) လလောက် အကြာမှာပဲ စာသင်းခန်းထဲက ကျောင်းသားလေး တစ်ယောက်ကို သတိထားလိုက်မိတယ်။ သူများကလေးတွေလို အရီအပြုံးမရှိ၊ ဆော့ကစားခြင်းလည်း မရှိ။ မုန့်စားဆင်းတဲ့ အချိန်ဆိုလည်း အကြော်လေး စားပြီး အခန်းထဲမှာပဲ စာကျက်နေတာ တွေ့ရတယ်။ နွယ် သတိထားမိတဲ့ အချိန်ကစလို့ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းလေးကို ယူကြည့်လိုက်မိတယ်။ ဖခင်အလုပ်အကိုင် နေရာမှာ... ဆိုက်ကားနင်း၊ မိခင်အလုပ်အကိုင် နေရာမှာ.... ဈေးသည် တဲ့။

တစ်ရက်တော့ နွယ် သူ့နဲ့ စကားပြောပြီး မေးကြည့်မိတယ်။ သူတို့မှာ မောင်နှမ (၆) ယောက်ရှိတယ်။ အမေက အကြော်ရောင်းတယ်တဲ့။ မနက် (၅) နာရီထပြီး ရပ်ကွက်ထဲမှာ အကြော်လည်ရောင်းပြီးမှ ကျောင်းလာတက်ရတယ်။ သူ့ကိုလည်း ရပ်ကွက်ထဲက ဦးလေးကြီး တစ်ယောက်က ကျောင်းထား ပေးတာတဲ့လေ။ လက်ကလေး ပိုက်ပြီး ဖြေနေရှာတဲ့ ကလေးကို နွယ် မေးပြီးမှ စိတ်မကောင်း ဖြစ်သွားတယ်။ ဒီအကြောင်းလေးတွေ သိပြီးတဲ့နောက် ကျောင်းမှာ သူ့အတွက် လိုအပ်လို့ ၀ယ်ရမယ့် ဗလာစာအုပ်၊ သင်ရိုးဖတ်စာအုပ် စတာတွေကိုလည်း နွယ်တတ်နိုင်သမျှ ထောက်ပံ့ပေးခဲ့ပါတယ်။ ညနေ ကျောင်းဆင်းတိုင်း နွယ့်ဆွဲခြင်းလေးကို ဆွဲပေးပြီး လိုက်ပို့ပေးရှာတယ်။ စာတော်သလို အိမ်မှုကိစ္စတွေကိုလည်း မိဘကို ကူညီပြီး လုပ်ပေးနေရတဲ့ ကလေးတစ်ယောက်ရဲ့ ဘ၀ဟာ အရွယ်နဲ့ မမျှပါပဲ။

ဒီလိုနဲ့ နွယ်ရဲ့ ဆရာမ ဘ၀ကို ဒီကျောင်းလေးမှာ မြုတ်နှံထားတာ တနှစ်ပြည့်ခဲ့ပြီ။ နွေရာသီ ကျောင်းတွေ ပိတ်ပြီးလို့ အောင်စာရင်းတွေ ထွက်တဲ့အခါ မောင်လှဝင်းလည်း စတုထ္ထတန်းကို ချောမောစွာ အောင်မြင်ခဲ့ပါတယ်။ မူလတန်းကျောင်း ဆိုတော့ နောက်နှစ်မှာ နွယ်တို့ကျောင်းကနေ စတုထ္ထတန်းအောင်တဲ့ ကလေးတွေကို အလယ်တန်း (သို့) အထက်တန်းတက်ဖို့ ကျောင်းပြောင်းလက်မှတ် ထုပ်ပေးရတယ်။ ကျမအတန်းက မောင်လှဝင်း တစ်ယောက် ကျောင်းပြောင်းလက်မှတ် လာမယူတာ သတိထားလိုက်မိတယ်။

တစ်ရက်တော့ ကျောင်းသားမှတ်တမ်းထဲက သူ့ရဲ့ လိပ်စာအတိုင်း နွယ်လိုက်သွားခဲ့တယ်။ အိမ်လို့ ခေါ်ရယုံသက်သက် ရှိတဲ့ အိမ်ရှေ့လေးမှာ မောင်လှဝင်းကို နွယ်တွေ့ပါပြီ။ မထင်မှတ်တဲ့ အချိန်မှာ ဆရာမကို မြင်လိုက်လို့ လန့်သွားသလိုလို၊ သူ့အိမ်ရှေ့မှာ ရောက်နေတဲ့ ဆရာမကို မယုံသလိုလို ကြည့်နေတဲ့ မျက်ဝန်းလေးကို ကျမ အခုထိ မြင်ယောင်မိသေးပေါ့။ ပြေးလာပြီး နွယ့်လက်ထဲက ဆွဲခြင်းလေးကို လှမ်းယူလိုက်တယ်။

"ဆရာမ ကျတော့ဆီ လာတာလား"

မ၀ံ့မရဲလေး မေးလိုက်တဲ့ ကလေးကို နွယ်ခေါင်းညိတ်ပြ လိုက်တော့မှ ပြုံးသွားပြီး..... အမေရေ..... အမေ.... ကျတော်တို့ ကျောင်းက ဆရာမ လာတယ်...။ မောင်လှဝင်း အော်သံ အဆုံး ...... အော်..... ဆရာမ လာ... လာ .. ထိုင်ပါရှင်။ စကားသံနဲ့ အတူ အမျိုးသမီး တစ်ယောက် အိမ်ထဲကထွက်လာပြီး အနားမှာ ထောင်ထားတဲ့ ဖျာလေးကို ၀ါးကြမ်းလေးပေါ်မှာ ခင်းလိုက်တယ်။ နွယ်လည်း သူခင်းပေးတဲ့ ဖျာလေးပေါ် ထိုင်လိုက်ရင်းက သိချင်တာလေး မေးမလို့ စိတ်ကူးနေတုန်း... ဆရာမ... ဘာများ ကိစ္စရှိလို့လဲရှင်... ကျမသား ဘာဖြစ်လို့လဲ..။ စိတ်ပူပြီး မေးရှာတဲ့ သူ့မိခင်ကို မောင်လှဝင်းရဲ့ ကျောင်းပြောင်း လက်မှတ် လာမယူတဲ့ ကိစ္စ လာမေးတာလို့ ရှင်းပြလိုက်တော့မှ သဘောပေါက်သွားဟန် တူပါရဲ့။

အားနာဟန်နဲ့ နွယ့်ကို ရှင်းပြလိုက်တာ ကတော့... ဆရာမကိုလည်း အားနာပါတယ်။ အိမ်ရဲ့ စီးပွားရေးကြောင့် ကျောင်းဆက်ထားပေးမယ့်သူ ရှိတာတောင် ကျမ မထားတော့တာပါတဲ့။ မနက်ပိုင်း အကြော်ရောင်းပြီး နေ့လည်ကျတော့ ကျမက ဘူတာဈေးကနေ၀ယ်လာတဲ့ ဟင်းရွက်တွေကို သူ့ကို လည်ရောင်းခိုင်းရတယ်။ ကျန်တဲ့ ကလေးတွေလည်း ဒီလိုပဲတဲ့။ လေးတန်းအောင်ပြီဆိုတော့ သေစာ၊ ရှင်စာတော့ ဖတ်တတ်ပြီပေါ့ ဆရာမရယ်..။ တော်ပြီပေါ့တဲ့လေ...။ ဆရာမ အခုလို အိမ်အထိ လိုက်လာပြီး ဂရုတစိုက် ရှိလို့လည်း ၀မ်းသာပါတယ်..။ ကျမတို့မိသားစု ဘ၀ကလည်း ရှိသမျှလူ လက်လှုပ်မှ ပါးစပ်လှုပ်ရတာပါ...ဒီကြားတဲ့ ကျမ အမေရဲ့ ဆေးဖိုးဝါးခကလည်း ရှိသေးတယ် ဆရာမရယ်... တဲ့။ မျက်ရည်ဝဲပြီး ရှင်းပြရှာနေတဲ့ ကလေးအမေကို သနားသွားမိသလို ကိုယ်တိုင်ကလည်း ဘာဆက်ပြောရမှန်း မသိဖြစ်သွားရတယ်။ ဘေးမှာ ထိုင်နေတဲ့ မျှောလင့်ချက် ကင်းမဲ့တဲ့ မျက်ဝန်း အစုံလေးကလည်း နွယ့်ကို မော့ကြည့်လို့ပေါ့..။

နွယ် သူတို့နားလည်အောင် ရှင်းပြစရာ မလိုအောင် အဖြေက ပြည့်စုံနေပြီလေ..။ စိတ်မကောင်းခြင်းနဲ့ပဲ သားအမိ နှစ်ယောက်ကို နှုတ်ဆက်လို့ ပြန်လာခဲ့မိတယ်။ အိမ်အပြန် နွယ့်ခြေလှမ်းတွေကတော့ လေးတွဲစွာနဲ့ပေါ့။ ပညာတော်ရဲ့နဲ့ မပြည့်စုံတဲ့ ဘ၀ပေး ကုသိုလ်ကြောင့် ပညာဆက်ပြီး သင်ကြားခွင့် မရတဲ့ ကလေးတွေရဲ့ ဘ၀။ အနာဂတ်အတွက် တန်ဖိုးရှိတဲ့ ပန်းလေးတပွင့် အချိန်တန် ပွင့်မလာနိုင်ခဲ့ဘူး။

ပန်းကလေးများ ပွင့်တော့မည် ဖူးတန်ဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း... ဆိုတဲ့ ကဗျာလေးကို နွယ်သတိတရလေး ဖြစ်သွားမိတယ်။ ရွှေရည်လောင်းပေးမယ့် ကျောင်းလေး ရှိတာတောင်မှ ရောက်အောင် လှမ်းမလာနိုင်တော့တဲ့ ကလေးတွေရဲ့ ဘ၀ကို ဘယ်လို ကူညီမှန်း မသိအောင် ဖြစ်ခဲ့ရတယ်။ နွယ်တို့ ပတ်ဝန်းကျင်မှာ မမျှတတဲ့ လူနေမှု အဆင့်အတန်းတွေနဲ့ ကွာခြားလွန်းလှတဲ့ ဘ၀လေးတွေ မြောက်များစွာ....။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Sunday, February 21, 2010

အဝေးရောက်ဝေဒနာ

တစ်ညနေ ရုံးကအပြန် စာတိုက်ပုံးကို သွားစစ်လိုက်တော့ ကျမနာမည်နဲ့ စာတစ်စောင် မြန်မာပြည်က ရောက်နေလေရဲ့။ မေမေ့လက်ရေးနဲ့ စာလေးကို ကြည့်ပြီး အံ့သြ၀မ်းသာ စိတ်နဲ့အတူ ထူးဆန်းသလိုတော့ ဖြစ်သား။ မိသားစုနဲ့ ဖြစ်ဖြစ် မိဘတွေနဲ့ ဖြစ်ဖြစ် အွန်လိုင်းကနေ စကားပြော၊ မပြောရင် ဖုန်းဆက်နေကျဆိုတာ့ စာလာတော့ အံ့သြမိတာအမှန်ပဲ။ အိမ်ပေါ်မတက်နိုင်သေးပဲ သိချင်စိတ်နဲ့ စာလေးကို ဖောက်လိုက်မိတယ်။

စာလေးရဲ့ အစမှာတင် မေမေ့ရဲ့ "သမီး" ဆိုတဲ့ စကားလုံးလေးကို မြင်လိုက်ရတော့ မျက်ရည်က အလိုလို ၀ဲလာမိတယ်။ မေမေ့စာထဲက အဓိက အကြောင်းကတော့ သားလေး အကြောင်းပေါ့။ သားက သူ့အမေဆီကို စာရေးချင်တယ် ဆိုလို့ မေမေက ဒီစာလေးကို ရေးလိုက်ရတာတဲ့လေ..။ မေမေရေးတဲ့ စာလေးကို ဖတ်ရင်း သားလေးကို လွမ်းတဲ့စိတ်က တားမရ စီးမရပေါ့..။ မေမေကတော့ ကျမအတွက် မှာနေကျ စကားလုံးတွေနဲ့ စာဖွဲ့ထားပေးပါတယ်။

မေမေ့ လက်ရေးလေးတွေ အောက်မှာတော့ သားလေးရဲ့ တလုံးချင်းစီ မညီမညာ လက်ရေးလေး..။ "သားသား သတိရတယ် မေမေ" တဲ့... စာလုံးလေးတွေက ကျမရင်ထဲက နှလုံးသားကို စွဲလှုပ်လိုက်ပါပြီ...။ သားလေးက ကျမကို သတိရကြောင်း ဖုန်းပြောတိုင်း ပြောတတ်ပေမယ့် အခုစာထဲက အကြောင်းအရာလေးကိုတော့ သူအခုမှ ပြောတာပါ။ သားလေး ရေးထားတဲ့ အကြောင်းလေးက သူ ကျမကို အရမ်း သတိရတယ်ဆိုတဲ့ အကြောင်းလေးပါ...။ သားလေးက ကျောင်းတက်၊ ကျောင်းဆင်းချိန်ရောက်ရင် အမေကို ပိုပြီး သတိရတယ်တဲ့လေ..။ သူငယ်ချင်းတွေက မိဘတွေ လိုက်ပို့ လိုက်ကြိုတာတွေ မြင်ရရင် မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတယ် မေမေတဲ့။ သားက ဖိုးဖိုးကြီးနဲ့ ကျောင်းသွားရတာကို ပျော်ပါတယ်။ ဒါပေမယ့် မေမေနဲ့ ဖေဖေနဲ့လည်း တခါတလေ ကျောင်းသွားချင်တာပေါ့ ဆိုပြီး ရေးထားတယ်..။ စာလေးရဲ့ အောက်ဆုံးမှာ "မေမေ့ကို ချစ်တဲ့ သားသား" တဲ့...။

သားလေးရဲ့စာကို ဖတ်ပြီး ကျမ မျက်ရည်ကျရပါပြီ..။ သားလေးက အဖေနဲ့ အမေ မေတ္တာကို အချိန်ပိုင်းလေး လောက်ပဲ ရခဲ့တာလေ...။ ကျမနဲ့ သူနဲ့ ကလည်း တနိုင်ငံစီ အလုပ်လုပ်နေကြရတာ ဆိုတော့ သားလေးကို အဖိုး၊ အဖွားတွေနဲ့ပဲ ထားခဲ့ရတာ။ ကျမ တနှစ်တခါတော့ ပြန်ဖြစ်တဲ့ အချိန်လေးမှာ သားလေးနားမှာ အချိန်ပြည့် နေခဲ့ပါတယ်။ သူကတော့ (၂) နှစ် (၃) နှစ်နေမှ တခါသာ ပြန်လာနိုင်တယ်။ သားက အသက်ငယ်သလောက် လူရိပ်လူကဲ အရမ်းကို နားလည်တဲ့ ကလေးပါ။

သားလေးက အခုဆိုရင် (၈) နှစ်ကျော်ပြီဆိုတော့ သိတတ် နားလည်နေပြီလေ..။ အဖိုးနဲ့ အဖွားကိုလည်း သူ့ကို ချစ်အောင် နေတတ်တယ်။ မေမေနဲ့ဖေဖေကလည်း သူတို့မြေးလေးက မြေးဦးဆိုတော့ သားသမီးလို မြေးလို နှစ်မျိုးပေါင်းပြီး ချစ်နေရတာပါ..။ မိဘကို လွမ်းရင် စာရေးပြီး သူ သတိရကြောင်းလေး ပြောတတ်ပေမယ့် အခုလို ကျောင်းသွားရင် မိဘတွေကို သတိရတဲ့ စာမျိုးလေးကတော့ ပထမဆုံး အကြိမ် ကျမဖတ်ရတဲ့ စာလေးပါ...။

စာလေး ဖတ်ပြီးပြီးချင်းပဲ ကျမ သားလေးဆီ ဖုန်းခေါ်ဖြစ်ခဲ့တယ်လေ...။ သားက ဖုန်းထဲမှာတော့ အမေကို ရီပြီး စကားတွေ ပြောနေလိုက်တာ...။ "သားလေးရဲ့စာကို မေမေ ဖတ်ပြီးပြီနော် သားလေး" လို့ ပြောလိုက်တော့ သားက ကျမကို ... "မေမေနဲ့ ဖေဖေ ပြန်လာရင် သားကို တူတူ ကျောင်းလိုက်ပို့ပါနော်" တဲ့လေ...။ "အင်းပါ ... သားရယ် မေမေရော ဖေဖေပါ အတူတူ လိုက်ပို့မှာပေါ့" လို့.. ပြန်ပြောလိုက်ပေမယ့် ပါးပြင်ပေါ်ကို ပူနွေးစွာ စီးကျလာတဲ့ မျက်ရည်တွေကို ကျမ မသုပ်ချင်တော့ဘူး...။ သားလေးနဲ့ ဖုန်းပြောပြီး သူရှိနေတဲ့ နိုင်ငံဆီကို ဒီအကြောင်းလေး ဖုန်းဆက်ပြီး ပြောဖြစ်လိုက်တယ်။ သူလည်း စိတ်မကောင်း ဖြစ်သွားတယ်...။ ကျမနဲ့သူနဲ့ လာမယ့် သင်္ကြန်ကာလလေးကို ခွင့်နဲ့ပြန်လို့ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်မိတယ်..။

မိသားစုတွေ တကွဲတပြားနဲ့ နေရတဲ့ ခံစားမှုတွေကို ကျင့်သားရနေပေမယ့် သားလေးဆီက စာကြောင့် ကျမရဲ့ ရင်ထဲမှာ ခံစားချက်တွေ အသစ်ပြန်ဖြစ်သွားတယ်။ အမှန်တော့ မိသားစုတွေရဲ့ စီးပွားရေးတွေကြောင့် ဆန္ဒနဲ့ လက်တွေ့ဘ၀ကို ခွဲခြားထားခဲ့ရတာပါ..။ ရောင့်ရဲ တင်းတိမ်မှု မရှိလို့ မဟုတ်ပေမယ့် မိသားစုဘ၀ အခြေခိုင်ခိုင်နဲ့ ရပ်တည်နိုင်ဖို့က သင့်တင့်တဲ့ ငွေကြေးတော့ လိုအပ်ပါတယ်။ ကျမတို့လို ခွဲခွါနေရတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိမလဲ မသိဘူးနော်...။ ကျမတို့ မိသားစု တနေ့မှာတော့ အတူတကွ နေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, February 19, 2010

OJT အလွမ်းပြေ

ကျမတို့ သင်တန်းတွေပြီးလို့ သင်တန်းကျောင်းတွေမှာ အလုပ်သင်အဖြစ် (၆)လ ဆင်းပေးရတယ်။ ကျောင်းမှာတော့ On Job Training (OJT) လို့ပဲ ခေါ်ကြတယ်။ အဲဒီအထဲကမှ ပြန်ရွေးချယ်ပြီး ဆရာ၊ ဆရာမအဖြစ် ပြန်ခန့်တာပေါ့။ အတူတူ သင်တန်းဆင်းတဲ့ အထဲမှ မြန်မာနိုင်ငံ မြို့ပေါင်းစုံ နယ်ပေါင်းစုံက သူငယ်ချင်းတွေလည်း ပါတာပေါ့လေ။ တပတ်ကို ကိုယ့်ရဲ့ ဂျူတီက (၂) ရက်ကျတယ်။ အဲဒီ (၂) ရက်က မနက် (၇)နာရီကနေ ည (၉) နာရီအထိ ကျောင်းသော့ဖွင့်ရတဲ့ အချိန်ကနေ သင်တန်းတွေအားလုံး ပြီးသွားတဲ့ အထိပေါ့။ ဂျူတီကျတဲ့ ရက်မျိုးဆိုရင် ဘယ်သူမှ နောက်မကျရဲကြဘူး။ ဒီ (၆)လတာ ကာလက တကယ့် အရေးကြီးပဲလေ။ အဲဒီအချိန်တွေတုန်းက လခဆိုတာ မရပေမယ့် သင်တန်းသားတွေ ဆရာတွေနဲ့ စာသင်လိုက်၊ အတန်းတွေပြီးသွားရင် မုန့်သွား စားလိုက်ကြနဲ့ ပျော်စရာ အချိန်တွေပါပဲ။

မိန်းကလေးတွေက နေ့ဂျူတီယူရပြီး ယောကျာင်္းလေးတွေကတော့ နေ့နဲ့ည တလှည့်စီ ယူရတယ်။ ညဘက်ဆိုတော့ ကျောင်းမှာပဲ စောင့်အိပ်ရတာမျိုးပေါ့။ တချို့နယ်က ယောကျာင်္းလေးတွေကိုတော့ သက်ဆိုင်ရာ ဆရာတွေက နားလည်မှုနဲ့ ကျောင်းအပေါ်ထပ်မှာပဲ အခန်းပေးထားတယ်။ ကျမတို့ အဖွဲ့ထဲက ယောကျာင်္းလေး သူငယ်ချင်း တစ်ယောက်က အညာဘက် ပခုက္ကူ မြို့ကပေါ့။ သူက စကားပြောရင် အညာလေသံလေးနဲ့ ကျမတို့ကလည်း အညာဓလေ့ စကားတွေကို မသိတော့ အထူးအဆန်းတွေကို ဖြစ်လို့။ နားထောင်လို့ကောင်းသလို သူကို ဘယ်လောက် စစလည်း စိတ်မဆိုးတတ်ဘူး။

တရက်တော့ ကျမတို့ စာသင်ချိန်တွေ ပြီးသွားလို့ ညဘက် ရုပ်ရှင်သွားကြည့်ကြမယ်ဆိုပြီး သူ့ကိုပါ ခေါ်တာပေါ့။ သူက ပြန်ပြောလိုက်ပုံက "ငါ ... မနက်ဖြန်ခါ...မနက်ကြီး ...ကျရင် ဂျူတီ.. တဲ့" ကျမတို့လည်း ရုပ်တရက်ဆိုတော့ ကြောင်သွားတာပေါ့။ နောက်မှ သဘောပေါက်ပြီး ရီလိုက်ကြရော...။ (အညာလေးသံလေးနဲ့ ဖတ်မှ ရီရမှာနော်) သူက မနက်ဖြန်မနက် စောစော ဂျူတီကို ပြောတာလေ...။ အဲဒီကတည်းက သူ့နာမည် အရင်းပျောက်ပြီး "မနက်ဖြန်ခါ မနက်ကြီး" ဖြစ်သွားရော..။

နောက်တယောက်က မိန်းကလေး သူငယ်ချင်း။ သူကလည်း ခင်စရာကောင်းပြီး ထမင်း၊ ဟင်းချက်လည်း အရမ်းကောင်းတယ်။ ချက်လာသမျှ ဘာစပ်သလဲ မမေးနဲ့ ငြုပ်သီးစိမ်းတွေချည်းပဲ။း) တရက်တော့ သူက နားတဲ့ရက်မှာ အညာမုန့်ဟင်းခါး ချက်ကျွေးမယ် အတန်းတွေပြီးရင် သူ့အိမ်မှာ လာစားကြပါတဲ့။ ကျမတို့ သူငယ်ချင်းတွေလည်း မုန့်ဟင်းခါးဆို တအားကြိုက်လေ။ ဒီတော့ အတန်းပြီးတာနဲ့ သူ့အိမ်ကို တန်းပြေးကြတာပေါ့။ သူတို့ အညာ မုန့်ဟင်းခါးက မုန့်ဖတ်က နန်းကြီးလုံးလောက်ရှိတယ်။ အရည်ကလည်း ပဲဟင်းနဲ့တူတူပဲ တော်တော် ပြစ်ပြစ်လေး ချက်ထားတာ ငှက်ပျောအူတွေ ကြက်သွန်တွေလည်း မပါဘူး။

သူကတော့ သူငယ်ချင်းတွေကို စားကောင်းအောင် အညာဝက်အူချောင်း ကြော်တွေလည်း ထည့်ပေးထားတယ်။ အညာဝက်အူချောင်းက တိုတိုတုတ်တုတ်လေးနဲ့ အသားတွေချည်းပဲ။ မုန့်ဟင်းခါးထဲကို ၀က်အူးချောင်းကြော် ထည့်စားရတာ အဲဒီတခါပဲ ကြားဘူးတာလေ။ စားကြမယ်ဆိုပြီး သူက ပြင်ပေးတော့မှ တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထူးဆန်းနေကြတယ်။ တခါမှလည်း မစားဘူးကြတော့ စားရမှာ သိပ်မရဲကြဘူး။ သူကလည်း သိတယ် ထင်တယ် စားနိုင်သလောက်ပဲ စားပေါ့ နင်တို့မစားဘူးတာ သိလို့ ငါက ချက်ကျွေးတာတဲ့။ ဒီတော့လည်း ဗိုက်ကဆာဆာနဲ့ ဆွဲလိုက်ကြတာ တစ်ယောက် (၂)ပွဲပေါ့..။ ဒါတောင် သိပ်မကြိုက်လို့တဲ့..။း) အဲဒီကစလို့ သူ့ကိုလည်း အားလုံးက နာမည်ကို အဖျားစွတ်ခေါ်ပြီး "အ၀င်းမုန့်ဟင်းခါး" ဆိုပြီး နာမည်ပေးလိုက်ကြပါရော..။း) တကယ်လည်း အညာမုန့်ဟင်းခါးက စားလို့ကောင်းခဲ့ပါတယ်။

သူ့ဒေသနဲ့သူ စကားအပြောအဆို လေယူလေသိမ်းတွေ မတူကြသလို အစားအသောက် တွေကလည်း ဒေသတခုနဲ့တခု ကွဲပြားကြတာပဲလေ။ ဒါပေမယ့် အားလုံးကတော့ တနိုင်ငံထဲမှ နေကြတဲ့ ညီအကို မောင်နှမတွေရင်းတွေလိုပါပဲ။ တွေ့ခဲ့ကြုံခဲ့ ခင်မင်ခဲ့တဲ့ အခိုက်အတန့်လေးမှာ တကယ့်ကို ပျော်စရာကောင်းတဲ့ ဘ၀လေးတွေပေါ့။

မနက်က OJT အတူတူ ဆင်းခဲ့တဲ့ သူငယ်ချင်းနဲ့ အွန်လိုင်းမှာ တွေ့လိုက်လို့ အရမ်းဝမ်းသာပြီး ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောဖြစ်ခဲ့ကြတယ်။ သူငယ်ချင်းက တွေ့တွေ့ချင်း စမေးလိုက်တာက "မနက်ဖြန်ခါ မနက်ကြီး မိန်းမရသွားပြီ"... နင်သိလားတဲ့။ သူမေးလိုက်တော့မှ သတိရပြီး ရီချင်သွားတယ်။ ဒါကြောင့် အမှတ်တရ ဖြစ်ခဲ့တဲ့ အညာက သူငယ်ချင်းတွေ အကြောင်းလေးကို ပိုစ့်လေးရေးလိုက်မိတာပါ။ အဝေးရောက် OJT တုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ကျေးဇူးရှိခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဒီပိုစ့်လေးနဲ့ သတိတရ နှုတ်ဆက်လိုက်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ